ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေ(မူကြမ်း) အပေါ်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ        ရက်

နိဒါန်း

၁။       ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ၊ ၂၃ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် မကွေးတိုင်း ဒေသကြီးလွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင် ရေယာဉ်များစနစ်တကျပြေးဆွဲရေး ဥပဒေ(မူကြမ်း)ကို မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၂။       ယင်း ဥပဒေ(မူကြမ်း)အား ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၉၀(က)အရ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉(က) နှင့်အညီ တင်သွင်းခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ အနေဖြင့် ယင်းဥပဒေ(မူကြမ်း)အပေါ် စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉ (ခ)နှင့်အညီ လွှတ်တော် သို့ တင်ပြသွားမည်ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်

၃။       ဤဥပဒေ(မူကြမ်း)အား လေ့လာရာတွင် အောက်ပါအတိုင်း နိဒါန်းနှင့် အခန်း(၁၁)ခန်း ပါရှိကြောင်း လေ့လာတွေ့ရှိရပါသည် –

(က)     နိဒါန်း

( ခ )    အခန်း(၁)        အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

( ဂ )    အခန်း(၂)         ကော်မရှင်ဖွဲ့စည်းခြင်း

(ဃ)     အခန်း(၃)        ကော်မရှင်၏ လုပ်ငန်းတာဝန်များ

( င )     အခန်း(၄)        ကော်မတီဖွဲ့စည်းခြင်း

( စ )    အခန်း(၅)        ကော်မတီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ

(ဆ)     အခန်း(၆)        ဝန်ထမ်းဖွဲ့စည်းပုံ

( ဇ )    အခန်း(၇)        ဘဏ္ဍာရေး

( စျ )    အခန်း(၈)        စာရင်းစစ်ဆေးခြင်း

(ည)     အခန်း(၉)        စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

( ဋ )    အခန်း(၁၀)      ပြစ်မှုနှင့် ပြစ်ဒဏ်များ

( ဌ )     အခန်း(၁၁)      အထွေထွေ တို့ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာသုံးသပ်ချက်

၄။       ဤဥပဒေ(မူကြမ်း) အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဂ)တွင် ဝန်ကြီးဆိုသည်မှာ မကွေးတိုင်း ဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကိုဆိုသည်ဟု ဖော်ပြပါရှိပါသည်။ ယင်းစကားရပ်အား ဝန်ကြီးဌာနဆိုသည်မှာ မကွေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို ဆိုသည်ဟု ပြင်ဆင်သင့်ပါသည်။

၅။       ဤဥပဒေ(မူကြမ်း) အခန်း(၁)၊ ပုဒ်မ ၂ တွင် ပုဒ်မခွဲ(ဃ) အဖြစ် ဦးစီးဌာန ဆိုသည်မှာ မကွေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကို ဆိုသည်ဟူသော စကားရပ် အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြည့်စွက်ထည့်သွင်းသင့်ပါသည်။

၆။       ဤဥပဒေ(မူကြမ်း) အခန်း(၁)၊ ပုဒ်မ ၂ တွင် ပုဒ်မခွဲ(ဃ)အား ပုဒ်မခွဲ(င)အဖြစ်လည်းကောင်း၊  (င)အား (စ)အဖြစ်လည်းကောင်း၊ (ဆ)အား (ဇ) အဖြစ်လည်းကောင်း၊ (ဇ)အား (စျ)အဖြစ် လည်းကောင်း၊ (စျ)အား (ည)အဖြစ်လည်းကောင်း၊ (ည)အား (ဋ)အဖြစ်လည်းကောင်း၊ (ဋ)အား (ဌ)အဖြစ်လည်းကောင်း၊ (ဌ)အား (ဍ) အဖြစ်လည်းကောင်း၊ (ဍ)အား (ဎ)အဖြစ်လည်းကောင်း၊ (ဎ)အား (ဏ) အဖြစ်လည်းကောင်း (ဏ)အား (တ) အဖြစ်လည်းကောင်း ပြင်ဆင်သင့်ပါသည်။

၇။       ဤဥပဒေ(မူကြမ်း) အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ည)တွင် ရေယာဉ်ဆိုသည်မှာ စက်စွမ်းအား ဖြင့်သော်လည်းကောင်း၊ အခြားစွမ်းအင်တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း ရေပြင်တွင် မောင်းနှင် သွားလာနိုင်သည့် ပုဂ္ဂလိကပိုင်ရေယာဉ်ကို ဆိုသည်ဟု ဖော်ပြပါရှိပါသည်။ ယင်းစကားရပ်အား ရေယာဉ်ဆိုသည်မှာ စက်စွမ်းအားဖြင့်သော်လည်းကောင်း၊ စက်မဲ့ဖြင့်သော်လည်းကောင်း၊ စွမ်းအင် တစ်မျိုးမျိုးဖြင့်သော်လည်းကောင်း ရေပြင်တွင် မောင်းနှင်သွားလာနိုင်သည့် ပုဂ္ဂလိကပိုင်ရေယာဉ်ကို ဆိုသည်ဟု ဖြည့်စွက်ပြင်ဆင်သင့်ပါသည်။

