ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ (မူကြမ်း) အပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ      ရက်

နိဒါန်း

၁။       ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(   ) ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်၊ ဒသမပုံမှန်အစည်းအဝေး(     )နေ့တွင် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် မကွေး တိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၂။       အဆိုပါဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀(ခ)နှင့်အညီ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၁(က)အရ တင်သွင်းခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကို လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၉(ခ)အရ လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်

၃။       ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေတွင် အောက်ပါအတိုင်း အခန်း(၂)ခန်းပါရှိသည်ကို စိစစ်တွေ့ရှိရပါသည် –

(က)    အခန်း(၁)       အမည်နှင့် အကျိုးသက်ရောက်သည့်ကာလ၊

( ခ )   အခန်း(၂)       နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲ
ခြင်း ဟူ၍ ဖြစ်ပါသည်။

၄။       အခန်း(၁)တွင် ဤဥပဒေကို ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေဟု ခေါ်တွင်စေရမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေး နှစ်အတွက် အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပါသည်။

၅။       အခန်း(၂)တွင် နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်း အပိုင်းများကို ဖော်ပြထားပါသည်။ ပုဒ်မ ၂(က)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်၊ တိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများ၊ အဖွဲ့အစည်း များနှင့်စပ်လျဉ်း၍ ဇယား(၁)တွင် ခွင့်ပြုထားသော ရန်ပုံငွေတို့အတွက် တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိနှင့်ယှဉ်တွဲဖော်ပြထားသော သက်ဆိုင်ရာ သုံးငွေများကို သုံးစွဲနိုင်သည်ဟု ပါရှိပါသည်။

၆။       ပုဒ်မ ၂၊ ပုဒ်မခွဲ (ခ)၌ ပုဒ်မခွဲ(က)တွင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေသုံးစွဲခြင်းသည် ၂၀၁၄ ခုနှစ်၊ တိုင်းဒေသကြီး၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေအရ ခွင့်ပြုထားသည့် ဘဏ္ဍာငွေခွဲဝေ သုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်းဖြစ်သည်ဟု မှတ်ယူရမည်ကို ဖော်ပြထားပြီး ပုဒ်မ ၃(က)တွင် ပုဒ်မ ၂ ပါ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်အသီးသီးသည် မိမိအား တာဝန် ပေးအပ်သည့် သုံးငွေကို စီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်အသီးသီးအား လွှဲအပ်ဆောင်ရွက် စေနိုင်သည်ဟု ဖော်ပြပါရှိပါသည်။ ပုဒ်မ ၃(ခ)တွင် သုံးငွေကို စီမံခန့်ခွဲရာတွင် ဤဥပဒေပါ ပြဋ္ဌာန်းချက်အရ ၂၀၁၄ ခုနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည် ဟု ဖော်ပြပါရှိပါသည်။

၇။       ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရာတွင် လွှတ်တော် အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းသည့် မေးခွန်းများအား ပြန်လည်ဖြေကြား ခဲ့သည့် လွှတ်တော်ကတိကဝတ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းခံသည့် ငွေများနှင့် ပြည်ထောင်စုလွှတ်တော်နာယက ခရီးစဉ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးစဉ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ခရီးစဉ်များတွင် ဒေသလိုအပ်ချက်၊ ပြည်သူများ တင်ပြချက်များမှ ကျေးလက်မီးလင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေရရှိရေး၊ ဆည်မြောင်းတာတမံများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်ချက်များအရ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် တောင်းခံသည့်ငွေများ ဖြစ်ကြောင်းတွေ့ရှိရပါသည်။

၈။       မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံစာရင်း၊ သာမန်အသုံးစရိတ်ထပ်မံလိုအပ်ငွေကျပ် ၆၁၀၀.၇၈၂ သန်းတွင် ဆည်မြောင်း၊ တာတမံ၊ ရေကန်၊ ရေနုတ်မြောင်းကဏ္ဍများ၌ လွှတ်တော်ကတိကဝတ်လုပ်ငန်း (၆၃)ခုအတွက် ကျပ် ၅၀၈၀.၁၀၀ သန်းနှင့် ကျေးလက်ဆည်ကန်(၆)ခုအတွက် ကျပ် ၁၀၁၉.၄၀၀ သန်း ဖြည့်စွက် တောင်းခံထားသည်ကို တွေ့ရှိရပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရေအရင်းအမြစ်အသုံးချရေး ဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ထပ်မံလိုအပ်ငွေကျပ် ၂၈၂၈.၅၇၆ သန်း ဖြည့်စွက်တောင်းခံရခြင်းမှာလည်း (၁.၄.၂၀၁၄)ရက်နေ့မှ စ၍ ဓါတ်အားခနှုန်းထားများ တိုးမြှင့်ပြင်ဆင် သတ်မှတ်လိုက်သဖြင့် တိုးမြှင့်တောင်းခံခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။

