ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၆-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၆ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးကျော်ဌေးကမကွေးတိုင်းဒေသကြီးအတွင်းရှိမြို့တော်ခန်းမများမှရရှိသောဝင်ငွေ/ ထွက်ငွေများအားမည်ကဲ့သို့စီမံဆောင်ရွက်ထားရှိပြီးစာရင်းစစ်ရုံးမှပုံမှန်စစ်ဆေးဆောင်ရွက်ခြင်းရှိ/ မရှိနှင့်

မည်သူ၏ကြီးကြပ်မှုအောက်တွင်မည်ကဲ့သို့စီမံခန့်ခွဲဆောင်ရွက်နေသည်ကိုသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဇော်မင်းကဖြေကြားရာတွင်မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ကွပ်ကဲမှုအောက်ရှိမြို့နယ်စည်ပင်သာယာရေးအဖွဲ့များအနက်မြို့နယ် (၁၆)မြို့နယ်၌သာမြို့နယ်ခန်းမ(၁)ခုစီဖြင့်မြို့နယ်ခန်းမ (၁၆)ခုရှိပြီး၊မကွေးမြို့တော်ခန်းမအားမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှစီမံခန့်ခွဲပါကြောင်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှစီမံခန့်ခွဲပြီးငှားရမ်းအသုံးပြုနိုင်သည့်ခန်းမ(၁၁)ခု (ချောက်၊နတ်မောက်၊တောင်တွင်းကြီး၊ငဖဲ၊သရက်၊အောင်လံ၊မင်းတုန်း၊မင်းလှ၊ပခုက္ကူ၊မြိုင်၊ဂန့်ဂေါ)၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှစီမံခန့်ခွဲပြီးငှားရမ်းအသုံးမပြုနိုင်သည့်ခန်းမ(၃)ခု ( ဆင်ပေါင်ဝဲ၊ပေါက်၊ထီးလင်း)၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစီမံခန့်ခွဲပြီးငှားရမ်းအသုံးပြုနိုင်သည့်ခန်းမ(၁)ခု (ဆော)ဖြင့်စုစုပေါင်းခန်းမ(၁၆)ခုဖြစ်ပါကြောင်း၊မကွေးမြို့တော်ခန်းမ၏ငှားရမ်းခအခကြေးငွေများအားအာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်တွင်ခန်းမရန်ပုံငွေစာရင်းဖွင့်လှစ်၍ဌာနဆိုင်ရာနှုန်း (ကျပ်နှစ်သိန်း)၊ပုဂ္ဂလိကနှုန်း (ကျပ်ငါးသိန်းငါးသောင်း) အနက်မှ (ကျပ်သုံးသိန်း)ကိုအဆိုပါရန်ပုံငွေစာရင်းသို့ပေးသွင်းပါကြောင်း၊ပုဂ္ဂလိကငှားရမ်းခမှ (ကျပ်နှစ်သိန်းငါးသောင်း)ကိုဧရာဝတီဘဏ်တွင်ဒုဦးစီးမှူး(၂)ဦးပူးတွဲလက်မှတ်ရေးထိုးသည့်စနစ်ဖြင့်ဘဏ်စာရင်းဖွင့်လှစ်ပြီးအခမ်းအနားပြင်ဆင်စရိတ်၊ပစ္စည်းများငှားရမ်းခ၊သန့်ရှင်းရေးဆောင်ရွက်ခများအတွက်ထားရှိပါကြောင်း၊ခန်းမရန်ပုံငွေစာရင်းအတွက်အကြီးစားပြုပြင်ထိန်းသိမ်းခြင်းများကိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့်သုံးစွဲဆောင်ရွက်ပါကြောင်း၊၂၀၁၈ခုနှစ်၊မတ်လ(၂၂)ရက်အထိဘဏ်တွင်လက်ကျန်

