
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ ကျင်းပပြုလုပ်ခြင်း
ဒုတိယအကြိမ်ပုံမှန်အစည်းအဝေးကျင်းပမှုများဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို (၁၁.၄.၂၀၁၈) ရက်နေ့ နံနက် (၁၀းဝဝ)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပ ပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ပါသည်။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၂)ဦးတက်ရောက်၍ (၉၂.၅၄)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌ၊ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ
ဦးဇော်မျိုးဝင်းကလည်းကောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင်၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးဟန်ဝင်းအောင်က လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီမှ ကော်မတီ အဖွဲ့ဝင်၊ စေတုတ္တရာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကလည်းကောင်း၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီမှ ကော်မတီဥက္ကဋ္ဌ၊ ကံမမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်ကလည်းကောင်း လွှတ်တော်သို့ အသီးသီး ဖတ်ကြားတင်သွင်းခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၂)ဦးတို့ကအသီးသီးအကြံပြုဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးကလည်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းဥပဒေကြမ်းတစ်ရပ်လုံးနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အတိုင်း လွှတ်တော်ကအတည်ပြုပေးပါရန် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက အဆိုတင်သွင်းခဲ့ရာ နတ်မောက်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက အတည်ပြု ပေးရန် ထောက်ခံဆွေးနွေး ခဲ့ပါသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာ၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ တို့၏ဆွေးနွေးချက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂)ဦးတို့၏ ဆွေးနွေးချက်တို့နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးဝန်ကြီးကလည်း ပြန်လည်ရှင်းလင်းဆွေးနွေးပြီးဖြစ်ပါ၍ ဥပဒေကြမ်းတစ်ရပ်လုံးတွင် မြစ်ရေတင်စီမံကိန်းအတွက်ချထားသော ကျပ်သန်းပေါင်း(၇၅၄.၀၀၀)အား လွှတ်တော်က အတည်မပြုကြောင်းနှင့် ကျန်ရှိသည့်ကိစ္စများကို အတည်ပြုရန် လွှတ်တော်၏ သဘောထားဆန္ဒကိုရယူ၍ လွှတ်တော်က ကန့်ကွက်သူ မရှိသည့်အတွက် ၂၀၁၈ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့ငွေစာရင်းကော်မတီတို့၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာ၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ တို့၏ ဆွေးနွေးချက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦးတို့၏ ဆွေးနွေးချက်များအား လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ပြီး၊ ဆက်လက်ဆောင်ရွက်နိုင်ရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်း၊ ဥပဒေကြမ်းတစ်ရပ်လုံးတွင် မြစ်ရေတင်စီမံကိန်းအတွက်ချထားသော ကျပ်သန်းပေါင်း (၇၅၄.၀၀၀) အား လွှတ်တော်က အတည်မပြုကြောင်းနှင့် ကျန်ရှိသည့်ကိစ္စများကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် သည့်အတိုင်း လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး အဋ္ဌမနေ့ အစည်းအဝေးကို နံနက် (၁၁း၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။