ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဥ္စမနေ့ ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို (၆.၄.၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၄.၀၃)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၃)ဦးတို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးတစ်ဦး၏အမည်စာရင်းအား လွှတ်တော်သို့ ဖတ်ကြားတင်သွင်း
ခဲ့ပြီးဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အစီအစဉ်(၁၂)တွင်ဆွေးနွေးရန်နှင့် အပြန်အလှန် ဆွေးနွေးပြီးဖြစ်၍ နေ့ချင်းဆုံးဖြတ်နိုင်ရန် လွှတ်တော်ဥက္ကဋ္ဌက ကြေငြာပါသည်။
ဆက်လက်ပြီး အစည်းအဝေး တတိယနေ့တွင် တင်သွင်းခဲ့သော ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုးဝင်း၏ ပြည်သူ့ဘဏ္ဍာငွေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ အင်ဂျင်နီယာ များ၏ ငွေကြေးကုန်ကျတွက်ချက်မှု (Estimate) နှင့် အမှန်တကယ်ဆောင်ရွက်ရာတွင် ငွေကြေးကုန်ကျမှု ကွာဟလျော့နည်းနေခြင်းများအပေါ် ထိရောက်လျင်မြန်စွာ စိစစ်ဆောင်ရွက်ပေးနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅)ဦးတို့မှ ထောက်ခံဆွေးနွေးကာ သက်ဆိုင်ရာ တိုင်းဒေသကြီးဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးမှ အဆိုကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အတည်ပြုနိုင်ကြောင်း တင်ပြလာပါသဖြင့် အဆိုရှင်၏ သဘောထားရယူခဲ့ရာ အဆိုရှင်မှလည်း ယင်းအဆိုအား အတည်ပြုပေးရန် ရှင်းလင်းဆွေးနွေးခဲ့သဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ကာ အစည်းအဝေးကို (၁၀)မိနစ်ခန့် ခေတ္တရပ်နားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဆိုပြုတင်ပြလာသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လစ်လပ်လျက်ရှိသော ဝန်ကြီးတစ်ဦး၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးရန်မရှိပါသဖြင့် ယင်းအဆိုပြုသူ ဝန်ကြီးတစ်ဦး၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ကိုရယူခဲ့ရာ လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဦးဝင်းမော်ဋ္ဌေးအားလစ်လပ်သွားသည့် ဝန်ကြီးတစ်နေရာတွင် ခန့်ထားပေးရန်ကိစ္စအား လွှတ်တော်က သဘောတူအတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးခန့်ထားရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ ဦးဝင်းမော်ဋ္ဌေးအား ဝန်ကြီးအဖြစ်ခန့်ထားရန် လွှတ်တော်က အတည်ပြုသည့်အတွက် ၂၀၁၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၃ အရ မကွေးတိုင်းဒေသကြီးလွှတ်တော်က သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်ချက်ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးပို့သွားမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို နေ့လယ်
(၁၂း၁၅)နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ (တနင်္လာနေ့) နံနက်(၁၀းဝဝ)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။