ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီဖွဲ့စည်းခြင်း
ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး(ဒသမနေ့)တွင် လွှတ်တော်၏ အတည်ပြုချက်အရ မကွေးတိုင်းဒေသကြီးလွှတ်တော် “ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီ”ကို အောက်ပါပုဂ္ဂိုလ်များပါဝင်သော ကော်မတီဝင် (၇)ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်လိုက်သည် –
(က) ဒေါ်စန်းစန်းဝင်း ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ
( ခ ) ဦးသိန်းလှ ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( ဂ ) ဒေါ်ဇင်နီနီဝင်း ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
(ဃ) ဒေါ်ယဉ်ယဉ်အောင် ထီးလင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( င ) ဦးအေးကျော် အောင်လံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( စ ) ဗိုလ်မှူးကိုကို တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
(ဆ) ဦးဇော်မိုးအောင် သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အတွင်းရေးမှူး
၂။ ဤကော်မတီသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ ၊ ပုဒ်မခွဲ (ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့်ဖြစ်သည်။
ကော်မတီ၏တာဝန်များ
၃။ ကော်မတီသည် –
(က) ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဆက်စပ်သည့် ဌာနဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဌာနများက ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များ၊ ရည်မှန်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ရမည်၊
( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများပါ ပြဌာန်းချက်များနှင့် ညီညွတ်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ရမည်၊
( ဂ ) လူမှုရေး၊ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကူညီ ဆောင်ရွက်ပေးရမည်၊
(ဃ) လူမှုရေးလုပ်ငန်းများတွင် ကော်မတီသည် အဓိကအခြေခံကျသော ကျန်းမာရေးကဏ္ဍ အတွက် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်ရေး၊ လူတိုင်း ရောဂါဘယ ကင်းရှင်းရေးတို့ကို အခြေခံပြီး မြို့၊ ရွာမက ကျေးလက်ဒေသပါမကျန် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်သွားရမည်၊
( င ) ပညာရေးမြှင့်တင်မှုဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးရန်နှင့် ပြည်သူတို့၏ ပညာရေးတိုးတက်စေရေးတွင် ကူညီဆောင်ရွက် ပေးရမည်၊
( စ ) ဘက်စုံအတွေးအခေါ်၊ အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ကို ဖော်ဆောင်ရေးတွင် ကူညီဆောင်ရွက်ပေးရမည်၊
(ဆ) ပညာရေးကဏ္ဍတွင် တိုင်းဒေသကြီးအတွင်း အဆင့်မြင့်တက္ကသိုလ်များ၊ ကောလိပ်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းကျောင်းများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများနှင့်ဆိုင်သော ပညာရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်၊
(ဇ) ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက် ပေးရန်နှင့် ပြည်သူတို့၏ ကျန်းမာရေးတိုးတက်စေရေးအတွက် အလေးထား ဆောင်ရွက်ရမည်၊
(ဈ) မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာရေးရာကိစ္စရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ မြှင့်တင်ဆောင်ရွက်ခြင်းနှင့် အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက် ပေးရမည်၊
(ည) သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများနှင့်ခိုလှုံရာ ခိုင်ခံ့သည့် အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးရမည်၊
(ဋ) သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျှက် ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဌာန်းရန်များ တွေ့ရှိပါက လွှတ်တော်သို့ တင်ပြရမည်။
၄။ ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရမည်။
၅။ ကော်မတီသည် ကော်မတီ၏လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးစဉ်းစားရာ၌ တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့်နည်းလမ်းအတိုင်း ဆွေးနွေးစဉ်းစားရမည်။
၆။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦး ပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကို သော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူ ပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်းထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၇။ ကော်မတီအစည်းအဝေးများကို ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၅ ပါ ပြဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၈။ ကော်မတီသည် –
(က) ခန့်အပ်ထားသည့် ကော်မတီဝင်သို့မဟုတ် အဖွဲ့ဝင်စုစုပေါင်းဦးရေ၏ ထက်ဝက်ထက် မနည်း တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်၊
( ခ ) နိုင်ငံတော်နှင့် ပြည်သူတို့အား အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များ၊ ပြည်သူများနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပြုချက်များ၊ ဝေဖန်သုံးသပ်ချက် များကို စိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊
( ဂ ) ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေးတွင် တင်ပြရမည်၊
(ဃ) ယင်းအစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန် ပေးအပ်သည့် ကော်မတီဝင်တစ်ဦးသည် လွှတ်တော်သို့တင်သွင်းရမည်၊
( င ) ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည် အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက် များကိုရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊
( စ ) ကော်မတီကတင်သွင်းသော အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များမှ ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိစေရ၊
(ဆ) တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ သီးခြားညွှန်ကြားချက်မရှိလျှင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စများနှင့်စပ်လျဉ်း၍ ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍ (၁၅)ရက်အတွင်း(ရုံးပိတ်ရက်မပါ) ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံတင်ပြရမည်၊
၉။ အပိုဒ်(၈)အရ ကော်မတီ၏တင်ပြချက်နှင့်အကြံပြုချက်များသည် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်းသော တင်ပြချက်၊ အကြံပြုချက်များဖြစ်ရမည်။
၁၀။ ကော်မတီဝင်များသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေနှင့် တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
( ခ ) တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီအများဆုံး နှစ်ခုအထိပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊
( ဂ ) ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသောအကျိုးအကြောင်းဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။
၁၁။ ကော်မတီသည် လွှတ်တော်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများက အခါအားလျော်စွာ ပေးအပ်ခဲ့သည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စိစစ်ရာတွင် –
(က) ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ခံသူမလို၊
( ခ ) ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီးဆွေးနွေးခွင့်ရှိသည်၊
( ဂ ) တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့်တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သောအကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူ များအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၁၂။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကိုဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကိုခံစားခွင့် ရှိသည့်အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကသတ်မှတ်သည့်ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
၁၃။ ကော်မတီဝင်များသည် –
(က) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
( ခ ) ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဂ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။
ကော်မတီ၏သက်တမ်း
၁၄။ မကွေးတိုင်းဒေသကြီးလွှတ်တော် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ သက်တမ်းသည် တိုင်းဒေသကြီးလွှတ်တော် သက်တမ်းနှင့် အညီဖြစ်ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီသက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်၊ အစားထိုးတာဝန်ပေးအပ်နိုင်သည်။
ဦးတာ
ဥက္ကဋ္ဌ