ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၅)သို့ တင်သွင်းသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း) အပေါ်တွင် တိုင်းဒေသကြီးလွှတ်တော်၊ ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၅ခုနှစ်၊ ဧပြီလ( ၂၈ )ရက်

နိဒါန်း

၁။       ၂၀၁၅ ခုနှစ်၊ ဧပြီလ ( ၂၇ )ရက်နေ့တွင်ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး( ၁/၂၀၁၅) (ပထမ)နေ့တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေး တိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီးကလွှတ်တော်သို့တင်သွင်းခဲ့ပါသည်။

၂။       ယင်းဥပဒေ(မူကြမ်း)ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၀(ခ)အရ မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၃၉(က)နှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါ သည်။ တိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ယင်းဥပဒေ(မူကြမ်း)အပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ နည်းဥပဒေ ၁၃၉(ခ)နှင့်အညီ တင်ပြသွားမည်ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်

၃။       ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)တွင် အောက်ပါအတိုင်း အခန်း(၃)ခန်းပါရှိကြောင်း တွေ့ရှိရပါသည်-

(က)    အခန်း(၁)၊ အမည်၊ စတင်အကျိုးသက်ရောက်ခြင်းနှင့် အဓိပ္ပါယ်ဖော်ပြချက်

( ခ )   အခန်း(၂)၊ စီမံကိန်းရည်မှန်းချက်များ

( ဂ )   အခန်း(၃)၊ အထွေထွေတို့ဖြစ်ပါသည်။

၄။       ဤဥပဒေ(မူကြမ်း) အခန်း(၂)၊ ပုဒ်မ ၃တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် စီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များကို အောက်ပါအတိုင်းတွေ့ရှိရပါသည်-

(က)    မကွေးတိုင်းဒေသကြီ:၏ အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)မှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ပုံမှန်စျေးနှုန်းအရ ကျပ်သန်း ၅၆၅၄၉၇၆.၁ ဖြစ်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် စီမံကိန်းရည်မှန်းချက်အပေါ် ၉.၄ ရာခိုင်နှုန်း တိုးတက် ဖြစ်ပေါ်ရန်နှင့် အခြေခံနှစ်အပေါ် အဆအား ဖြင့် ၁.၄၈ဆ ဖြစ်ပေါ်အောင် ဆောင်ရွက်ရန်၊

( ခ )   ပုံမှန်စျေးနှုန်းများအရ-

(၁)     လယ်ယာကဏ္ဍတွင် ကျပ်သန်း ၂၀၄၀၁၃၀.၇ ဖြစ်ပြီး ၆.၈ ရာခိုင်နှုန်း     တိုးတက်ရန်၊

(၂)      သားငါးကဏ္ဍတွင် ကျပ်သန်း ၃၄၁၈၁၂.၂ ဖြစ်ပြီး ၁၂.၀ ရာခိုင်နှုန်း
တိုးတက်ရန်၊

(၃)     ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထား ဆောင်ရွက်လျှက်ရှိသဖြင့်
သစ်တောကဏ္ဍတွင် ကျပ်သန်း ၆၀၉၁.၉ ဖြစ်ပြီး ၀.၆ ရာခိုင်နှုန်း တိုးတက်
ဖြစ်ပေါ်စေရန်၊

(၄)     စွမ်းအင်ကဏ္ဍတွင် ကျပ်သန်း ၂၇၇၆၀.၇ ဖြစ်ပြီး ၄၂.၉ ရာခိုင်နှုန်း
တိုးတက်ဖြစ်ပေါ်စေရန်၊

(၅)     သတ္ထုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် ကျပ်သန်း ၄၆၆၂.၃ ဖြစ်ပြီး ၁၀.၀          ရာခိုင်နှုန်း တိုးတက်ရန်၊

(၆)     စက်မှုလက်မှုကဏ္ဍတွင် ကျပ်သန်း ၁၁၄၁၄၀၃.၈ ဖြစ်ပြီး ၁၁.၈ ရာခိုင်နှုန်း တိုးတက်ရန်၊

(၇)     လျှပ်စစ်ဓါတ်အားကဏ္ဍတွင် ကျပ်သန်း ၁၄၁၈၆.၀ ဖြစ်ပြီး ၉.၆ ရာခိုင်နှုန်း တိုးတက်ဖြစ်ပေါ်ရန်၊

(၈)     ဆောက်လုပ်မှုကဏ္ဍတွင် ကျပ်သန်း ၂၃၄၄၁၁.၁ ဖြစ်ပြီး ၁၁.၈  ရာခိုင်နှုန်း  တိုးတက်ဖြစ်ပေါ်စေရန်၊

(၉)     ပို့ဆောင်ရေးကဏ္ဍတွင် ကျပ်သန်း ၃၅၉၁၈၇.၆ ဖြစ်ပြီး ၁၄.၀ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၀)   ဆက်သွယ်ရေးကဏ္ဍတွင် ကျပ်သန်း ၂၃၅၆၅၈.၉ ဖြစ်ပြီး ၇.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၁)   ငွေရေးကြေးရေးကဏ္ဍတွင် ကျပ်သန်း ၄၀၀၅.၁ ဖြစ်ပြီး ၂၆.၆ ရာခိုင်နှုန်း  တိုးတက်ရန်၊

