ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အဌမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မိန့်ခွန်း
မိန့်ခွန်းများလေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်း ပြည်သူများအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ ကိုယ်စားလှယ်ကြီးများအနေနဲ့ မကွေးတိုင်း ပြည်သူများရဲ့ တစ်ခဲနက် ထောက်ခံဆန္ဒပေးရွေးချယ်မှုကို ရရှိခဲ့တဲ့အတွက်လည်း အထူး ဝမ်းမြောက်ဂုဏ်ယူပါကြောင်းပြောကြားလိုပါတယ်။ ထို့အတူ အခုဖွဲ့စည်းပြီးတဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဒီလိုတာဝန် ပေးအပ်မှုအပေါ် အလေးအနက် ခံယူပြီး နိုင်ငံ့တာဝန်၊ ပြည်သူ့တာဝန်တွေကို ဦးဆွေးဆံမြေ့ ထမ်းရွက် သယ်ပိုးသွားမှာဖြစ်ကြောင်း ဒီနေရာကနေ အလေးအနက်ထား ကတိပြု ပြောကြားလိုပါတယ်။
ဒီနေ့ဒီအချိန်အခါမှာ ကျွန်တော်တို့အားလုံးအတွက် နိုင်ငံနဲ့ ပြည်သူများအတွက် ပိုမို ကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးနိုင်ဖို့ ဒီနေရာမှာ စုဝေးရောက်ရှိကြခြင်းဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ကြတဲ့အခါမှာ မိမိတို့တစ်ဦးချင်း အကျိုးစီးပွားနဲ့ ပါတီရဲ့အကျိုး စီးပွားတွေထက် တိုင်းပြည်နဲ့ လူမျိုးအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားကိုသာ အမြဲတမ်းဦးထိပ် ပန်ဆင်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ အလေးအနက်ထားပြီး ပြောကြားလိုပါတယ်။
ယခင်က မည်သည့်ပါတီကို ကိုယ်စားပြုခဲ့သည်ဖြစ်စေ ယခုအချိန်မှာ မကွေးတိုင်း ဒေသကြီး လွှတ်တော်က အတည်ပြုတာဝန် ပေးအပ်ခဲ့တဲ့ ဝန်ကြီးချုပ် ဖြစ်နေပြီဖြစ်တဲ့ အတွက် အခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီ ပါတီစွဲမထားဘဲ ဒေသတာဝန်တွေကို ကြိုးပမ်းထမ်းဆောင်သွားမှာဘဲ ဖြစ်ပါတယ်။ ထို့အတူ ဥပဒေပြုရေး၊ တရားစီရင်ရေး ကိစ္စတွေကိုလည်း အခြေခံဥပဒေနဲ့အညီသာ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။ နိုင်ငံရေးပါတီများ အနေနဲ့လည်း လွှတ်တော်အတွင်း လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ သဘောထားအမြင်တွေ ကွဲပြားမှာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားအကျိုးစီးပွားကို ဘုံအကျိုးစီးပွားအဖြစ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ အကြံပြုပြောကြားလိုပါတယ်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေး သမိုင်းမှာ အစဉ်အလာလိုဖြစ်နေတဲ့ အစိုးရနဲ့အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင် ဆောင်တဲ့ အမြင်သဘောထားတွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားအပေါ်အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် လက်တွဲ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တည်ငြိမ်အေးချမ်းဖို့အတွက် အစိုးရရဲ့အာဏာစက်ဟာ တိုင်းပြည်အနှံ့ ပျံ့နှံ့လွှမ်းခြုံသက်ဝင်နေဖို့ လိုအပ်ပါတယ်။ ထို့အတူ နိုင်ငံတကာနယ်ပယ် အသိုင်းအဝိုင်း မှာလည်း လေးစားခန့်ညားလောက်တဲ့ အဆင့်အတန်းမျိုးပိုင်ဆိုင်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒါကြောင့် အစိုးရအုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ မွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ရင်း တစ်ဖက်ကလည်း ခိုင်မာအားကောင်းတဲ့အစိုးရသစ်တစ်ရပ်အဖြစ် ပိုင်ပိုင်နိုင်နိုင် ရပ်တည်သွားနိုင် အောင် ကြိုးပမ်းဆောင်ရွက်သွားရမှာဘဲ ဖြစ်ပါတယ်။
