
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက် နေ့ကို (၂၂.၁.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၇)ဦး တက်ရောက်၍ (၁၀၀)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်(၉)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဆင်ပေါင်ဝဲမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို
(၁၁း၂၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် (အင်္ဂါနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဋ္ဌက ကြေညာပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။