ငွေစာရင်း (၆၀၀၀၂၆၀၄.၄၆) (ကျပ်သိန်းခြောက်ရာနှစ်ထောင်ခြောက်ရာ့လေးကျပ်နှင့်လေးဆယ့်ခြောက်ပြား) တိတိရှိပါကြောင်း၊အခမ်းအနားပြင်ဆင်စရိတ်၊သန့်ရှင်းရေးခအဖြစ်ဖွင့်လှစ်ထားသောဘဏ်စာရင်းမှာ၂၀၁၈ခုနှစ်၊မတ်လ(၂၂)ရက်နေ့အထိလက်ကျန်ငွေကျပ်(၁၆၁၄၄၂၉၈.၃၉) (ကျပ်တစ်ရာခြောက်ဆယ့်တစ်သိန်းလေးသောင်းလေးထောင်နှစ်ရာကိုးဆယ့်ရှစ်ကျပ်နှင့်သုံးဆယ့်ကိုးပြား) တိတိကျန်ရှိပါကြောင်း၊အထက်ပါဝင်ငွေများ၊အသုံးစရိတ်များကိုစာရင်းရုံးမှပုံမှန်စစ်ဆေးခြင်းမရှိဘဲဌာနတွင်းစစ်ဆေးရေးကော်မတီဖြင့်ပုံမှန်စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊မကွေးတိုင်းဒေသကြီးအတွင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှစီမံခန့်ခွဲပြီးငှားရမ်းအသုံးပြုနိုင်သည့်ခန်းမ(၁၀)ခု (ချောက်၊နတ်မောက်၊တောင်တွင်းကြီး၊ငဖဲ၊သရက်၊အောင်လံ၊မင်းတုန်း၊မင်းလှ၊ပခုက္ကူ၊မြိုင်)တွင်ခန်းမငှားရမ်းခရရှိငွေများအားစည်ပင်သာယာရေးအဖွဲ့၊အဆောက်အအုံနှင့်မြေငှားရမ်းငွေစာရင်းခေါင်းစဉ်သို့ပေးသွင်းပြီးခန်းမနှင့်ပတ်သက်၍အသုံးစရိတ်များကျခံသုံးစွဲရန်ရှိပါကဘတ်ဂျက်တွင်ထည့်သွင်းလျာထားသုံးစွဲပါကြောင်း၊သက်ဆိုင်ရာခရိုင်စာရင်းရုံးနှင့်မြို့နယ်စာရင်းရုံးများမှလည်းခန်းမငှားရမ်းမှုဝင်ငွေ/ ထွက်ငွေစာရင်းများအားပုံမှန်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ဂန့်ဂေါမြို့ရှိခန်းမအတွက်ငှားရမ်းခရရှိငွေများအားမြန်မာ့စီးပွားရေးဘဏ်ခွဲတွင်ငွေစာရင်းသီးခြားဖွင့်လှစ်၍စုဆောင်းထားရှိပြီးထုတ်ယူသုံးစွဲမှုမရှိပါကြောင်းနှင့်ခန်းမနှင့်ပတ်သက်၍ရငွေ/ သုံးငွေစာရင်းများအားမြို့နယ်စည်ပင်သာယာရေးကော်မတီ၏စီမံခန့်ခွဲမှုဖြင့်ထိန်းသိမ်းဆောင်ရွက်ရန်ဆုံးဖြတ်ထားရှိပါကြောင်း၊ဆောမြို့နယ်ခန်းမအားစည်ပင်သာယာရေးအဖွဲ့မှလွှဲပြောင်းလက်ခံရရှိပြီးဖြစ်သော်လည်းခန်းမငှားရမ်းခရရှိငွေနှင့်ခန်းမအသုံးပြုပစ္စည်းများအတွက်အသုံးစရိတ်ကျခံသုံးစွဲမှုကိုဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးမှစီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါကြောင်းနှင့်ခန်းမရငွေ/ သုံးငွေစာရင်းကိုလည်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ဆင်ပေါင်ဝဲမြို့နယ်ရှိခန်းမမှာသေးငယ်ပြီးငှားရမ်းသုံးစွဲမည့်သူမရှိသည့်အတွက်ခန်းမငှားရမ်းခရငွေ/ သုံးငွေမရှိပါကြောင်း၊ပေါက်မြို့နယ်နှင့်ထီးလင်းမြို့နယ်ရှိခန်းမများမှာဟောင်းနွမ်းပျက်စီးနေပါသဖြင့်ခန်းမငှားရမ်းခရငွေ/သုံးငွေမရှိပါကြောင်း၊ထီးလင်းမြို့နယ်ခန်းမအားပြန်လည်တည်ဆောက်နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းဖြေကြားခဲ့ပါသည်။