၂
ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဆိုတဲ့ တို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး တာဝန်အဖြစ် လည်းကောင်း၊ အမျိုးသားရေးမူဝါဒအဖြစ်လည်းကောင်း ချမှတ်ကျင့်သုံး ဆောင်ရွက် သွားမယ်ဆိုတာ တင်ပြလိုပါတယ်။
ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ လူဦးရေ(၅၅)သိန်းကျော် ရှိတဲ့အနက်မှာ ကျေးလက် ပြည်သူဟာ (၈၀)ရာခိုင်နှုန်းခန့်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျေးလက်ဖွံ့ဖြိုးရေးမူ (၅)ရပ်ဖြစ်တဲ့ တစ်နည်းအားဖြင့် ကျေးလက်နေပြည်သူများရဲ့အဓိက လိုအပ်ချက်ဖြစ်တဲ့ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သောက်သုံးရေရရှိရေး၊ ပညာရေးအဆင့်အတန်းမြင့်မားရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားရေးနဲ့ ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက်ဖြည့်ဆည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်ဆိုတာ တင်ပြလိုပါတယ်။
ဒါ့အပြင် တိုင်းအတွင်းစတင်တည်ဆောက်နေပြီဖြစ်တဲ့ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်သစ် အတွက် လိုအပ်မယ့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခြေခံကောင်းတွေကို ရရှိပိုင်ဆိုင် ထားပြီးလည်း ဖြစ်ပါတယ်။ အဲဒီအခြေခံကောင်းတွေကို ဆက်လက်ရှင်သန်ဖွံ့ဖြိုးလာအောင် အရှိန် အဟုန်မြှင့်ဆောင်ရွက်သွားကြဖို့ လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်အချို့ကို တင်ပြလိုပါတယ်။ အဲဒါတွေကတော့ ပထမအချက်အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တိုးပြီးတော့ လိုက်နာနိုင်မှသာ စည်းကမ်းပြည့်ဝပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို ရောက်ရှိနိုင်မှာဘဲ ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးကို အဓိကအားထားရတဲ့ ဒေသကြီးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးရေးကို အခြေခံပြီး အခြားစီးပွားရေးကဏ္ဍတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း ပြည်တွင်းပြည်ပက အရင်းအနှီးနဲ့ အတတ်ပညာရှင် တွေကို ဖိတ်ခေါ်ဆောင်ရွက်သွားကြဖို့ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဘဲ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှသာ မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ စက်မှုတိုင်းတစ်တိုင်းအဖြစ် ဖော်ဆောင် လုပ်နိုင်မှာဖြစ်သလို အခြားပြည်နယ်နှင့် တိုင်းတွေနဲ့လည်း ရင်ပေါင်တန်းနိုင်မယ့် တိုင်းတစ်တိုင်းဖြစ်လာမှာ ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။
တတိယအချက်အနေနဲ့ မြန်မာ့သမိုင်းနဲ့အညီ ပြောင်းလဲပေါ်ထွန်းခဲ့တဲ့ တိုင်းတစ်တိုင်း ဖြစ်တဲ့အတွက် ခေတ်အဆက်ဆက် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားခဲ့တဲ့ မကွေးတိုင်းဒေသကြီးရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ အမျိုးသားရေးလက္ခဏာတွေကို ထိန်းသိမ်းစောင့်ရှောက်ရင်း ပြည်သူ တွေရဲ့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍကို တိုးတက်အောင် ကြံဆဆောင်ရွက်သွားကြရမှာ ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။
