ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၇.၁.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၀)ဦးတက်ရောက်၍ (၈၉.၅၅)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး ဆဋ္ဌမနေ့တွင် ဆောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်မြင့်က မကွေးတိုင်းဒေသကြီးအတွင်းရှိ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ စေတုတ္တရာမြို့နယ်တို့တွင် နေထိုင်လျက်ရှိသော ပျူမျိုးနွယ်စုခေါ် တောင်သားလူမျိုးများအား မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု (၁၃၅)မျိုးစာရင်းတွင် လူမျိုးအမည်၊ Code နံပါတ်ရရှိရန် စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ အလုပ်အကိုင်တို့ကို စိစစ်လေ့လာဆန်းစစ်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလျက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရ အဖွဲ့သို့ ဆက်လက်တင်ပြပေးရန် တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၃)ဦးမှ အဆိုကိုအတည်ပြုပေးရန် ထောက်ခံဆွေးနွေးပြီး (၃)ဦးမှ အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန်ဆွေးနွေးခဲ့ရာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးမှလည်း အဆိုကိုအတည်ပြုပေးရန် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အဆိုရှင်၏ သဘောထားကိုရယူ၍ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကိုအတည်ပြုရန် ဆန္ဒပြုသူ (၂၀)ဦး၊ အဆိုကို မှတ်တမ်းတင်ထားရှိရန် ဆန္ဒပြုသူ(၃၉)ဦး ရှိပါသဖြင့် လွှတ်တော်၏ အတည်ပြုချက်ရယူကာ လွှတ်တော်မှ မှတ်တမ်းအဖြစ်သာထားရှိရန် အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၂း၀၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် နဝမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက် (ကြာသပတေးနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။