(၁၂)    လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍတွင် ကျပ်သန်း ၉၈၅၄၈.၇ ဖြစ်ပြီး ၄.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၃)   ငှားရမ်းခနှင့် အခြားဝန်ဆောင်မှုကဏ္ဍတွင် ကျပ်သန်း ၁၀၁၇၆၉.၈ ဖြစ်ပြီး ၁၃.၁ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၄)   ကုန်သွယ်မှုကဏ္ဍတွင် ကျပ်သန်း ၁၀၄၅၃၄၇.၃ ဖြစ်ပြီး ၉.၀ ရာခိုင်နှုန်း တိုးတက်ရန်တို့ကို စီမံကိန်း၏ အရေးကြီးသော ရည်မှန်းချက်များအဖြစ် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

( ဂ )   မကွေးတိုင်းဒေသကြီး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဘိုးတွင် လယ်ယာ ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို  ၂၀၁၄-၂၀၁၅  ဘဏ္ဍာနှစ်တွင် ၄၃.၀  ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄၂.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ စက်မှု ကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၂၄.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၂၅.၂ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှု ကဏ္ဍကြီး၏ပါဝင်မှုအချိုးအစားကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၂.၅  ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၃၂.၆ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး ဖြစ်ပေါ်စေရန်၊

(ဃ)    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကျပ်သန်း – ၁၂၄၁၅၅၈.၂ လျာထားပြီး နိုင်ငံပိုင်ကဏ္ဍမှ ကျပ်သန်း – ၃၇၅၂၁၇.၆ အချိုးအစားအားဖြင့် ၃၀.၂ ရာခိုင်နှုန်း၊ သမဝါယမပိုင်ကဏ္ဍမှကျပ်သန်း ၅၆.၆ အချိုးအစားအားဖြင့် ၀.၀၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍမှကျပ်သန်း ၈၆၆၂၈၄.၀ အချိုးအစားအားဖြင့် ၆၉.၈ ရာခိုင်နှုန်းအသီးသီးရင်းနှီးမြှုပ်နှံရန်၊

( င )   လူတစ်ဦးစီ၏ ပျမ်းမျှပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဘိုး                     ( Per Capital GDP )မှာ နှစ်အလိုက် စျေးနှုန်းများအရ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင်                    ကျပ် ၁၅၆၄၅၀၉ ရှိခဲ့ရာမှ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်၁၇၆၁၂၉၇ သို့ ဖြစ်ပေါ်              လာစေရန်တို့ဖြစ်ပါသည်။

၅။       ဤဥပဒေ(မူကြမ်း) အခန်း(၃)၊ အထွေထွေအခန်းတွင် တိုင်းဒေသကြီးစီမံကိန်းများနှင့်    ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိ ရပါသည် –

(က)    ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများသည်
ပြည်ထောင်စု အစိုးရအဖွဲ့က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ ပြည်သူများအတွက်
အကျိုးရှိ၊မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု၊မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု
ရှိ/ မရှိတို့ကို ဘက်စုံမှ လေ့လာ ဆန်းစစ်ထားပြီးသော လုပ်ငန်းစီမံကိန်းများ
ဖြစ်ကြောင်း၊

( ခ )   စီမံကိန်း ရည်မှန်းချက်များကို ပူးတွဲပါဇယား(၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇) တို့ဖြင့် တိုင်းဒေသကြီး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်၊ မြို့နယ်များအား အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်းနှင့် ဌာန အလိုက်၊ ဒေသအလိုက်လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို အသေးစိတ်ရေးဆွဲ ထုတ်ပြန်နိုင်ကြောင်း၊

( ဂ )   အကောင်အထည်ဖော်သည့် စီမံကိန်းများအား လေ့လာဆန်းစစ်ပြီး ပြည်သူလူထု အကျိုးစီးပွားအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကို အကောင်အထည်ဖော်ပြီး အကျိုးစီးပွားမဖြစ်ထွန်းသော စီမံကိန်းများကို ငြင်းပယ် ဆိုင်းငံ့၊ လျော့၍ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊

(ဃ)    စီးပွားရေးစီမံကိန်းများကို ဆောင်ရွက်ရာတွင် လက်ငင်းရေတိုအတွက် အကျိုး
ဖြစ်ထွန်းစေသည့် စီမံကိန်းများကို ဦးစားပေးပြီး ရေရှည်အကျိုးရှိသော စီမံကိန်းများ
ကိုလည်း ထည့်သွင်းစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

( င )   စီမံကိန်းတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး၊ အမျိုးသားစည်းလုံးညီညွှတ်ရေး၊                  ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သောစီမံကိန်းများနှင့် တရားဥပဒေစိုးမိုးရေး
နှင့်တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုသော စီမံကိန်းများဖြစ်ကြောင်း၊