၃
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာ နည်းတစ်ခုဖြစ်တဲ့ GDPလို့ခေါ်တဲ့ အသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး တိုးတက်မြင့်မား အောင်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်လို့ မကွေးတိုင်းဒေသကြီးရဲ့ အခြေအနေကို အနည်းငယ် တင်ပြလိုပါတယ်။ မကွေးတိုင်းဒေသကြီးဟာ နိုင်ငံရဲ့ အဓိကစီးပွားရေးတိုင်း (၆)တိုင်းမှာ ပါဝင်တဲ့ တိုင်းတစ်တိုင်းဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၁ခုနှစ်၊ မတ်လကုန်၊ ဘဏ္ဍာရေးနှစ်ကုန်မှာ ကျွန်တော်တို့အနေနဲ့ အကောင်အထည်ဖော်ရမှာ ကျပ်သန်းထောင်ပေါင်း (၁၉၀၀)ဘီလီယံ ရှိပါတယ်။ အဲဒီလို အကောင်အထည်ဖော်ရမှာ ဖြစ်သလို တစ်ဦးချင်းဝင်ငွေကိုလည်း (၆)သိန်း(၃)သောင်းကျော် ရရှိအောင် ကြိုးစားနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီးအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်ကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်စီးပွားရေး စီမံကိန်းအရ ရှေ့လာမယ့် ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ (၃၉၇၇)ကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ (၅)နှစ် စီမံကိန်းရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ (၅၀၉၉) ရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထို့အတူတိုးတက်မှုနှုန်းကိုလည်း (၆.၉%)ရရှိအောင် ကြိုးစားသွားရမှာ ဖြစ်သလို ကျွန်တော်တို့အနေနဲ့ တစ်ဦးချင်းဝင်ငွေကိုလည်း ကျပ်(၁၀)သိန်းထိရရှိအောင် ကြိုးစာ သွားရမှာ ဖြစ်တယ်ဆိုတာတင်ပြလိုပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာလည်း အစနှစ်က လယ်ယာကဏ္ဍမှာ GDPပါဝင်မှုဟာ (၄၃%) ကနေ (၃၇%)ထိ ပါဝင်ရမှာဖြစ်ပြီး စက်မှုကဏ္ဍကို (၁၈%)ကနေ (၂၀.၄%)အထိ တိုးတက်လာအောင်ကြိုးစားဆောင်ရွက်ရမှာ ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။
ဒါ့အပြင် တစ်ပြိုင်နက်တည်းမှာလည်း ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများရဲ့ အရအသုံးငွေစာရင်း လျာထားချက်များကဲ့သို့ဘဲ တိုင်းဒေသကြီးအတွင်းမှာလည်း အရအသုံးငွေစာရင်းများကို ရေးဆွဲဆောင်ရွက်သွားကြရမှာ ဖြစ်ပါ တယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ လွှတ်တော်အသီးသီးမှာ ပေးသွင်းရမယ့် အခွန်အခများကို ဇယား(၂)နဲ့ ဇယား(၅)တို့မှာ ဖော်ပြပါရှိတဲ့ အတိုင်း ကောက်ခံပေးသွင်းရမှာဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းများအနေနဲ့ ကောက်ခံရန်သတ်မှတ်ထားတဲ့ ရငွေများနဲ့ အခွန် အခများ၊ အသုံးစရိတ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနဲ့အညီ ဖြစ်စေရန်လည်း ကောင်း၊ တည်ဆဲဥပဒေပါ ပြဌာန်းချက်များ နဲ့အညီ ဖြစ်စေရန်လည်းကောင်း စီမံခန့်ခွဲ၊ လမ်းညွှန်၊ ကြီးကြပ်၊ စစ်ဆေးဆောင်ရွက်သွားမယ်ဆိုတာ တင်ပြလိုပါတယ်။
စီးပွားရေးကဏ္ဍအနေနဲ့ နိုင်ငံတော်ကကျင့်သုံးနေတဲ့ စျေးကွက်စီးပွားရေးစနစ်ကို နိုင်ငံတော်၊ ဒေသဆိုင်ရာအဖွဲ့အစည်း၊ သမဝါယမ၊ ပုဂ္ဂလိက စတဲ့ စီးပွားရေးအင်အားစုများပါဝင်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးကို အဖက်ဖက်က အားပေးကူညီ ဆောင်ရွက် သွားမယ်ဆိုတာ တင်ပြလိုပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ ရင်းနှီးမြှုပ်နှံပြီးဖြစ်တဲ့ တိုင်းရင်းသား
