
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၃.၄.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၆)ဦးတက်ရောက်၍ (၉၈.၅၁)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၄)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၄)ဦးနှင့် တိုင်းဒေသကြီးဥပဒေချုပ်တို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြင့်စန်းက သာသနာတော်ကြီး စည်ပင်ဖွံ့ဖြိုး၍ အဓွန့်ရှည်စေရန်အတွက် ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ဂေါပကလူကြီး(ခေါ်) ဘုရားလူကြီးရွေးချယ်ခြင်းဆိုင်ရာ မူဝါဒပေါ်ထွက် စေရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ဇင်နီနီဝင်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို (၁၁း၃၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် တတိယနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။