
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၄-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ၄ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှဦးအေးလှိုင်ဦးကမကွေးတိုင်းဒေသကြီးအတွင်းNEP စီမံကိန်းတွင်ထည့်သွင်းထားသည့်မင်းတုန်းမြို့နယ်မှကျေးရွာ(၂၁)ရွာအနက်စီမံကိန်းပထမနှစ်တွင်ကျေးရွာမည်မျှခန့်လျှစ်စစ်မီးရရှိရေးအတွက်လျာထားပါကြောင်းနှင့်စီမံကိန်းတွင်မပါဝင်သော်လည်းမြို့နယ်မှစိစစ်ရွေးချယ်ထားသည့်မင်းတုန်းမှပြောင်း-ထန်းပင်ကုန်းနယ်မြေ၊မင်းတုန်းမှမြောက်ပြင်နယ်မြေ၊မင်းတုန်းမှဥယျာဉ်ပုနယ်မြေများအတွက်လည်းလာမည့်ဘဏ္ဍာရေးနှစ်များတွင်လျှပ်စစ်မီးရရှိရေးအတွက်မည်မျှအထိစီစဉ်ဆောင်ရွက်ပေးနိုင်မည်ကိုသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးမြင့်ဇော်ကဖြေကြားရာတွင်မင်းတုန်းမြို့နယ်မှာNEP စီမံကိန်းစတင်ပါကစီမံကိန်းတွင်ထည့်သွင်းထားသည့်ကျေးရွာ(၂၁)ရွာလျှပ်စစ်မီးရရှိရေးအတွက်စီမံကိန်းပထမအဆင့်တွင် (၂)မိုင်အတွင်းကျေးရွာ(၂၁)ရွာလုံးဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊မြို့နယ်မှစိစစ်ရွေးချယ်ထားသောမင်းတုန်းမှပြောင်း-ထန်းပင်ကုန်းနယ်မြေတွင် (၁၁)ကေဗွီလိုင်း (၁၁.၉၈)မိုင်နှင့် (၁၁/ဝ.၄)ကေဗွီ၊ (၁၀၀)ကေဗွီအေထရန်စဖော်မာ (၆)လုံးအားလည်းကောင်း၊မင်းတုန်းမှမြောက်ပြင်နယ်မြေတွင် (၁၁)ကေဗွီလိုင်း (၁၀.၀၁)မိုင်၊ (၁၁/ဝ.၄)ကေဗွီ၊ (၁၆၀)ကေဗွီအေထရန်စဖော်မာ(၁)လုံးနှင့် (၁၁/ဝ.၄)ကေဗွီ၊ (၁၀၀)ကေဗွီအေထရန်စဖော်မာ(၃)လုံးအားလည်းကောင်း၊မင်းတုန်းမှဥယျာဉ်ပုနယ်မြေတွင် (၁၁)ကေဗွီလိုင်း(၁၀)မိုင်၊ (၁၁/ဝ.၄)ကေဗွီ၊ (၂၀၀)ကေဗွီအေထရန်စဖော်မာ(၂)လုံး၊ (၁၁/ဝ.၄)ကေဗွီ၊ (၁၆၀)ကေဗွီအေထရန်စဖော်မာ (၁)လုံးနှင့် (၁၁/ဝ.၄)ကေဗွီ၊ (၁၀၀)ကေဗွီအေထရန်စဖော်မာ(၁)လုံးအားလည်းကောင်းတည်ဆောက်ပေးနိုင်ရေးအတွက်မကွေးတိုင်းဒေသကြီးငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေတွင်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်မှစ၍ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီးထည့်သွင်းလျာထားတင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။