( စ )   သက်ဆိုင်ရာဌာန အဖွဲ့အစည်းများသည် ဥပဒေအရထုတ်ပြန်သည့် ၂၀၁၅-၂၀၁၆
ဘဏ္ဍာနှစ် တိုင်းဒေသကြီး စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော်
ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြ
ပြဌာန်းထားပြီး စီမံကိန်း ရည်မှန်းချက်များကိုလည်း ဥပဒေ(မူကြမ်း)တွင်
နောက်ဆက်တွဲ ဇယား(၁)(၂)(၃)(၄)(၅)(၆)(၇) တို့အား ကိန်းဂဏန်းများဖြင့် ဖော်ပြ
ထားသည်ကိုလည်းတွေ့ရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာသုံးသပ်ချက်

၆။       ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး
ဒေသန္တရစီမံကိန်း ဥပဒေ(မူကြမ်း)ကို အသေးစိတ် လေ့လာခြင်းဖြင့် တိုင်းဒေသကြီးအစိုးရ လက်ထက်တွင် စီမံကိန်းများကိုပြည်သူလူထုအကျိုးစီးပွားနှင့်ယှဉ်၍ အမှန်တကယ်အကျိုးဖြစ်မည့် စီမံကိန်းများကိုသာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်း ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးဝန်ကြီးဌာနများနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များအနေဖြင့် ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကို လေ့လာသုံးသပ်ရရှိပါသည်။

၇။       တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုရှိမည့်အပြင် ပြည်သူကို အကျိုးရှိ၊ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု၊ မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ၊ မရှိတို့ကို လေ့လာ ဆန်းစစ်ပြီးမှ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်းကို လေ့လာသုံးသပ်ရရှိပါသည်။

၈။       ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် ပြည်သူ လူထု၏ ရေတို၊ ရေရှည်အကျိုးစီးပွားကို ရှေ့ရူ၍ စီမံကိန်း၏ သတ်မှတ်ထားသည့် အင်္ဂါရပ်များ၊ ဆန်းစစ်ချက်များဖြင့် ဘက်ပေါင်းစုံမှ အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ကို လေ့လာသုံးသပ်ရရှိပါသည်။

၉။       တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းများကို ရေးဆွဲရာတွင် တိုင်းရင်းသားစည်းလုံးညီ ညွှတ်ရေး၊ အမျိုးသားစည်းလုံးညီညွှတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူပြုပြီး ပြည်သူလူထုအတွက် ရေတို အကျိုးဖြစ်ထွန်းမည့် လုပ်ငန်းများကို ဦးစားပေးပြီး ရေရှည်အကျိုးအတွက်လည်း စီမံကိန်းများ ချမှတ် ရေးဆွဲသွားမည်ဖြစ်ကြောင်းကို လေ့လာသုံးသပ်ရရှိပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၁၀။     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်၊ မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ကို မူအားဖြင့် သဘောတူပါသည်။

၁၁။     ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များအား ပြည်သူလူထုအကျိုး စီးပွားကို ရှေးရှု၍ သတ်မှတ်ထားသော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ကာလ အတွင်း ရည်မှန်းချက် များကို ပြည့်မှီအောင် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်းနှင့် ပတ်သက်၍ တိုင်းဒသ ကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းအပ်ပါသည်။

၁၂။     ထို့ပြင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြီးစီးနိုင်သော စီမံကိန်းပါလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဦးစားပေး အလေးထားဆောင်ရွက်စေသင့်ပါကြောင်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဌာနအလိုက်၊ ဒေသ အလိုက် ယင်းတို့နှင့်သက်ဆိုင်သည့် စီမံကိန်းများနှင့် ဒေသန္တရစီမံကိန်းများကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဘက်ပေါင်းစုံမှ အစီအမံများ ချမှတ်ပြီး လိုက်နာကျင့်သုံးဆောင်ရွက်သင့်ပါကြောင်းကိုလည်း အကြံပြုတင်ပြအပ်ပါသည်။

၁၃။     ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)သည် –

(က)    မကွေးတိုင်းဒေသကြီးအတွင်း အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံပြီး ရေးဆွဲ
ထားသော ဒေသန္တရစီမံကိန်းဖြစ်ခြင်း၊

( ခ )   ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသန္တရ
စီမံကိန်းများဖြစ်ခြင်း၊

( ဂ )   ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)ပါ စီမံကိန်းများကို
ဘက်ပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီး
အတွင်း ဒေသဖွံ့ဖြိုးရေးတွင် အမှန်တကယ်အထောက်အကူဖြစ်စေခြင်း။

၁၄။     ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)အား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ထောက်ခံတင်ပြအပ်ပါသည်။

၁၅။     သို့ဖြစ်ပါ၍ ဤပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၅)မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)အား အတည်ပြု ပေးနိုင်ပါရန် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်ဥက္ကဌကြီးမှ တဆင့် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

 

                                                                                                    ဥက္ကဌ

                                                                                      ဥပဒေပြုရေးဆိုင်ရာကော်မတီ

                                                                                     မကွေးတိုင်းဒေသကြီးလွှတ်တော်