ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၅)သို့ တင်သွင်းသည့် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)အပေါ်တွင် တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာတွေ့ရှိချက်နှင့်သဘောထား မှတ်ချက်အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၈)  ရက်

နိဒါန်း

၁။       ၂၀၁၅ ခုနှစ်၊ ဧပြီလ (၂၇)ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၅) ပထမနေ့တွင် ၂၀၁၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးက တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၂။       ဤဥပဒေ (မူကြမ်း)အား ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၃(က)အရ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉(က)နှင့်အညီ တင်သွင်းခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း) အပေါ်တွင် စိစစ်လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉(ခ)နှင့်အညီ တင်ပြ သွားမည်ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏စိစစ်တွေ့ရှိချက်

၃။       ဤဥပဒေ(မူကြမ်း)တွင် အောက်ပါအတိုင်းအပိုင်း(၃)ပိုင်း ပါရှိသည်ကို တွေ့ရှိရပါသည် –

(က)    အပိုင်း(၁)       အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်၊

( ခ )   အပိုင်း(၂)       တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊တိုင်းဒေသကြီး                                 တရားလွှတ်တော်၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး
စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး
အဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ၊

( ဂ )   အပိုင်း(၃)       တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ။

၄။       အပိုင်း(၁) ပုဒ်မ ၁(ခ)တွင်ဤဥပဒေပါပြဌာန်းချက်များသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် ၂၀၁၅ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ စတင်အကျိုးသက်ရောက်စေရမည်ဟုပါရှိပြီး အပိုင်း(၂) ပုဒ်မ ၂ တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရား လွှတ်တော်၊တိုင်းဒေသကြီးဥပဒေချုပ်၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များသည် တိုင်းဒေသကြီး၏ ဘဏ္ဍာ ရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းများကိုဆောင်ရွက်ကြရမည်။ ထိုသို့ ဆောင်ရွက်၍ရသော ရငွေများကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်း၍ ထုတ်ပေးရန်ရှိသော သုံးငွေများကို တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူသုံးစွဲရမည်ဟု ဖော်ပြထားပါသည်။ ပုဒ်မ ၃(ဂ)တွင် ရငွေ များကို စီမံကြီးကြပ် ကောက်ခံရာတွင်လည်းကောင်း၊  သုံးငွေများကိုစီမံခန့်ခွဲရာတွင်လည်းကောင်း၊ဤဥပဒေပါ ပြဌာန်း ချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟု

ဖော်ပြထားပါသည်။ အလားတူအပိုင်း(၃) ပုဒ်မ ၇ (ဂ)တွင်လည်း တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင်စီးပွါးရေး အဖွဲ့အစည်းများ အနေဖြင့် ရငွေများကို စီမံကြီးကြပ်ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင် လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်း ထပ်မံပြဌာန်း ထားပါသည်။

၅။       ၂၀၁၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း) နောက်ဆက်တွဲ ဇယား(၁)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီးတရားရုံးများ၊ တိုင်းဒေသကြီးဥပဒေရုံးများ၊ တိုင်းဒေသကြီးစာရင်းရုံးများအတွက် အခြားသာမန်ရငွေကျပ်သန်းပေါင်း (၃၆၁.၂၂၄)၊ ပြည်ထောင်စုထောက်ပံ့ငွေမှ ရငွေကျပ်သန်းပေါင်း (၇၇၅၀.၀၀၀)၊ ယင်း အဖွဲ့အစည်းများအတွက်သုံးငွေအဖြစ် နောက်ဆက်တွဲဇယား(၂)တွင် သာမန်သုံးငွေ ကျပ်သန်းပေါင်း (၅၈၀၄.၂၆၀)၊ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၂၈၀၂.၃၆၆)၊ ငွေလုံး ငွေရင်းသုံးငွေ ကျပ်သန်းပေါင်း (၁၅၅၁၂.၅၃၈)၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အဆင့်ဦးစီး ဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေများကို နောက်ဆက်တွဲ ဇယား(၃)တွင် ဖော်ပြထား၍ အခွန်အကောက်ရငွေ ကျပ်သန်းပေါင်း(၁၄၁၆.၉၀၀)၊ အခြား သာမန်ရငွေ ကျပ်သန်းပေါင်း (၆၈၂၁.၁၄၄)၊ ပြည်ထောင်စု ထောက်ပံ့ငွေမှရငွေကျပ်သန်းပေါင်း (၁၃၆၃၆၅.၃၈၀)၊ နောက်ဆက်တွဲ ဇယား(၄)တွင် သုံးငွေများအဖြစ် သာမန်သုံးငွေ ကျပ်သန်းပေါင်း (၅၄၈၅၄.၈၁၅)၊ ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း (၇၁၄၀၈.၂၈၅)၊ နောက်ဆက်တွဲ ဇယား(၆)တွင် တိုင်းဒေသကြီးအဆင့် နိုင်ငံတော်ပိုင် စီပွားရေးအဖွဲ့အစည်းများ (လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)အနေဖြင့်  ငွေလုံးငွေရင်းသုံးငွေ အဖြစ် ကျပ်သန်းပေါင်း (၂၃၃၂.၃၈၄) ဖြစ်ကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာသုံးသပ်ချက်

