
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၂-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ ၂ ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ငဖဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်မောင်လွင်က ငဖဲမြို့နယ်၊ ပင်ဦးနှင့် ကံသာကျေးရွာကြား ပဇီချောင်းအားပိတ်၍ ရေကျော်ရှပ်တန်း ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မိုးမကျမီအမြန်ဆုံး ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း နှင့် စပ်လျဉ်းသည့်မေးခွန်း မေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီး ဦးမြင့်ဇော်က ဖြေကြားရာတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်ရှိ ပဇီချောင်း၏ မူလနေရာတွင်ရှိသော ပင်းတားမှာ လယ်မြေဧက(၂၈၀)အား ရေရယူစိုက်ပျိုးနေသော ပင်းတားတစ်ခုဖြစ်ပြီး ပဇီချောင်းမှာ မိုးရာသီတွင် စီးဆင်းရေများပြားသဖြင့် တောင်သူများပြုလုပ်ထားသော ယာယီပင်းတားများသည် နှစ်စဉ်ပျက်စီးလျက်ရှိပါကြောင်း၊ ယခုလက်ရှိ ပင်းတားတည်ဆောက်ထားသည့် နေရာ၏ အောက်ဘက်တွင် အလျား(၁၅၀)ပေရှိ ရေကျော်ရှပ်တန်းတစ်ခု တည်ဆောက်ပေးမည်ဆိုပါက တောင်သူများ နှစ်စဉ် စိုက်ပျိုးရေ လွယ်ကူစွာ ရရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ပဇီချောင်းအားပိတ်၍ ရေကျော်ရှပ်တန်းတည်ဆောက်ပေးရန်အတွက် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေတွင် တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။