ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၉-၄-၂၀၁၈ )

ဒုတိယအကြိမ် အဆို/မေးခွန်းများ

ဧပြီလ၉ရက်နေ့တွင်ကျင်းပသောမကွေးတိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအဝေးတွင်ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှဦးတင့်လွင်ကပမာဏများပြားသော၈၀ဘီလီယံခန့်လမ်းလုပ်ငန်းများအားတာဝန်ရှိသူများအနေဖြင့်ယခုထက်ပိုသောနည်းများဖြင့်စိစစ်ထိန်းကျောင်းရန်အစီအစဉ်ရှိ/ မရှိသိရှိလိုကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်းမေးမြန်းခဲ့ပါသည်။

 

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဦးတင်နွယ်ဦးကဖြေကြားရာတွင်လမ်းတံတားလုပ်ငန်းတစ်ခုချင်းစီ၏လုပ်ငန်းတန်ဖိုးများကိုမကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြ၍ခွင့်ပြုချက် နှင့်အညီဌာနမှဆောင်ရွက်ခြင်း၊လုပ်ငန်းတင်ဒါဖြင့်ဆောင်ရွက်ခြင်းတို့ကိုဆက်လက်ဆောင်ရွက်ရပါကြောင်း၊အရည်အသွေးစိစစ်ထိန်းသိမ်းရာတွင်ဆောက်လုပ်ရေးဝန်ကြီးဌာန(ရုံးချုပ်)မှQC/AC စစ်ဆေးခြင်း၊လုပ်ငန်းသုံးပစ္စည်းများကိုဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်းနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေး ကော်မတီနှင့်ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီနှင့်မိမိဌာနအဆင့်ဆင့်အလိုက်အင်ဂျင်နီယာတို့မှကြပ်မတ်ဆောင်ရွက်လျက်ရှိသည့်အပြင်တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်မှစာရင်းစစ်ရုံးနှင့်ဌာနအတွင်းစာရင်းစစ်တို့၏စစ်ဆေးမှုကိုလည်းခံယူရပါကြောင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း ဆောင်ရွက်လျက်ရှိသောလမ်းလုပ်ငန်းများ၊တံတားလုပ်ငန်းများ၊အဆောက်အဦလုပ်ငန်းများနှင့်ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအားThird Party စနစ်ဖြင့်စိစစ်ဆောင်ရွက်သွားနိုင်ပါရန်နှင့်Third Party အဖွဲ့များတာဝန်ပေးအပ်ရန်အခက်အခဲရှိပါကတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းခွဲများမှဖွဲ့စည်းထားသည့်MICEG ( Myanmar International Consultant Engineering Group) အဖွဲ့ဝင်များအားညှိနှိုင်းခေါ်ယူတာဝန်ပေးနိုင်ပါကြောင်းကိုတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့အကြောင်းကြားထားရှိပါကြောင်း၊လမ်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီးအနေဖြင့်ဆောင်ရွက်နေသောလမ်းများ၊တံတားများ၊ရေကျော်များ၏အရည်အသွေးများကို ဆောက်လုပ်ရေးဝန်ကြီးဌာန(ရုံးချုပ်)မှကျွမ်းကျင်ပညာရှင်များ၏ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုချက်Technical Sanction ချမှတ်ပေးခြင်းနှင့်QA & QC စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပြီးအမှီခိုကင်းသောThird Party အဖွဲ့အစည်းများကအရည်အသွေးစစ်ဆေးပေးနိုင်ရေးအားညွှန်ကြားချက်များနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။