
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို (၂.၁၀.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၅၉)ဦးတက်ရောက်၍ (၈၆.၇၆)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ သရက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မိုးအောင်က မူကြိုကျောင်းများကို တိုင်းဒေသကြီးတွင် ပိုမိုဖွင့်လှစ်ပေးနိုင်းရေးနှင့် မူကြိုကျောင်းများ၏ အရည်အသွေး ပိုမိုတိုးတက်ပြီး မူကြိုဆရာ၊ ဆရာမများ၏ အသက်မွေးဝမ်းကျောင်း. မြင့်မားရေးကို အထူးကိစ္စ တစ်ရပ်ဖြင့် ဆောင်ရွက်ပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကိုလွှတ်တော်သို့တင်သွင်းခဲ့ရာ ရေနံချောင်း မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန်သဘောတူခဲ့သည့်အတွက်အဆိုနှင့်စပ်လျဉ်း၍
ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဌ၊ ရေစကြိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်သောင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ စည်ပင်သာယာရေးအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆို/မေးခွန်းအား လုပ်ကိုင်ဆောင်ရွက်နေမှုများ၊ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများတွင် အတည်ပြုပြဌာန်းခဲ့သော ဥပဒေများနှင့်စပ်လျဉ်း၍ နည်းဥပဒေများ ဆောလျင်စွာ ထွက်ရှိနိုင်ရေးကိစ္စတို့နှင့် စပ်လျဉ်းပြီး ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို (၁၁း၃၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် သတ္တမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၃ ရက် (အင်္ဂါနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။