
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၂၉.၉.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၁)ဦးတက်ရောက်၍ (၈၉.၇၁)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ချောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်စန်းစန်းဝင်းက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ အကောင်အထည် ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာနှင့် ဘတ်ဂျက်ရန်ပုံငွေ လုံလောက်စွာရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ ဆောင်ရွက်နိုင်ရေး တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ ရေနံချောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို (၁၁း၁၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဆဌမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် (တနင်္လာနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။