၉။       ဤဥပဒေ၏ နောက်ဆက်တွဲ ဇယား(၁)စတွင် သာမန်နှင့် ငွေလုံးငွေရင်းသုံးငွေ ဖြည့်စွက်တောင်းခံသည့် တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်း(၅)ဖွဲ့၊ သာမန်သုံးငွေဖြည့်စွက်တောင်းခံ သော တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းပေါင်း(၁၀)ဖွဲ့နှင့် ငွေလုံးငွေရင်းသုံးငွေ ထပ်မံဖြည့်စွက် တောင်းခံသည့် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းပေါင်း(၈)ဖွဲ့ တို့မှ သာမန်သုံးငွေ၊ ဖြည့်စွက် တောင်းခံငွေ စုစုပေါင်းမှာ ကျပ်(၉၆၂၁.၂၂၀)သန်းဖြစ်၍ ငွေလုံးငွေရင်းသုံးငွေ ဖြည့်စွက်တောင်းခံငွေ စုစုပေါင်းမှာ ကျပ်(၃၀၉၃.၅၈၉)သန်း နှင့် ထောက်ပံ့ငွေစုစုပေါင်းကျပ် (၆၁၂.၅၃၆) သန်း ဖြစ်ပြီး မကွေးတိုင်းဒေသကြီးနောက်ထပ်ဖြည့်စွက်ခွင့်ပြုတောင်းခံငွေစုစုပေါင်းမှာ ကျပ်(၁၃၃၂၇.၃၄၅)သန်း ဖြစ်ကြောင်း လေ့လာစိစစ် တွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာသုံးသပ်ချက်

၁၀။     တိုင်းဒေသကြီးအစိုးရအဖွဲ့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၁(က)၊ (၁)အရ လွှတ်တော်က ခွင့်ပြုပြီးသော အသုံးစရိတ်ထက်ပို၍ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် အတွင်း သုံးငွေထပ်မံလိုအပ်ခြင်းအတွက် လွှတ်တော်၏ ခွင့်ပြုချက်လိုအပ်သော အသုံးစရိတ်များ ပေါ်ပေါက်လာသဖြင့် ဤဥပဒေကို တင်သွင်းခြင်းဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

၁၁။     ဤဥပဒေကြမ်း၏ နောက်ဆက်တွဲ ဇယား(၁)တွင် ဖော်ပြထားသော နောက်ထပ်ခွင့်ပြုသည့် သာမန်သုံးငွေ၊ ထောက်ပံ့ငွေနှင့် ငွေလုံးငွေရင်းသုံးငွေများမှာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအတွက် အမှန်တကယ်လိုအပ်သည့် သင့်လျော်သည့် ပမာဏဖြစ်ကြောင်း လေ့လာ သုံးသပ်တွေ့ရှိရပါသည်။

၁၂။     မကွေးတိုင်းဒေသကြီး၏ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေးဥပဒေ နောက်ဆက်တွဲ ဇယားပါ ဦးစီးဌာနများ၊ ဝန်ကြီးဌာနများ၊ စီးပွားရေးအဖွဲ့အစည်း များအနေဖြင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ပထမအကြိမ်အထူးအစည်းအဝေး(၂/ ၂၀၁၄)တွင် အကြံပြုဆွေးနွေးချက်များဖြစ်သည့် ဖြည့်စွက်ခွင့်ပြုတောင်းခံငွေသည် မူလခွင့်ပြုငွေ BE ထက် ၁၀% ကို မကျော်ရေး၊ ဘဏ္ဍာရေးနှစ်မကုန်မီ ကျန်ရှိကာလအတွင်း သုံးစွဲနိုင်မည့် အသုံးစရိတ် ပမာဏကို တောင်းခံထားကြောင်းနှင့် အသေးစိတ်တွက်ချက်မှုများ၊ အထောက်အထားစာရင်း ဇယားများနှင့်အတူ ပူးတွဲတင်ပြတောင်းခံထားကြောင်း လေ့လာသုံးသပ်တွေ့ရှိရပါသည်။

