ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ မိန့်ခွန်း
မိန့်ခွန်းများမကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများ အားလုံးမင်္ဂလာပါခင်ဗျာ။ ယခုလို မကွေးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ယခုလိုစကားပြောခွင့်ပေးတဲ့အတွက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာပြောကြားပါရစေ။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဟာ မကွေးတိုင်းဒေသကြီးရဲ့ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားဥပဒေစိုးမိုးရေး စတဲ့ကိစ္စရပ်များကို ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသရွေ့ ရိုးသားစွာ ထမ်းဆောင်လျက်ရှိကြပါတယ်။ အစိုးရအဖွဲ့ဝင်များ တာဝန်ထမ်းဆောင်တဲ့နေရာမှာ အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့မယ်ဆိုရင် ဝန်ကြီးချုပ် ကျွန်တော့်အနေနဲ့ တာဝန်ခံမှုအပြည့်နဲ့တာဝန်ယူသွားမှာဖြစ်တဲ့အကြောင်းလေးစားစွာအသိပေးလိုပါတယ်။ ဘာကြောင့်အခုလိုမျိုး တာဝန်ယူရသလဲ၊ တာဝန်ခံရ သလဲဆိုလို့ရှိရင် ကျွန်တော့်အစိုးရအဖွဲ့မှာ ပါဝင်တဲ့ အစိုးရအဖွဲ့ဝင်များရဲ့ အရည်အချင်းရိုးသားဖြောင့်မတ်မှု ဒါကို အကြွင်းမဲ့ ယုံကြည်တဲ့အတွက်ကြောင့် သူတို့ရဲ့စွမ်းဆောင်ချက်၊ စွမ်းဆောင်ရည် လုပ်ကိုင်ဆောင်ရွက်ချက်များဟာလည်းပဲ စေတနာအပြည့်နဲ့ စွမ်းဆောင်နေတယ်၊ ဆောင်ရွက်နေတယ်ဆိုတာ သိတဲ့အတွက် ကျွန်တော်အခုလို တာဝန်ယူတာဝန်ခံ ရခြင်းဖြစ်ပါတယ်။ သူတို့အပြစ်တစ်စုံတစ်ရာရှိခဲ့ရင် ကျွန်တော်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဝန်ကြီးချုပ်တာဝန်က နှုတ်ထွက်ပေးဖို့ လိုတယ်ဆိုရင်တောင်မှ ကျွန်တော်တာဝန်ယူမှုအပြည့်နဲ့ တာဝန်ခံသွားမှာဖြစ်ပါတယ်။ ဒါသိစေလိုပါတယ်။ လွှတ်တော်ကအင်မတန်အရေးကြီးပါတယ်။ သက်တမ်း(၂)လသာရှိသေးတဲ့ ကျွန်တော်တို့ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏စွမ်းဆောင်မှုနှင့်ပတ်သက်ပြီးသတင်းမီဒီယာတွေမှာ အမျိုးမျိုးဝေဖန်လျက်ရှိတာကို ကိုယ်စားလှယ်တော်ကြီးများအားလုံး သိရှိကြပါလိမ့်မယ်။ ဒီလိုဝေဖန်ခွင့်ရအောင်ကိုပဲ ကျွန်တော်တို့တစ်တွေဟာ ဘဝအပျက်ခံ၊ အသက်အသေခံပြီးတော့ နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ခဲ့တာ အားလုံးအသိပါဘဲ။ သတင်း မီဒီယာဆိုတာဟာ ပြည်သူတို့၏ နား၊ မျက်စိဖြစ်ပါတယ်။ ဒါ့ကြောင့် သတင်းမီဒီယာ ပြောကြားတာတွေကို ချင့်ချိန်ဝေဖန်ပြီးတော့ နှလုံးနှင့်သာမက ဦးနှောက်နဲ့ပါ စဉ်းစားဆုံးဖြတ်ကြဖို့လိုပါတယ်။
