
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကို (၈.၁.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်မှ ကတိသစ္စာပြုခြင်း ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၄)ဦးတက်ရောက်၍ (၉၄.၁၂)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၆)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ဆောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်မြင့်က မြန်မာ့အားကစားရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေမှ မြို့နယ်အသီးသီးကို အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရန် အားကစားရန်ပုံငွေအဖြစ် ချထားပေးသင့်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှ ဦးသိန်းလှက ထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ကို (၁၁း၃၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် (အင်္ဂါနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။