ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို (၅.၄.၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၅)ဦးတက်ရောက်၍ (၉၇.၀၁)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၆)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၁)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့သော ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်မြင့်စန်း၏ သာသနာတော်ကြီး စည်ပင်ဖွံ့ဖြိုး၍ အဓွန့်ရှည်စေရန်အတွက် ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ဂေါပက လူကြီး(ခေါ်)ဘုရားလူကြီးရွေးချယ်ခြင်းဆိုင်ရာ မူဝါဒပေါ်ထွက်စေရန် တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့မှ ထောက်ခံဆွေးနွေးကာ သက်ဆိုင်ရာ တိုင်းဒေသကြီးလူမှုရေး ဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်း ထပ်ဆင့်ဆွေးနွေးခဲ့ပြီးနောက် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် တင်ပြခဲ့ကြပြီး အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှ ယင်းအဆိုအား အတည်ပြုပေးရန် ရှင်းလင်းဆွေးနွေးခဲ့ကာ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အဆိုကို အတည်ပြုပေးရန် ထောက်ခံသူ(၈)ဦး၊ အဆိုကို မှတ်တမ်းအဖြစ်ထားရှိရန် ထောက်ခံသူ(၅၆)ဦးရှိသည့်အတွက် ယင်းအဆိုအား လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာ ထားရှိမည်ဖြစ်ကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး အစည်းအဝေး ပထမနေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသောဝန်ကြီး(၂)ဦး၏အမည်စာရင်း နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ရာတွင် ကန့်ကွက်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိပါသဖြင့် ယင်းအဆိုပြုသူ ဝန်ကြီး(၂)ဦး၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ တစ်ဦးချင်းအလိုက် လွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့ရာ ပထမဦးစွာ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဦးမြင့်ဆွေနှင့်စပ်လျဉ်းပြီး လွှတ်တော်၏ သဘောထားဆန္ဒရယူရာ လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဦးမြင့်ဆွေအား လစ်လပ်သွားသည့် ဝန်ကြီးတစ်နေရာတွင် ခန့်ထားပေးရန်ကိစ္စအား လွှတ်တော်က သဘောတူအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကျန်ရှိသည့် ဝန်ကြီးတစ်နေရာ ခန့်ထားရန်ကိစ္စနှင့် စပ်လျဉ်း၍ အကြောင်းအကျိုးအတည်ပြုရန် လိုအပ်နေသည့်အတွက် အဆိုပြုထားရှိမှုအား ဆိုင်းငံ့ထားကြောင်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးခန့်ထားရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဦးမြင့်ဆွေအား ဝန်ကြီးအဖြစ်ခန့်ထားရန် လွှတ်တော်က အတည်ပြုသည့် အတွက် ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ မကွေးတိုင်းဒေသကြီး လွှတ်တော်က သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော်ကဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို နေ့လယ်
(၁၂၁၀)နာရီ အချိန်တွင် ရပ်နားကြောင်းနှင့် ပဥ္စမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ (သောကြာနေ့) နံနက် (၁၀းဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေး ကို ရုပ်သိမ်းခဲ့ပါသည်။