၆။       ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၅ ခုနှစ်  မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင်ပါဝင်သည့် အပိုင်း(၃)ပိုင်းစလုံးတွင် ဖော်ပြထားသော အချက်များ နှင့် နောက်ဆက်တွဲဇယား(၁)မှ (၆)အထိ ရငွေ/သုံးငွေ ကိန်းဂဏန်းဖော်ပြချက်များအား အသေးစိတ် လေ့လာခဲ့ပါသည်။ ယင်းဥပဒေ(မူကြမ်း)တွင် ရငွေများကို စီမံကြီးကြပ် ကောက်ခံရာတွင် လည်းကောင်း၊ သုံးငွေများကို စီမံခန့်ခွဲရာတွင်လည်းကောင်း ဤဥပဒေပါပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်ဟုဖော်ပြထားရာ အဖွဲ့အစည်း များ၊ ဌာနများအနေဖြင့် နိုင်ငံတော်၏ အကျိုး၊ ပြည်သူလူထု၏အကျိုးကို ရှေ့ရှုပြီးရငွေများကို ရည်မှန်းသည်ထက် လျော့နည်းခြင်း မရှိစေရုံသာမက ပိုမိုရရှိစေရန်အတွက် စီမံစည်းကြပ် ကောက်ခံကြရန်နှင့် သုံးငွေများကိုလည်း ရည်မှန်းသည်ထက် ပိုမိုသုံးစွဲခြင်းမပြုဘဲ ခြိုးခြံချွေတာ သုံးစွဲကြရန်တို့ကို အလေးထားပြီး လိုက်နာ ဆောင်ရွက်သင့်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

၇။       အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ ဌာနအလိုက်သာမန်သုံးငွေနှင့် ငွေလုံးငွေရင်းသုံးငွေ ရန်ပုံငွေများကို တင်ပြတောင်းခံ ရာတွင် ငွေစာရင်းများကို ငွေစာရင်းခေါင်းစဉ်အလိုက် အသေးစိတ်တွက်ချက် တင်ပြထားချက် များကို ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာဥပဒေ(မူကြမ်း)နှင့်အတူ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ပူးတွဲ ပေးပို့ခဲ့သည့်အတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီ အနေဖြင့် အသေးစိတ် လေ့လာခွင့်ရရှိခဲ့ပါသည်။

၈။       နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ အစိုးရအသီးသီးနှင့် လွှတ်တော်အသီးသီးတို့အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်း ထားသော ဥပဒေနှင့်အညီ အလေးထားကာ စနစ်တကျထမ်းဆောင်လျှက်ရှိပါသည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀(ခ)၊ ၁၉၃(က) တို့နှင့်အညီ လိုက်နာ ဆောင်ရွက်ရခြင်းဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော် အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၃(က)၊ (ခ) တို့နှင့်အညီ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်းကို လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါသည်။

၉။       ထို့အပြင် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးစာရင်းများကို ပြည်ထောင်စုဘဏ္ဍာရေး ကော်မရှင်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀(ခ)နှင့် စိစစ်ဆောင်ရွက်ရပါကြောင်းနှင့် ထိုသို့ ဥပဒေနှင့်ဆောင်ရွက်ကြရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးလွှတ်တော်တို့၏ တူညီသော ရည်ရွယ်ချက်နှင့် ဦးတည်ချက်များမှာ ပြည်သူ့ဘဏ္ဍာငွေများကို အလေအလွင့်မရှိစေဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်နေကြခြင်းပင် ဖြစ်ပါကြောင်းကိုလည်း လွှတ်တော်သို့ အသိပေးတင်ပြအပ်ပါသည်။

