ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၉.၁၀.၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြု လုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၀)ဦးတက်ရောက်၍ (၈၈.၂၄)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝးဆဋ္ဌမနေ့တွင် သရက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မိုးအောင်တင်သွင်းသည့် မူကြိုကျောင်းများကို တိုင်းဒေသကြီးတွင် ပိုမိုဖွင့်လှစ်ပေးနိုင်းရေးနှင့် မူကြိုကျောင်းများ၏ အရည်အသွေး ပိုမိုတိုးတက်ပြီး မူကြိုဆရာ၊ ဆရာမများ၏ အသက်မွေးဝမ်းကျောင်း. မြင့်မားရေးကို အထူးကိစ္စတစ်ရပ်ဖြင့် ဆောင်ရွက်ပေးရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၅)ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး (၁)ဦးက ကန့်ကွက်ဆွေးနွေးခဲ့ကာ သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့၍ အဆိုရှင်၏ သဘောထားရယူကာ လွှတ်တော်ကအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဆက်လက်၍ အစည်းအဝေး ဆဋ္ဌမနေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဌ၊ ရေစကြိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးတင်သောင်းတင်သွင်းခဲ့သော တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ စည်ပင်သာယာရေးအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆို/မေးခွန်းအား လုပ်ကိုင်ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး သက်ဆိုင်ရာကော်မတီဝင်များ၊ အဆိုနှင့်မေးခွန်းရှင်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး “ ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပြွန်စွာ မဆောင်ရွက်ခြင်းကြောင့် “ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးအား လွှတ်တော်တွင် မှတ်တမ်းတင်သတိပေးထားရှိမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာပါသည်။

ထို့နောက် ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးများတွင် အတည်ပြု ပြဌာန်းခဲ့သော ဥပဒေများနှင့်စပ်လျဉ်း၍ နည်းဥပဒေများ ဆောလျင်စွာထွက်ရှိနိုင်ရေးကိစ္စတို့နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးဥပဒေချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ယင်းအဆိုအား တင်သွင်းခဲ့သူ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မျိုးဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၂း၅၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် (အင်္ဂါနေ့) (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။