
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၁.၁.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၈)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၁.၁၈)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၂)ခုကို လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး ဒုတိယနေ့တွင် မကွေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့မြေနှင့် ကျေးရွာမြေများတွင် မြို့မြေတိုးချဲ့ရာတွင်လည်းကောင်း၊ ကျေးရွာမြေတိုးချဲ့ ရာတွင်လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ လယ်ယာမြေဥပဒေပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆)ဦးမှ အဆိုကိုအတည်ပြုပေးရန် ထောက်ခံ ဆွေးနွေးပြီး (၂)ဦးမှ အဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှလည်း မှတ်တမ်းအဖြစ်သာထားရှိရန် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အဆိုရှင်၏ သဘောထားကိုရယူ၍ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကိုအတည်ပြုရန် ဆန္ဒပြုသူ (၃၄)ဦး၊ အဆိုကို မှတ်တမ်းတင်ထားရှိရန် ဆန္ဒပြုသူ (၂၇)ဦးရှိပါသဖြင့် လွှတ်တော်၏ အတည်ပြုချက်ရယူကာ လွှတ်တော်မှ အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၁၂း၂၅)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ပဉ္စမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် (သောကြာနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။