၁၃။     ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရာတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ သာမန်အသုံးစရိတ်အတွက် ဖြည့်စွက် ခွင့်ပြုတောင်းခံရာတွင် မဖြစ်မနေပေးချေရမည့် ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းပြောင်းလဲမှုကြောင့် အသုံးစရိတ်တိုးခြင်း၊ အမှန်တကယ်ထပ်မံလိုအပ်သော လစာ စရိတ်၊ ခရီးစရိတ်၊ ပင်စင်၊ အတိုးပေးငွေ၊ ထောက်ပံ့ငွေ အသုံးစရိတ်တို့အတွက်ကိုသာ တောင်းခံ ပါရန်နှင့် ပစ္စည်းများ၊ လုပ်အားနှင့် ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်၊ ပြင်ဆင် ထိန်းသိမ်း စရိတ်နှင့် လွှဲပြောင်းသုံးစွဲငွေများအတွက် တောင်းခံခြင်းမပြုကြပါရန် ဖြစ်ပါသည်ဟု ညွှန်ကြားချက် တွင်ပါရှိသကဲ့သို့ မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမအကြိမ်အထူးအစည်းအဝေး (၂/ ၂၀၁၄) တွင်လည်း သာမန်အသုံးစရိတ်အတွက် ဖြည့်စွက်တောင်းခံခြင်းနှင့် ပတ်သက်ပြီး ပစ္စည်းများ၊ လုပ်အားနှင့် ဆောင်ရွက်ပေးမှုအတွက် ကုန်ကျစရိတ်၊ ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် လွှဲပြောင်းသုံးစွဲ ငွေများအတွက် တင်ပြတောင်းခံခြင်းမပြုကြရန်နှင့်ပတ်သက်၍ လွှတ်တော်၏ အကြံပြုချက်၊ ဆွေးနွေးချက်များကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးပို့ပြီး ဖြစ်ပါသည်။ သို့သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့်အတွက် ဘဏ္ဍာရေးကော်မရှင်သို့ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြတောင်းခံမှုအပေါ် ဘဏ္ဍာရေးကော်မရှင်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၀၊ အပိုဒ်ခွဲ(ဂ) အပိုဒ်ခွဲငယ်(၁)အရ ခွင့်ပြုပေးခဲ့သည့်အပေါ် မကွေးတိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာ ကော်မတီအနေဖြင့် သဘောထားမှတ်ချက်ပေးရန်မရှိပါ။

 

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၁၄။     မကွေးတိုင်း​ဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်  မကွေးတိုင်းဒေသကြီး၏  နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို အသေးစိတ် လေ့လာပြီး ကော်မတီဝင်အားလုံး၏ ညီညွတ်တူညီသော သဘောဆန္ဒဖြင့် သဘောထားမှတ်ချက် များကို တင်ပြသွားမည်ဖြစ်ပါသည် –

(က)    မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည် ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်
မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကို မူအားဖြင့်
သဘောတူပါသည်။

( ခ )   ဥပဒေ၏ နောက်ဆက်တွဲ ဇယား(၁)ပါ ဌာနအဖွဲ့အစည်း (၁၃)ခုတို့မှ သာမန်သုံးငွေ၊
ထောက်ပံ့ငွေနှင့် ငွေလုံးငွေရင်းသုံးငွေများကို လိုအပ်ချက်အရ သုံးစွဲခွင့်ပြုရန်
တောင်းဆိုခြင်း ဖြစ်သည့်အတွက် သဘောတူပါသည်။

( ဂ )  သို့ဖြစ်ပါ၍ ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်
ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေနှင့် ဥပဒေ၏နောက်ဆက်တွဲဇယား(၁)ပါ နောက်ထပ်
ခွင့်ပြုသည့် သာမန်သုံးငွေ၊ ထောက်ပံ့ငွေနှင့် ငွေလုံးငွေရင်းသုံးငွေများအား သုံးစွဲ
ခွင့်ပြုနိုင်ပါရန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကြီးမှတဆင့် လွှတ်တော်သို့
တင်သွင်းအပ်ပါသည်။

 

 

 

 

ဥ က္က ဋ္ဌ

ဥပဒေပြုရေးဆိုင်ရာကော်မတီ

မကွေးတိုင်းဒေသကြီးလွှတ်တော်