ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ကို (၆.၇.၂၀၁၇) ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၀)ဦးတက်ရောက်၍ (၈၈.၂၄)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာအား ကော်မတီအဖွဲ့ဝင် တောင်တွင်းကြီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းထွန်းမှ တင်သွင်းခဲ့ပြီး တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးခဲ့ကာ (၁၃း၄၀)နာရီအချိန်တွင် အစည်းအဝေးအား ခေတ္တရပ်နားကြောင်းနှင့် (၁၆း၂၀) နာရီတွင်အစည်းအဝေးအား ပြန်လည်စတင်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

မကွေးတိုင်းဒေသကြီးလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့အား(၁၆း၂၀)နာရီတွင် ပြန်လည် ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးအပ်ရန် အဆိုပြုလာသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမင်းဦးမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဥက္ကဌ၏ရှေ့မှောက်တွင် ကတိသစ္စာ ပြုဆောင်ရွက်ခဲ့ပါသည်။

ယင်းနောက်ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပ ပြီးစီးကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပြီး နဝမနေ့အစည်းအဝေးကို(၁၆း၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။