
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၄.၇.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမင်းဦးမှ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်က လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။၎င်းနောက် ကြယ်ပွင့်ပြမေးခွန်း(၁၅)ခုကို လွှတ်တော်ကိုယ်စား လှယ်(၁၀) ဦးကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၆)ဦးနှင့် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့က ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော် ကိုယ်စားလှယ် မရှိသည့်အတွက် ယင်းဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက် ရယူ၍ လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။ ထို့နောက် ယင်းဥပဒေကြမ်း တစ်ရပ်လုံးအား လွှတ်တော်တွင် အတည်ပြုပေးရန် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက အဆိုတင်သွင်းပြီး ရေစကြိုးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဟန်ကထောက်ခံ ဆွေးနွေးခဲ့ကာ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ကံမမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းမှ ဖတ်ကြားတင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၁၂း၂၀)နာရီ အချိန် တွင် ရပ်နားကြောင်းနှင့် အဌမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (ဗုဒ္ဓဟူးနေ့) (၁၀း၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။