ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၂)ရက်မြောက် နေ့ကို (၂၃.၁.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌စတင်ကျင်းပပြုလုပ်ခဲ့ရာမကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ် များ တက်ရောက်ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၈.၅၁)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို လွှတ်တော်ကိုယ်စားလှယ်

(၈)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးနှင့် တရားသူကြီးချုပ်တို့မှ ပြန်လည် ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက လွှတ်တော်သို့ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်မိုးအောင်က ဆွေးနွေး အကြံပြုခဲ့မှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးက ပြန်လည်ဆွေးနွေးရန် မရှိပါကြောင်း ပြောကြားခဲ့ကာ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ အစီရင်ခံစာပါ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင် (သို့မဟုတ်) ပုဂ္ဂိုလ်မှ တာဝန် ပေးအပ်ခြင်းခံရသူ မကွေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းစိုးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ အစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် နောင်တွင် အစီရင်ခံစာ၌ပါရှိသော အလားတူဖြစ်စဉ်မျိုး မဖြစ်စေရေး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဆင်ပေါင်ဝဲ မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးကျော်လွင်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ဆောင်ရွက်နိုင်ရေး ပေးပို့ သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး အောင်မြင်စွာ ပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး (၁၂)ရက်မြောက်နေ့ အစည်းအဝေးကို (၁၂း၀၅)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။