ပြည်သူတွေလိုအပ်သလို ကိုယ်စားလှယ်တော်ကြီးများကလည်း အလေးအနက်ထားပြီး စဉ်းစားကြဖို့လိုပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်တစ်ရပ်ကို အာဏာကြီးစိုးတဲ့မဏ္ဍိုင်(၃)ရပ်မှာ အဓိကနေရာမှာဖြစ်တဲ့ တရားဥပဒေပြုရေးမဏ္ဍိုင်ကို ကိုင်ဆောင်နေတဲ့ ကိုယ်စားလှယ်တော်ကြီးများနှင့် တပ်မတော်အရာရှိကြီးများကို ကျွန်တော်ရှင်းလင်းတင်ပြလိုပါတယ်။ ပြည်ထောင်စုသမ္မတကြီးကလည်းဘဲ ကျွန်တော်တို့ ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ အလေအလွင့် အနည်းဆုံးနဲ့ ထိရောက်မှု အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်များကို ညွှန်ကြားထားတာရှိပါတယ်။ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်တစ်ရပ်ကို မကွေးတိုင်းဒေသကြီးလွှတ်တော်ကို လေးစားစွာတင်ပြရမယ်ဆိုရင် ယခင်နှစ်က ကတ္တရာလေလံအောင်တဲ့ လေလံအောင်ဈေးဟာ (၁)တန်ကို (၅၂၀၀၀၀)ကျပ်ဖြစ်ပြီးတော့ ယခုနှစ် လေလံအောင်တဲ့ဈေးကတော့ (၃၈၃၀၀၀)ကျပ် ဖြစ်ပါတယ်။ ကတ္တရာအရည်အချင်းက အလားတူဘဲဖြစ်ပါတယ်။ရေနံဈေးနှုန်းကို ရိုးမယ်ဖွဲ့လို့မရပါဘူး။ ရေနံဈေးနှုန်းသည် ယခင်နှစ်ကထက်စာရင် ယခုနှစ်မှာအနည်းငယ်ကြွလာပါသေးတယ်။ယခင်နှစ်ကလေလံအောင်ဈေးသည် (၅၂၀၀၀၀)ကျပ် ဖြစ်သော်လည်းဘဲ ယခုနှစ် ကျွန်တော်တို့အစိုးရအဖွဲ့ စစ်စစ်စီစီနှင့် သေသေချာချာလေးနက်စွာဆောင်ရွက်မှုကြောင့် လေလံအောင်တဲ့ဈေးက ကတ္တရာ(၁)တန်ကို (၃၈၃၀၀၀)ကျပ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကတ္တရာ(၁)တန်ဝယ်တိုင်းဝယ်တိုင်း (၁၃၇၀၀၀)ကျပ်သက်သာအောင် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဟာ ကြိုးပမ်းဆောင်ရွက်ပေးနေပါတယ်။ မကွေးတိုင်းက ဝယ်ယူအသုံးပြုမဲ့ ကတ္တရာတန်ချိန်စုစုပေါင်းသည် လမ်း၊ တံတားဆောက်လုပ်တာတွေ၊ ကျေးလက်ဒေသတွေအတွက် ကတ္တရာတန်ချိန်စုစုပေါင်း(၁၂၀၀၀)ဖြစ်တဲ့အတွက်ကြောင့် ကျပ်ငွေသိန်းပေါင်း(၁၅၀၀၀)ခန့် ကုန်ကျသက်သာအောင် ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်နိုင်ခဲ့ပြီဆိုတာကို သတင်းကောင်း တင်ပြလိုပါတယ်။ တစ်ခြားသော တင်ဒါဈေးနှုန်းများကိုလည်း ယခင်နှစ်ကထက် (၁၅)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်းထိ သက်သာ အောင် ကြိုးပမ်းဆောင်ရွက်နေမှုများကို နေပြည်တော်မှာ တင်ပြတဲ့အခါ နေပြည်တော်ဗဟိုဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ တင်ပြခဲ့တဲ့အတွက်ကြောင့် သမ္မတကြီးကိုယ်တိုင်မျှသာမကဘဲ သမ္မတကြီး၏ရုံးအဖွဲ့ကပါ ချီးကျူးခံခဲ့ရကြောင်း လေးစားစွာတင်ပြလိုပါတယ်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ချီးကျူးခံရတာဟာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ထိန်းကျောင်းကြပ်မတ်နေတဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော် ချီးကျူးခံရတာနဲ့ အတူတူပါဘဲ။
လေးစားအပ်ပါသော မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်အရာရှိကြီးများခင်ဗျား။ ယခင်အစိုးရဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီးတော့ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် ပြုပြင်သင့်တဲ့ကိစ္စရပ်များကို အစိုးရအဖွဲ့အတွင်းညှိနှိုင်းဆွေးနွေးသဘောတူညီချက်နှင့် ပြင်ဆင်ရတာတစ်ချို့ကိုလည်းဘဲ လေးစားစွာတင်ပြလိုပါတယ်။ ဥပမာအနေနဲ့ ၂၀၁၆-၂၀၁၇ ရသုံးခန့်မှန်းလျာထားစာရင်းမှာ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာ တိုက်နယ်မှာ ကျောင်းတော်ရာတိုက်နယ်ဆေးရုံဆောက်လုပ်ရန် ယခင်အစိုးရက လျာထားခဲ့သော်လည်းဘဲ ရပ်ကွက်နှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုအဖွဲ့တွေ၊ မြို့နယ်ဖွံ့ဖြိုးမှုအထောက်အကူပြုအဖွဲ့တွေ၊ ခရိုင်ကအဖွဲ့တွေ၊ အစိုးရအဖွဲ့ဝင်တွေ စိစစ်ပြီးတော့ လူမှုစီးပွားဘဝအနေ အထားတွေ၊ လမ်းပန်းဆက်သွယ်ရေးတို့ကို Compare and Construct လုပ်ပြီးစိစစ်ပါတယ်။ ဥပမာအားဖြင့် တင်ပြရမယ်ဆိုရင် ကျောင်းတော်ရာ သည် ကတ္တရာလမ်းရှိတယ်။ မကွေး-မင်းဘူး-ပွင့်ဖြူ-စကု စတဲ့နေရာတွေကို (၂၄)နာရီ အချိန်မရွေးသွားလာလို့ရတယ်။ သူတို့တင်ပြတဲ့ တိုက်နယ်ဆေးရုံဆောက်လုပ်မည့် မြေဧက(၄)ဧကသည်လည်းဘဲ အဆင်သင့်မဖြစ်သေးဘဲ မြေလွှဲမြေပြောင်းတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်းဘဲ ကျွန်တော်တို့အစိုးရပြောင်းလဲဖို့ လျာထားသတ်မှတ်ခဲ့တဲ့ သရက်တောကျေးရွာသည် မိုးတွင်းအခါမှာ ဧရာဝတီမြစ်နှင့် မုန်းချောင်းကြားတွင်တည်ရှိပြီး ပွင့်ဖြူမြို့နဲ့ဆို(၁၉)မိုင်ဝေးပါတယ်။ မကွေး၊မင်းဘူးတို့ကို သွားရေးလာရေးအင်မတန်ခက်ခဲပါတယ်။ ဒါ့အပြင် တိုက်နယ်ဆေးရုံဆောက်ဖို့ (၄.၄၆)ဧကသည် ရွာပိုင်မြေအရန်သင့်ဖြစ်နေပါတယ်။ ထိုအချက်တွေကို ထောက်ထားပြီး လောလောဆယ်အားဖြင့် ကျောင်းတော်ရာမှာ တိုက်နယ်ဆေးရုံမဆောက်လုပ်သေးဘဲ သရက်တောမှာ တိုက်နယ်ဆေးရုံ ပြောင်းရွှေ့ဆောက်လုပ်သင့်ပါတယ်ဆိုပြီး တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီးဆေးရုံကြီးကို တိုးချဲ့ဆောင်ဆောက်လုပ်တဲ့နေရာမှာလည်းဘဲ မြေဧရိယာအခြေအနေဟာ အကန့်အသတ်တွေရှိတယ်။ နောက်ပြီး နိုင်ငံတော်အစိုးရက ကျန်းမာရေး၊ ပညာရေးတွေမှာ ဘဏ္ဍာငွေတိုးတက်သုံးစွဲလာတာ ဖြစ်ပါတယ်။ အဆပေါင်းများစွာဆေးဝါးတွေထောက်ပံ့ပေးတယ်။ ထောက်ပံ့ပေးတဲ့အတွက် ပြည်သူတွေကလည်း ယုံကြည်ကိုးစားမှုရှိတယ်။ အတွင်းလူနာတွေကလည်း အင်မတန်ကိုများပြားတယ်။ ဖျားနာဆောင်မှာဆိုရင် လူ(၅၀)ဆံ့တဲ့ ဖျားနာဆောင်မှာ လူ(၁၀၀)လောက် တက်ရောက်ကုသခံနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် အဲဒီ့အချက်များကို ကျွန်တော်နဲ့အတူ သက်ဆိုင်ရာ ဝန်ကြီးတွေ၊ ဆောက်လုပ်ရေးဝန်ကြီးအပါအဝင်၊ သက်ဆိုင်ရာဌာနအကြီးအကဲတွေ ကွင်းဆင်းစစ်ဆေးပြီးတော့ တိုးချဲ့ဆောင်ကို (၂)ထပ်ဆောင်အစား (၅)ထပ်ဆောင်အဖြစ် ပြင်ဆင်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒါကိုလည်းဘဲ ပြည်ထောင်စုကျန်းမာရေးဝန်ကြီးကို အကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရ၏ လိုအပ်ချက်အရ ၂၀၁၆-၂၀၁၇ ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေအား ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းအတည်ပြုချက်ရယူမှာဖြစ်သလို ၂၀၁၆ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေကိုလည်း မကွေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းအတည်ပြုချက်ရယူမှာဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း ယခင်အစိုးရလက်ထက်က နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနဆိုတာ မဖွဲ့စည်းရသေးပါဘူး။ ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနကို ပြန်လည်ဖွဲ့စည်းခဲ့ရခြင်းဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ညှိနှိုင်းဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် ဘတ်ဂျက်(BE)အသစ်ကိုလွှတ်တော်မှာတင်ပြပြီးတော့ အတည်ပြုချက် ရယူမှာ ဖြစ်ပါတယ်။
နောက်တစ်ချက် ဥပမာတစ်ခု တင်ပြလိုပါတယ်။ ဒါကတော့ နာမည်ဆိုးရပြီးတော့ အကြိမ်ကြိမ်တင်ပြနေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါဘာလဲဆိုတော့ သံဘောင်ထောင်နဲ့ချီပြီးတော့ သန်းပေါင်းများစွာအကုန်အကျခံ တည်ဆောက်ခဲ့ရတဲ့ မြစ်ရေတင်ရေပေးဝေရေးလုပ်ငန်းကို ဘယ်မှာလုပ်လဲဆိုတော့ မင်းဘူးမှာလုပ်ပါတယ်။ မင်းဘူးမှာလုပ်ပြီးတော့မှ အလေအလွင့်တွေများပါတယ်။ အောင်မြင်မှုမရှိပါဘူး။ ချွင်းချက်၊ အားနည်းချက်တွေ အင်မတန်များပါတယ်။ ပြည်သူလူထုက ကုန်ကျငွေတွေလည်း ထပ်ဆင့်ကုန်ကျနေရပါတယ်။ တိုင်တာတွေလည်း အများကြီးရင်ဆိုင်နေရပါတယ်။ ဒါနဲ့ပတ်သက်၍ အင်မတန်ကျွမ်းကျင်တဲ့ နေပြည်တော်နယ်မြေက အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ အာဆီယံ အင်ဂျင်နီယာအသင်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပညာရှင်တစ်ဦးအပါအဝင် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီးတော့ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး လိုအပ်တာတွေပြုပြင်သွားမှာဖြစ်ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လက်ရှိပြည်ထောင်စုအစိုးရအသစ်နဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရများ၏ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးများကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တား ဖျက်ဆီးလိုတဲ့ အင်အားစုတစ်ချို့ရှိနေတယ်ဆိုတာကိုလည်းဘဲ မကွေးတိုင်းဒေသကြီးလွှတ်တော်ကို လေးစားစွာသတိပေးလိုပါတယ်။ ဥပမာအားဖြင့် တင်ပြရလျှင် ကျွန်တော့်ဆီကို သတင်းတွေရောက်ပါတယ်။ ပြည်ထောင်စုအစိုးရ၊ မကွေးတိုင်းဒေသကြီးအစိုးရ ဒီအစိုးရတွေရဲ့ စီမံခန့်ခွဲမှု အင်မတန်ညံ့ဖျင်းတဲ့အတွက်ကြောင့် စေတုတ္တရာသည် မြို့ပျောက်သွားတော့မယ်ဆိုပြီး ခြိမ်းခြောက်တာတွေ၊ NGO လိုလို၊ CSO လိုလို အဖွဲ့အစည်းတွေက ပြောနေတာကို ပြည်သူလူထုယုံမှားသံသယဖြစ်အောင်ပြောပြီး သွေးထိုးလှုံဆော်တာ တွေရှိနေပါတယ်။ဒါတွေဟာလည်းမမှန်ကန်ဘူး၊ မဖြစ်နိုင်ဘူးဆိုပြီးတော့ သက်ဆိုင်ရာဆည်မြောင်းအင်ဂျင်နီယာပညာရှင်များက ကျွန်တော်တို့ကို ပြောထားပါတယ်။ ဒါကိုလည်းဘဲ သက်ဆိုင်ရာမဲဆန္ဒနယ်မြေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ ဘာမှစိုးရိမ်စရာမရှိပါဘူးလို့ ပညာရှင်များကပြောပါတယ်။ လောလောဆယ် မကွေးတိုင်းမှာ နာမည်ကြီးနေတာကတော့ ရေနံလက်ယက်တွင်းတွေကိစ္စ၊ ကျောက်မီးသွေးတွင်းတွေကို နယ်ကျူးပြီး တော့ တူးဖော်နေတဲ့ကိစ္စ၊ စီးပွားရေးဝိသမ လောဘသားတွေရဲ့ လုပ်ဆောင်ချက်တွေကို တရားဥပဒေစိုးမိုးမှုရှိအောင်၊ ပြည်ထောင်စုနိုင်ငံတော်နှင့် မကွေးတိုင်းဒေသကြီး၏ ရသင့်ရထိုက်တဲ့ အခွန်အတုတ်တွေရအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အဲဒီ့အတွက်ကြောင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျွန်တော်၏ကိုယ်ရေးအရာရှိကို အသက်အန္တရာယ်ရှိလောက်အောင် ခြိမ်းခြောက်ခံနေရတယ်ဆိုတာကိုလည်းဘဲ တင်ပြလိုပါတယ်။ မည်သို့ပင်ခြမ်းခြောက်ခံရစေကာမူ မကွေးတိုင်းဒေသကြီး၏ အခွန်အတုတ်တွေ မှန်မှန်ရဖို့၊ ပြည်ထောင်စုအေးချမ်းသာယာဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ သူတို့ခြိမ်းခြောက်မှုတွေကို လုံးဝအမှုမထားဘဲနဲ့ ကြိုးပမ်းဆောင်ရွက် ပေးသွားမှာ ဖြစ်တဲ့အကြောင်းလည်းလွှတ်တော်ဥက္ကဋ္ဌကြီးနဲ့လွှတ်တော်ကိုယ်စားလှယ် များကို လေးစားစွာအသိပေးလိုပါတယ်။
ဒီနေရာမှာ သတင်းကောင်းတင်ပြလိုတာကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နာမည်စာရင်းတင်သွင်းပြီးတော့ ခန့်ထားတဲ့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနဲ့ ကျွန်တော်တို့ နိုင်ငံရေးပါတီ ကျောထောက်နောက်ခံဖြစ်တဲ့ အရပ်သားအဖွဲ့ဝင်များဟာ ညီရင်းအစ်ကိုသဖွယ်၊ ရဲဘော်ရဲဘက်သဖွယ်၊ တစ်ဦးနှင့်တစ်ဦး ယုံကြည်ကိုးစားမှုအပြည့်နဲ့ မကွေးတိုင်းဒေသကြီး၏ အကျိုးကို သယ်ပိုးဆောင်ရွက်ပေးနေပါတယ်။ တစ်ခြားသော တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေမှာလည်းဒီအတိုင်းပါဘဲ။သူကတော့ တပ်မတော်သားဝန်ကြီးမလို့၊ အရပ်သားဝန်ကြီးမလို့ လုံးဝစိတ်ဝမ်းကွဲပြားမှုမရှိပါဘူး။ မကွေးတိုင်းမှာကတော့ ရေပက်မဝင်လောက်အောင်ကိုဘဲ စည်းလုံးညီညွတ်မှု၊ နားလည်မှုအပြည့်နဲ့ “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုတဲ့ သဘောနဲ့ ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်။
မကွေးတိုင်းဒေသကြီး၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးသည် အင်မတန်မှ အားရကျေနပ်စရာကောင်းပါတယ်ဆိုတာကို ကိုယ်စားလှယ်ကြီးများကို အလျဉ်းသင့်သလို သတင်းကောင်းပါးလိုပါတယ်။ ဘယ်လိုဘဲ အခြေအနေတွေ၊ အကြပ်အတည်းတွေ၊ အခက်အခဲတွေ၊အတားအဆီးတွေ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရစေကာမူ မကွေးတိုင်းဒေသကြီးလွှတ်တော်၏ ကြီးကြပ်ကွပ်ကဲမှုနဲ့အတူ မကွေးတိုင်းဒေသကြီးအစိုးရဟာ တိုင်းဒေသကြီး၏ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ရိုးသားစွာနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာက ကတိပြုရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (ဩဘာသံများ)