၈။       ဤ ဥပဒေ(မူကြမ်း) အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဌ)တွင် ရေယာဉ်လိုင်းဆိုသည်မှာ မကွေးတိုင်းဒေသကြီးအတွင်း မြို့တစ်မြို့မှ အခြားတစ်မြို့သို့လည်းကောင်း၊ ဒေသတစ်ခုမှ အခြား ဒေသတစ်ခုသို့လည်းကောင်း သွားလာပြေးဆွဲနေသည့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတို့ကို ဆောင်ရွက် ရန်အတွက် ပုဂ္ဂလိကပိုင်ရေယာဉ်များဖြင့် ဖွဲ့စည်းထားသော ရေယာဉ်လိုင်းကိုဆိုသည် ဟုဖော်ပြပါရှိ ပါသည်။ ယင်းစကားရပ်အား ရေယာဉ်လိုင်းဆိုသည်မှာ တိုင်းဒေသကြီးအတွင်း မြို့တစ်မြို့မှ အခြားတစ်မြို့ သို့လည်းကောင်း၊ ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့လည်းကောင်း သွားလာပြေးဆွဲနေသည့် ခရီးသည်တင်ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကပိုင်ရေယာဉ်များဖြင့် ဖွဲ့စည်းထားသော ရေယာဉ်လိုင်းကို ဆိုသည်ဟု ပြင်ဆင်သင့်ပါသည်။

၉။       ဤ ဥပဒေ(မူကြမ်း) အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဍ)တွင် ရေယာဉ်အသင်းဆိုသည်မှာ မကွေးတိုင်းဒေသကြီးအတွင်း ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်း တစ်ခုခုကိုသော် လည်းကောင်း၊ လုပ်ငန်း တစ်ခုထက်ပို၍သော် လည်းကောင်း ဆောင်ရွက်သည့် ပုဂ္ဂလိကပိုင်ရေယာဉ်များဖြင့် ဖွဲ့စည်းထားသော ရေယာဉ်အသင်းကို ဆိုသည်ဟု ဖော်ပြပါရှိပါသည်။ ယင်းစကားရပ်အစား ရေယာဉ်အသင်းဆိုသည်မှာ တိုင်းဒေသကြီး အတွင်း ခရီးသည်ပို့ဆောင်ခြင်းလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းနှင့် အခြားစီးပွားရေး လုပ်ငန်း တစ်ခုခုကိုသော် လည်းကောင်း၊ လုပ်ငန်း တစ်ခုထက်ပို၍သော် လည်းကောင်း ဆောင်ရွက် သည့် ပုဂ္ဂလိကပိုင်ရေယာဉ်များဖြင့် ဖွဲ့စည်းထားသော ရေယာဉ်အသင်းကို ဆိုသည်ဟု ပြင်ဆင် သင့်ပါသည်။

၁၀။     ဤဥပဒေ(မူကြမ်း) အခန်း(၁)၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (တ)အား ပယ်ဖျက်သင့်ပါသည်။

၁၁။     ဤဥပဒေ(မူကြမ်း) အခန်း(၁၁)၊ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)တွင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာနသည် နည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်ဟု ဖော်ပြပါရှိ ပါသည်။ ယင်းစကားရပ်အား ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်ဟု ပြင်ဆင်သင့်ပါသည်။

၁၂။     ဤဥပဒေ(မူကြမ်း) အခန်း(၁၁)၊ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(ခ)တွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြပါရှိပါသည်။ ယင်းစကားရပ်အား ဦးစီးဌာနသည် လိုအပ်သော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်ဟု ပြင်ဆင် သင့်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၁၃။     ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် ဤဥပဒေ(မူကြမ်း)အား မူအားဖြင့် သဘောတူ ပါသည်။

၁၄။     သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးပုဂ္ဂလိကပိုင်ရေယာဉ်များစနစ်တကျပြေးဆွဲရေးဥပဒေအား ပြင်ဆင်ချက်များဖြင့် အတည်ပြုပေးနိုင်ပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

ဥ က္က ဋ္ဌ

ဥပဒေပြုရေးဆိုင်ရာကော်မတီ

မကွေးတိုင်းဒေသကြီးလွှတ်တော်