ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ အပေါ်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ      ရက်

၁။       ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ   ၂၃ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့များ ဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၂။       ယင်းဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၉၀(က)အရ မကွေးတိုင်းဒေသကြီး လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၃၉(က)နှင့် အညီ တင်သွင်းခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ အနေဖြင့် ယင်းပြင်ဆင်သည့် ဥပဒေအပေါ် စိစစ်လေ့လာ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉(ခ)နှင့်အညီ လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်

၃။       ယင်းပြင်ဆင်သည့် ဥပဒေတွင် အသစ်ဖြည့်စွက်ချက် ၁ ချက်နှင့် ပြင်ဆင်ဖြည့်စွက်ချက် ၄ချက် စုစုပေါင်း ၅ ချက် ပါရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာသုံးသပ်ချက်

၄။       မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂ တွင် အပိုဒ်ခွဲ(တ) အဖြစ် “ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ဆိုသည်မှာ ယခင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် မြို့စည်ပင်သာယာရေးအဖွဲ့များအား ဥပဒေနှင့် အညီ ကြီးကြပ်ကွပ်ကဲရန် ဖွဲ့စည်းထားသော တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ထမ်း အဖွဲ့ကို ဆိုသည်” ဟူသော အဓိပ္ပာယ်ဖော်ပြချက်အား ထပ်မံဖြည့်စွက်ဖော်ပြထားသည်ကို လေ့လာတွေ့ရှိ ရပါသည်။

၅။       မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)တွင် ပုဒ်မခွဲ(က) အရ ဖွဲ့စည်းရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ မြို့များ၌ မြို့ပြစည်ပင် သာယာရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်ကို သတ်မှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားရာယင်းစကားရပ်အစား“ပုဒ်မခွဲ(က)အရဖွဲ့စည်းရာတွင်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ နယ်နိမိတ်အတွင်းရှိ   မြို့များနှင့်   ကျေးရွာများကို      မြို့ပြစည်ပင်သာယာရေး   လုပ်ငန်းများဆောင်ရွက်နိုင်ရန် အလို့ငှာ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထည့်သွင်း ဖွဲ့စည်း သတ်မှတ်နိုင်သည်” ဟု ပြင်ဆင်ဖြည့်စွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၆။       မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေပုဒ်မ ၈၀တွင် မည်သူမဆို ပုဒ်မ ၇၅တွင် ဖော်ပြထားသော ဇယားပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူသည် ဆက်လက်ပျက်ကွက်ခြင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ခြင်း ပြုသည့် နေ့အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ်ကျပ် ၅၀၀ ချမှတ်ခြင်းခံရမည် ဟု ပြဋ္ဌာန်းထားရာ ယင်းစကားရပ်အစား  “မည်သူမဆို ပုဒ်မ ၇၅တွင် ဖော်ပြထားသော ဇယားပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ငွေဒဏ်ကျပ် တစ်သိန်း ဖြစ်စေ ထောင်ဒဏ် အနည်းဆုံး တစ်လမှ သုံးလအထိ ဖြစ်စေ ချမှတ်ခြင်းခံရမည်” ဟု ပြင်ဆင်ဖြည့်စွက်ရ မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၇။       မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေပုဒ်မ ၈၁တွင် မည်သူမဆို ပုဒ်မ ၇၆တွင် ဖော်ပြထားသော ဇယားပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူသည် ဆက်လက်၍ ပျက်ကွက်ခြင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ခြင်းပြုသည့် နေ့အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ်ကျပ် ၁၀၀၀ ချမှတ်ခြင်းခံရမည် ဟု ပြဋ္ဌာန်းထားရာ ယင်းစကားရပ်အစား မည်သူမဆို ပုဒ်မ ၇၆တွင် ဖော်ပြထားသော ဇယားပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ငွေဒဏ်ကျပ် နှစ်သိန်းဖြစ်စေ ထောင်ဒဏ် အနည်းဆုံး သုံးလမှ ခြောက်လအထိဖြစ်စေ ချမှတ်ခြင်းခံရမည် ” ဟု ပြင်ဆင်ဖြည့်စွက် ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၈။       မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေပုဒ်မ ၈၂ တွင် မည်သူမဆို ပုဒ်မ ၇၇ တွင် ဖော်ပြထားသော ဇယားပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန်ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူသည် ဆက်လက်၍ ပျက်ကွက်ခြင်း သို့မဟုတ်  ဖောက်ဖျက်ကျူးလွန်ခြင်းပြုသည့်   နေ့အသီးသီးအတွက်    တစ်နေ့လျှင်    ငွေဒဏ်ကျပ် ၂၀၀၀ ချမှတ်ခြင်းခံရမည် ဟု  ပြဋ္ဌာန်းထားရာ  ယင်းစကားရပ်အစား  မည်သူမဆို  ပုဒ်မ  ၇၇  တွင် ဖော်ပြထားသော ဇယားပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာ နည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း၊ လိုက်နာရန် ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ငွေဒဏ်ကျပ် သုံးသိန်းဖြစ်စေ ထောင်ဒဏ်အနည်းဆုံး သုံးလမှ ကိုးလအထိဖြစ်စေ ချမှတ်ခြင်းခံရမည် ” ဟု ပြင်ဆင်ဖြည့်စွက် ရမည်ဖြစ်ကြောင်း ဖော်ပြထားသည် ကို တွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၉။       မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေ၊ မူလဥပဒေတွင် အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်အခန်း၌ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ဆိုသည့် စကားရပ် အဓိပ္ပာယ်ဖော်ပြချက်မပါရှိခဲ့သော်လည်း ယခုတင်ပြသည့် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့များဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ၌ ထည့်သွင်းဖော်ပြလိုက်ခြင်းအားဖြင့် စည်ပင် သာယာရေးလုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်နိုင်ပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပိုမိုလွယ်ကူ လျှင်မြန် ထိရောက်စေမည်ဖြစ်ကြောင်း တွေ့ရှိရသည့်အပြင် မူရင်းဥပဒေနှင့် ဆန့်ကျင်မှုမရှိဘဲ လိုက်နာ ဆောင်ရွက်သည့် ပြင်ဆင်ချက်ဖြစ်သည့်အတွက် ဖြည့်စွက်ပြဋ္ဌာန်းမှုကို သဘောတူပါသည်။