၄
လုပ်ငန်းရှင်များရဲ့စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေမယ့်အပြင် ထုတ်ကုန် အမယ်သစ်များကိုလည်း ရှာဖွေဖော်ထုတ်သွားရမှာဘဲ ဖြစ်ပါတယ်။ တောင်သူလယ်သမားများနဲ့ အလုပ်သမားတွေဟာ နိုင်ငံတော်ရဲ့ အဓိကအင်အားဖြစ်တဲ့အတွက် လုပ်လျှင်လုပ်သလောက် အကျိုးရှိအောင်၊ သင့်တင့်မျှတတဲ့ လူနေမှုဘဝမြင့်တက်လာအောင် ဖော်ဆောင်သွားရမှာဘဲ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မကွေးတိုင်းဒေသကြီးအနေနဲ့ ဒေသဝမ်းစာဖူလုံမှု မရှိသေးတဲ့ တိုင်းတစ်တိုင်းလည်းဖြစ်ပါတယ်။ မနှစ်က တိုင်းအတွင်းလူဦးရေ (၅၅)သိန်းကျော်အတွက် မိုးစပါးအမှန်စိုက် ဧက (၈.၈)သိန်းနဲ့ နွေစပါးအမှန်စိုက်ဧက (၁.၅)သိန်း၊ စုစုပေါင်း (၁၀)သိန်းကျော်ကို စိုက်ခဲ့တဲ့အခါမှာ ဆန်ဖူလုံမှု (၉၈%) သာ ရရှိပါသေးတယ်။ ဒီနှစ်မှာ မိုးစပါးဧက(၈.၉၂)သိန်း စိုက်ခဲ့ပြီး၊ နွေစပါး (၁.၆)သိန်းကျော် စိုက်ဖို့ဆောင်ရွက်နေပါတယ်။ ဒေသဝမ်းစာဖူလုံမှုကို (၁၀၂%)ရရမယ်ဆိုတဲ့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်နေတာဖြစ်တယ် ဆိုတာ တင်ပြလိုပါတယ်။
ဒါကလည်း ဆီဖူလုံမှုအနေနဲ့ တိုင်းအတွင်းမှာ (၄၀၀%)ကျော်၊ ပဲဖူလုံမှုအနေနဲ့ (၇၀၀%)ကျော် ရှိပေမယ့် ဆန်ဝယ်စားနေရတဲ့ဘဝက လွတ်မြောက်နိုင်အောင် ပြည်သူတွေအနေနဲ့ ဒေသထွက်ဆန်နဲ့ ရပ်တည်နိုင်အောင် ကြိုးစားသွားရမှာဖြစ်ပါတယ်။ ဒီလိုကြိုးစားတဲ့အခါမှာ မှန်ကန်သေချာတဲ့ မိုးစပါး/နွေစပါး စိုက်ပျိုးနိုင်အောင် ဆက်ပြီးကြိုးပမ်းသွားရမယ်ဆိုတာ တင်ပြလိုပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီးဟာ တစ်ချိန်က Semi Desert ခေါ်တဲ့ သဲကန္တာရ အသေးစားပမာ ဖြစ်ခဲ့ရပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့လို့ဘဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)ကျော်ကစပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး စီမံချက် တွေ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့အတွက် ရာသီဥတုနဲ့ မိုးရေချိန်ပြောင်းလဲလာတာ အားလုံးအသိဖြစ်ပါတယ်။ ဒီဟာတွေရဲ့ သင်္ကေတကိုကြည့်မယ်ဆိုလျှင် မျက်ခမ်းစပ်ရောဂါ၊ အနာကြီး ရောဂါ စတာတွေဟာ အားလုံးကင်းဝေးလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ စိမ်းလန်းစိုပြေရေး စီမံကိန်းတွေ အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ တင်ပြလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့ကို တစ်ခဲနက်ထောက်ခံရွေးချယ် တာဝန်ပေးအပ်လိုက်တဲ့ မကွေးတိုင်းဒေသကြီးပြည်သူများရဲ့ စေတနာအပေါ်မှာ တန်ဖိုးထားလေးစားပြီး တိုင်းဒေသကြီး အတွင်း ပြည်သူများရဲ့ အနာဂတ်ဘဝသာယာလှပစည်ပင်ခန့်ညားအောင်၊ ဒီမိုကရေစီနိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ကျွန်တော်တို့ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှ စွမ်းဆောင်ကြိုးပမ်း သွားပါမယ်လို့ ကတိပြုပြောကြားရင်း တစ်ဖက်ကလည်း ကျွန်တော်တို့နဲ့အတူ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်တိုက်တွန်းရင်း နိဂုံးချုပ် ပါတယ်။