ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဌမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဌမနေ့ကို (၅.၇.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။ ထို့နောက်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဆိုပြုလာသော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမင်းဦး၏ အမည်စာရင်းအား တင်သွင်းရာ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ယခုအမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာပါသည်။ ဆက်လက်၍ ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့် အတွက် လွှတ်တော်၏ သဘောတူညီချက် ရယူ၍ လွှတ်တော်ကအတည်ပြုကြောင်းကြေညာကာ သဘော တူညီချက်ကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က ဆွေးနွေးခဲ့ပြီး အစီရင်ခံစာနှင့်စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းအစီရင်ခံစာအားလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။။၎င်းနောက် ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို လွှတ်တော်ကိုယ်စား လှယ်(၄) ဦးကမေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၂)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီ ဥက္ကဌ ရေစကြိုမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းမှ ဖတ်ကြားတင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်နိုင်ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌက ကြေညာပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲမြင့်အစား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးထွန်းမြင့်လတ်အား မကွေးတိုင်းဒေသကြီးလွှတ်တော် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီအဖွဲ့ဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမြင့်သီဟအစား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲမောင်အား မကွေးတိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအဖွဲ့ဝင်အဖြစ် လည်းကောင်း အစားထိုး တာဝန်ပေးအပ်မှုအားလွှတ်တော်၏ အတည်ပြုချက်ရယူ၍ ကန့်ကွက်သူမရှိသဖြင့် လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အဌမနေ့ကို (၁၁း၃၅)နာရီ အချိန် တွင် ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၆ ရက် (ကြာသပတေးနေ့) (၁၃း၀၀)နာရီ အချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။