ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၉.၁.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၅.၅၉)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့မြေနှင့် ကျေးရွာမြေ များတွင် မြို့မြေတိုးချဲ့ရာတွင်လည်းကောင်း၊ ကျေးရွာမြေတိုးချဲ့ရာတွင်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လယ်ယာမြေဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက ထောက်ခံဆွေးနွေးခဲ့ပြီး၊ သရက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင် တစ်ဦးသာ ကန့်ကွက်ဆွေးနွေးခဲ့ရာ ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁း၄၇)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။