ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ မိန့်ခွန်း
မိန့်ခွန်းများအားလုံးမင်္ဂလာပါခင်ဗျား။ လေးစားအပ်တဲ့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော် အရာရှိကြီးများအားလုံး မင်္ဂလာပါခင်ဗျာ။ ကျွန်တော့်ကို မကွေးတိုင်းဒေသကြီး အစိုးအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီးက အမည်စာရင်းတင်သွင်းတဲ့နေရာမှာ မကွေးတိုင်းဒေသကြီးလွှတ်တော်က လက်ခံအတည်ပြု ပေးတဲ့အတွက် အားလုံးကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ၁၉၈၈ ခုနှစ် သမိုင်းဝင် ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း မိမိမြို့နယ်အတွင်းမှာရှိတဲ့ နိုင်ငံတော်ပိုင်ပစ္စည်းတွေ၊ ပြည်သူပိုင်ဘဏ္ဍာတွေ လေလွင့်ဆုံးရှုံးခြင်း မရှိရလေ အောင် တတ်နိုင်သမျှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့တဲ့ လုပ်ရပ်ကြောင့် ထောင်ချခံရသူ အဖမ်းခံဖက်၊ ဒုက္ခရောက်ဖက်၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦး ကို ယခုကဲ့သို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ အကြီးအကဲအဖြစ် ပြန်လည် တွေ့မြင်ရတဲ့အတွက် မကွေးတိုင်းဒေသကြီး ပြည်သူအားလုံးအတွက် အားရ ဝမ်းသာရှိလှပါကြောင်း ပြောကြားပါရစေ။ ကျွန်တော်တို့ သပိတ်ကာလအတွင်းမှာ မြို့နယ်သမအသင်းမှာရှိတဲ့ စက်ဘီတွေ၊ မောင်မြန်မာစက်ဘီးတွေ၊ လေလွင့် ပျက်စီးဆုံးရှုံးမှုမရှိရလေအောင် တတ်နိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်၊ သတ်မှတ်တဲ့ စျေးအတိုင်းရောင်းတယ်၊ ရောင်းပြီးတော့မှ နိုင်ငံတော်ဘဏ္ဍာငွေ ပြန်သွင်းခဲ့ပါတယ်။ သို့သော်လည်းဘဲ ဒီလုပ်ရပ်ကြောင့် အပြစ်ပေးခြင်းခံရတာ ဒါကို ကျွန်တော်ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်။ အဲဒီလိုလုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို အခုလို အကြီးအကဲရှေ့ ပြန်လည်မြင်တွေ့ရတဲ့ အတွက်လည်းပဲ အများကြီးအားရဝမ်းသာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ။ မကွေးတိုင်းဆိုတာ ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၊ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ် အောင်ဆန်း၊ လွတ်လပ်ရေးဗိသုကာအမျိုးသားခေါင်းဆောင် သခင်အောင်ဆန်းရဲ့ ဇာတိချက်မြှုပ်ဖြစ်တာနဲ့အညီ မကွေးတိုင်းဇာတိဖြစ်တဲ့ ကိုယ်စားလှယ်တော်ကြီးများအားလုံး မကွေးတိုင်းအစိုးရအဖွဲ့ဝင်အားလုံးဟာလည်း မကွေးတိုင်းပြည်သူလူထုအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ရိုးသားဖြောင့်မတ်စွာ အလုပ်အကျွေးပြုကြမယ်ဆိုတာ ယုံကြည်မျှော်လင့်တဲ့အကြောင်းလည်း ပြောကြားလိုပါတယ်။ လွှတ်တော်နဲ့အစိုးရဆိုတာဟာ ညှိုးသူရန်ဘက်သားများ မဟုတ်ကြပါဘူးခင်ဗျာ။ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ မကွေးတိုင်းဒေသကြီးရဲ့ အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ပါမယ်ဆိုတာကိုလည်းပဲ ပြောကြားလိုပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရဖွဲ့စည်းရေးနဲ့ပတ်သက်ပြီးတော့ အနည်းငယ်ရှင်းလင်း တင်ပြလိုပါတယ်။ ခရိုင်အသီးသီးမှာရှိတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ ဝါရင့်အဖွဲ့ချုပ် အဖွဲ့ဝင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီးတော့ ရရှိတဲ့ စာရင်းဇယားကို ဗဟိုကို တင်ပြရပါတယ်။ ဗဟိုရဲ့ညွှန်ကြားချက်များအတိုင်း ကျွန်တော်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ကိုယ်စားပြုတဲ့ လူမှုဝန်ကြီးဌာနကို လောလောဆယ်အားဖြင့် ထည့်သွင်းဖွဲ့စည်းခြင်းမပြုရန် ညွှန်ကြားချက်အရ မကွေးတိုင်းအစိုးရအဖွဲ့မှ အဆိုပါဝန်ကြီး ဌာနကို လောလောဆယ်အားဖြင့် ထည့်သွင်းဖွဲ့စည်းခြင်းမပြုရပါဘူး။
၂၀၁၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ နေ့ခင်းမှာ ဗဟိုက ညွှန်ကြားချက်အသစ် ထပ်ရောက်လာပါတယ်။ အဲဒီ ညွှန်ကြားချက်အတိုင်းဘဲ ကျွန်တော် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ကိုယ်စားလှယ်(၃)ဦး အစိုးရအဖွဲ့မှာထည့်ပြီးတော့ ရွေးချယ်တင်မြှောက်ခြင်းမခံရတဲ့သူ (၂)ဦးထည့်ပြီးတော့ ဖွဲ့ပါဆိုတဲ့ ညွှန်ကြားချက်အရ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ပုဂ္ဂိုလ်က ဇနီးဖြစ်သူရဲ့ မျက်စိခွဲနေတဲ့အတွက်ကြောင့် ကျွန်တော်တိုင်ပင်ညှိနှိုင်းဖို့ အဝေးမှာရောက်နေပါတယ်။ ဒါကြောင့် ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးဇော်မျိုးဝင်းနဲ့ တိုင်ပင်သင့်တာတိုင်ပင်၊ ဆွေးနွေးသင့်တာ ဆွေးနွေး၊ မေးမြန်းသင့်တာမေးမြန်းပြီးတော့ ဗဟိုညွှန်ကြားချက်အတိုင်းပဲ မကွေးတိုင်း အစိုးရဖွဲ့စည်းရေးကို တင်ပြခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများ၊ တပ်မတော်အရာရှိကြီးများ ခင်ဗျာ။ အလျဉ်းသင့်တုန်း ၁၉၆၂ ခုနှစ်နောက်ပိုင်း ကျွန်တော်တို့ အရပ်သားအစိုးရ အမွေဆက်ခံလိုက်ရတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ လက်ရှိပကတိ အခြေအနေကို မပြောမပြီး မတီးမမြည် ဆိုတဲ့အတွက်ကြောင့် ကျွန်တော်အနည်းငယ်ဆွေးနွေးတင်ပြ လိုပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကျင့်ပျက်ချစားမှု အဆိုးရွာဆုံးနိုင်ငံ (၂၀)မှာ ပါဝင်လျက်ရှိပါတယ်။ တရားဥပဒေစိုးမိုးမှုညွှန်းကိန်းအရ ကမ္ဘာပေါ်မှာ တရားဥပဒေစိုးမိုးမှု အနိမ့်ကျဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါဝင်နေဆဲဖြစ်ပြီးတော့ ကျောင်းပညာသင်ကြားနိုင်ခြင်းမရှိဘဲနဲ့ တဝမ်းတခါးအတွက် လမ်းပေါ်မှာ ရှာဖွေစားသောက်နေတဲ့ ကလေးသူငယ်စုစုပေါင်းဟာ (၉)သောင်းခန့်ရှိတယ်လို့ ယူနစ်စကို ကိန်းဂဏန်းများအရ သိရပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် နောက်ဆုံးမှတ်တမ်းများအရ (HDI)ခေါ်တဲ့ လူသားဖွံ့ဖြိုးမှုညွှန်းကိန်းများကို ကြည့်မယ်ဆိုရင်လည်းပဲ မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံများ၏ နောက်အဆင့်(၁၅၀)မှာရှိပြီးတော့ ၁၉၈၈ ခုနှစ် တပ်မတော်အာဏာသိမ်းခဲ့စဉ်က အတိုင်းပဲ ဖွံ့ဖြိုးမှုအနိမ့်ဆုံးအဆင့်မှာဘဲ ရှိနေဆဲဖြစ်ပါတယ်။ အာရှမှာ ဒုတိယအဆင်းရဲဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးရဲ့ မှတ်တမ်းများအရ ကမ္ဘာပေါ်ရှိနိုင်ငံများအနက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အညံ့ဖျင်းဆုံးထဲမှာ ပါဝင်တယ်လို့ တင်ပြရတာဖြင့် ဆရာဝန်တစ်ယောက်အနေနဲ့ လွန်စွာမှ ရှက်မိပါတယ်။ နိမ့်တာတွေပဲပြောနေတာ မြင့်တာတွေလည်းရှိပါသေးတယ်။ မြင့်တာက ဘာလည်းဆိုတော့ ကမ္ဘာပေါ်မှာ သစ်တောပြုန်းတီးမှုအများဆုံး အလျင်မြန်ဆုံးနိုင်ငံထဲမှာ ကျွန်တော်တို့ နိုင်ငံ ပါနေပါတယ်။ ၂၀၁၆ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ နိုင်ငံတကာပျော်ရွင်မှုနေ့မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့် (၁၁၉)ဖြင့် ပျော်ရွှင်မှုအနည်းဆုံးနိုင်ငံများ အုပ်စုမှာ ပါဝင်နေတယ်လို့ ကုလသမဂ္ဂ မှတ်တမ်းများအရ သိရပါတယ်ခင်ဗျာ။ ဘယ်လိုပဲ ကျွန်တော်တို့နိုင်ငံ ဆင်းရဲမွဲတေစေကာမူ၊ အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ အချက်ကတော့ တစ်ဦးချင်းတစ်ယောက်ချင်းဝင်ငွေပေါ်ကြည့်ပြီးတော့ နိုင်ငံရဲ့ ဝင်ငွေပေါ်မှာ ကြည့်ပြီးတော့ တွက်မယ်ဆိုလို့ရှိရင် ကမ္ဘာပေါ်မှာ ပေးကမ်းလှူဒါန်းမှု အရက်ရောဆုံး(၁၀) နိုင်ငံမှာ မြန်မာနိုင်ငံထိပ်တန်းကပါဝင်နေတယ်ဆိုတာ အင်မတန်မှ ဝမ်းသာဂုဏ်ယူစရာကောင်းတဲ့ အချက်တစ်ချက်ပါပဲ။
ပြည်ထောင်စုလွှတ်တော်နာယကနဲ့အတူ ထိုင်းနိုင်ငံကို ၂၀၁၄ ခုနှစ်က သွားရောက်လည်ပတ်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက လွိုင်ကော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုရဲ့ ပြန်လည်ပြောကြားချက်အရ ပြောရမယ်ဆိုရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြည့်တန်ဆာ ဘဝနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ၉၀ ရာခိုင်နှုန်းဟာ ကျွန်တော်တို့မြန်မာနိုင်ငံက ဖြစ်တယ်လို့သိရပြီး နယ်စပ်ဒေသက တိုင်းရင်းသားများပါမက မကွေးတိုင်းအပါအဝင် မြန်မာပြည် ပြည်မကလည်း ပါဝင်နေတယ်ဆိုတာကို ဝမ်းနည်းစွာနဲ့ တင်ပြလိုပါတယ်။
ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်များ တပ်မတော်အရာရှိကြီးများခင်ဗျာ။ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံလို့ ပြောနေတာ နှစ်ပေါင်း(၇၀)ပြည့်ပါတော့မယ်။ ဒါပေမယ့်လို့ မြန်မာနိုင်ငံက ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဖြစ်ပျက်နေတာကိုကြည့်ရင် တရားဥပဒေစိုးမိုးရေးတို့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ဆိုတာသည် ဟာသ ပျက်လုံးတစ်ခုလိုများ ဖြစ်နေသလားလို့ ကျွန်တော်ခံစားရပါတယ်။ နိုင်ငံသူ နိုင်ငံသားအားလုံးလည်းပဲ ယခုကဲ့သို့ ခံစားနေရပါတယ်ဆိုတာ ဝမ်းနည်းစွာတင်ပြလိုပါတယ်။ အခုလို ဖော်ပြတဲ့ ဆိုးရွားအောက်တန်းကျလှတဲ့အခြေအနေကနေ ရုန်းထွက်ပြီးတော့ တရားဥပဒေစိုးမိုးမှုရှိတဲ့ အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ နေချင်စဖွယ်ဖြစ်တဲ့ ပြည်ထောင်စုနိုင်ငံတော် ပေါ်ထွန်းလာရေးဟာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်းနဲ့သာ သက်ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ပြည်ထောင်စုများ နိုင်ငံသူ နိုင်ငံသားအားလုံး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ ပြည်သူ့ဆန္ဒကို ဦးထိပ်ထား၊ ပြည်သူကို မျက်နှာမူပြီး အတ္တကင်းကင်းနဲ့ ဆောင်ရွက်ကြရမယ့် တကယ့်အမျိုးသားရေးကိစ္စဆိုတာ လေးစားစွာတင်ပြလိုပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရမယ့်သူနဲ့ ပတ်သက်ပြီး အချက်အလက်အချို့ကိုလည်းပဲ ကျွန်တော်တင်ပြရင်းနိဂုံးချုပ်ပါမယ်။
ကျွန်တော့်အဖိုးနဲ့ ဦးကြီးဖြစ်သူဟာ ဗိုလ်ချုပ်အောင်ဆန်းဖွဲ့စည်းပေးခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့ဝင်များဖြစ်ကြပါတယ်။ ကျွန်တော့်ဖခင်ဟာ နှစ်ပေါင်း(၅၀)ခန့် နိုင်ငံတော်ဘဏ္ဍာအတွက် အမြတ်တော်ခွန်၊ ဝင်ငွေခွန်၊ ထမ်းဆောင်ခဲ့သူ မြန်မာတိုင်းရင်းသားစစ်စစ်တစ်ဦးဖြစ်ပါတယ်။ သို့သော်လည်းပဲ ကြွားတယ်တော့မထင်ပါနဲ့ ကျွန်တော့်ကိုယ်ပိုင် မပြောင်းရွှေ့နိုင်တဲ့ပစ္စည်း အဖိုးတန်လက်ဝတ်ရတနာ စသည်ဖြင့် ဘာတစ်ခုမှ ကျွန်တော်မပိုင်ဆိုင်ပါဘူး။ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း ကိုယ်ပိုင်ဘဏ်စာရင်းဖွင့်ထားခြင်းများ၊ အဆောက်အဦ၊ အိမ်ရာ၊ မြေ၊ ခြံ၊ ဝယ်ထားခြင်းများမရှိပါဘူး။ သို့သော် မြန်မာ့စီးပွားရေးဘဏ်ပွင့်ဖြူမှာ အောင်မိုးညိုနာမည်နှင့် ဘဏ်စာအုပ် (SM-317)မှာရှိတဲ့ ဘဏ်စာရင်း သိန်း(၄၀)ခန့်ဟာ ရေဘေးဒုက္ခသည်များအတွက် ပြည်တွင်းပြည်ပမှာရှိတဲ့ သူငယ်ချင်းများက လှူဒါန်းထောက်ပံ့တဲ့ငွေများဖြစ်ပါတယ်။ ဘဏ်စာရင်းရှင်းတာ လောလောဆယ် စာရင်းစာအုပ်မှာ ငွေ(၁)သောင်းကျန်ပါတယ်ခင်ဗျား။ စီးပွားရေးလုပ်ငန်းကြီးမှာ ကန်ထရိုက်လုပ်ငန်းများ၌ ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ နာမည်ခံဖြင့်ဆောင်ရွက်ခြင်း၊ လာဘ်ယူ၍ တစ်ဖက်သတ်ကန်ထရိုက်ချပေးခြင်း၊ ပါးစပ်ရှယ်ယာပါခြင်း စသည့်လုပ်ငန်းများကို ပြုလုပ်မည်မဟုတ်ပါကြောင်းနဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်များအရသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါတယ်။ အကယ်၍များ ယခုကဲ့သို့ ဝန်ခံကတိကို ဆန့်ကျင်ချိုးဖောက်ပြီးတော့ လိမ်မယ်၊ ညာမယ်၊ ခိုးမယ်၊ဝှက်မယ် ကိုယ်ကျိုးစီးပွားရှာခဲ့မယ်ဆိုသော် ကျွန်တော်သည် ဘဝစဉ်ဆက် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြင့် မည်သည့်အခါမှ မဂ်နဲ့ဖိုလ်နဲ့ မနီးစပ်သောသူဖြစ်ပါစေဟု ဥက္ကဋ္ဌကြီးနှင့်တကွ ကိုယ်စားလှယ်တော်ကြီးများ၊ တပ်မတော်အရာရှိကြီးများရှေ့မှာ ကျွန်တော်ကျမ်းသစ္စာကျိန်ဆိုပါတယ်ခင်ဗျား။
ဥက္ကဋ္ဌကြီးနှင့်တကွ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာနဲ့ မကွေးတိုင်းဒေသကြီးရဲ့ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ဆထက်တပိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆိုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်။