
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၃/၂၀၁၈) ဒုတိယနေ့ ကျင်းပပြုလုပ်ခြင်း
ဆောင်ရွက်ချက်များဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၃/၂၀၁၈)၊ ဒုတိယနေ့ကို (၁၅.၆.၂၀၁၈) ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၆၇)ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၄.၀၃)ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှ လွှတ်တော်သို့ ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးဇော်မင်းက လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ရာ မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏အတည်ပြုချက်ရယူခဲ့၍ လွှတ်တော်က ကန့်ကွက်သူမရှိသည့်အတွက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းများကို လွှတ်တော်တွင် ဆုံးဖြတ်သည့်အတိုင်း လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌကကြေညာပါသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၃/၂၀၁၈) အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယနေ့အစည်းအဝေးကို နံနက်(၁၀း၂၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။