ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၈) ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်အရေးပေါ်အစည်းအဝေး

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၂/၂၀၁၈)ကို (၂၄.၄.၂၀၁၈) ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၂.၅၄)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် နိုင်ငံတော် သမ္မတမှ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးပို့လာသည့် ဝန်ကြီးဌာနအလိုက် ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်သို့ဖတ်ကြားတင်ပြခဲ့ပြီး ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ မကွေးတိုင်းဒေသကြီးလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါသည်။
ထို့နောက် ခန့်အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ဝန်ကြီး(၂)ဦးဖြစ်သော ဦးဝင်းမော်ဋ္ဌေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဦးမြင့်ဆွေ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့မှ လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၈) အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို (၁၀း၁၅) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။