၁၀။     မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ၌ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့များနှင့် ကျေးရွာများကို ထည့်သွင်း ဖွဲ့စည်းလိုက်ခြင်းအားဖြင့် မြို့ပြနှင့်ကျေးလက် ဖွံ့ဖြိုးတိုးတက်မှုများ တစ်ပြေးညီ ဆောင်ရွက် နိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဖွံ့ဖြိုးရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများပါ တစ်ပါတည်း ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် သဘောတူပါသည်။

၁၁။     မူလ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေတွင် ပြစ်မှုပြစ်ဒဏ်၌ ငွေဒဏ်သာပါရှိသဖြင့် ပြည်သူများမှ စည်းကမ်းတကျ လိုက်နာကျင့်ကြံမှု အားနည်းသကဲ့သို့ သက်ဆိုင်သည့် ဌာနဆိုင်ရာအနေဖြင့် စီမံခန့်ခွဲကိုင်တွယ်ဖြေရှင်းရာတွင် ခက်ခဲမှုများရှိနေပါသည်။ ယခုကဲ့သို့ ငွေဒဏ်အပြင် ထောင်ဒဏ်ကိုပါ ထိရောက်စွာ သတ်မှတ်ပြဌာန်းထားသည့်အတွက် ပြည်သူများအတွက် တရားမျှတမှုရှိပြီး စီမံခန့်ခွဲသူ ဌာနဆိုင်ရာ အနေဖြင့်လည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည့် အတွက် ပြင်ဆင် ပြဋ္ဌာန်းမှုကို သဘောတူပါသည်။

၁၂။     မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းသော မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)အား မူအားဖြင့် သဘောတူလက်ခံပါသည်။

၁၃။     သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအား တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လွှတ်တော် ဥက္ကဌကြီးမှတဆင့် လွှတ်တော်သို့ တင်ပြအပ်ပါသည်။

 

 

 

 

ဥ က္က ဋ္ဌ

ဥပဒေပြုရေးဆိုင်ရာကော်မတီ

မကွေးတိုင်းဒေသကြီးလွှတ်တော်