၁၀။     မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအနေဖြင့် လွှတ်တော်၏ တာဝန်ပေးချက်အရ ပေးအပ်ထားသောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို အတတ်နိုင်ဆုံး တာဝန် ကျေပွန်လိုခြင်း၊ လွှတ်တော်၏ အခန်းကဏ္ဍများ ပိုမို ပီပြင်လာစေ လိုခြင်း၊ မိမိတို့တိုင်းဒေသကြီး အတွင်း အကျိုးမရှိနိုင်သော အသုံးစရိတ်များကို အတတ်နိုင်ဆုံး နည်းနိုင်သမျှနည်းပြီး အကျိုး ရှိသော လုပ်ငန်းများတိုးလာနိုင်သမျှ တိုးလာစေရန်ဟူသော သဘောထားဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ပြီး ကော်မတီ၏ အကြံပြုသုံးသပ် တင်ပြချက်များသည် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အပြုသဘောဆောင်ကာ သုံးသပ်တင်ပြရခြင်းဖြစ်ပါသည်။

၁၁။     ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင်  သာမန် သုံးငွေများ တိုးလာရခြင်းမှာလည်း စရိတ်ချီးမြှင့်ငွေများတိုးလာခြင်း၊ ဝန်ထမ်းများလစာ တိုးပေးခြင်းတို့ကြောင့် သာမန်သုံးငွေများ တိုးလာခြင်းဖြစ်ကြောင်းကိုလည်း လေ့လာသုံးသပ်ရရှိ ပါသည်။

၁၂။     ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ စည်ပင်သာယာ ရေးအဖွဲ့များအနေဖြင့် ငွေလုံးငွေရင်းအသုံးစရိတ်များ တိုးမြှင့်တောင်းခံရခြင်းနှင့် ပတ်သက်ပြီး အောက်ပါအတိုင်းတွေ့ရှိရပါသည် –

(က)    ၂၀၁၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ
(မူကြမ်း)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းသုံးငွေကျပ်သန်းပေါင်း
(၁၄၀၅၅.၆၃၈) သုံးစွဲရန် တင်ပြ တောင်းခံထားခြင်းမှာ ပြည်ထောင်စုလွှတ်တော်
နာယက သူရဦးရွှေမန်း၏ မကွေးတိုင်းဒေသကြီး ခရီးစဉ်တွင် ညွှန်ကြားခဲ့သော
ဆည်မြောင်းဦးစီးဌာန ပြင်ထိန်းလုပ်ငန်း(၁၃၆)ခု ဆောင်ရွက်ခြင်း၊ သဘာဝဘေး
အန္တရာယ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၂၁)ခု ဆောင်ရွက်ခြင်း၊ ကျေးလက်ဒေသ
ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အိမ်ရာ
စီမံကိန်း ဖော်ဆောင်ခြင်း၊ လယ်မဲ့ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ခြင်း
လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း လေ့လာ
တွေ့ရှိရပါသည်။

( ခ )   ထို့ပြင် မကွေးတိုင်းဒေသကြီးလွှတ်တော် ငွေလုံးငွေရင်းသုံးငွေ ကျပ်သန်းပေါင်း
(၁၃၂၇.၀၀၀) သုံးစွဲရန် တင်ပြတောင်းခံထားခြင်းမှာ လွှတ်တော်ရုံး
ဆောက်လုပ်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ နေအိမ်များတည်ဆောက်ခြင်းနှင့်
မော်တော်ယာဉ်များ ဝယ်ယူရန်အတွက် တင်ပြတောင်းခံထားခြင်း ဖြစ်ပြီး
မကွေးတိုင်းဒေသကြီး လွှတ်တော်အနေဖြင့် အမှန်တကယ်သုံးစွဲရန် လိုအပ်သော
ပမာဏကို တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

( ဂ )   မကွေးတိုင်းဒေသကြီးလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး
လုပ်ငန်း ၏ ၂၀၁၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းသုံးစွဲမှုနှင့်ပတ်သက်၍ တိုးချဲ့ရင်းနှီး
မြှုပ်နှံမှုများ အပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၌ စက်ကိရိယာတန်ဆာပလာ
ပစ္စည်းများဝယ်ယူခြင်း၊ တပ်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် အစားထိုး
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အပိုင်းတွင်လည်းဆောက်လုပ်ရေးလုပ်ငန်းများအတွက်
စက်ကိရိယာ တန်ဆာပလာပစ္စည်းများ ဝယ်ယူခြင်း၊ တပ်ဆင်ခြင်းလုပ်ငန်းများကို
ဆောင်ရွက်ခြင်းတို့အတွက် တင်ပြတောင်းခံခြင်းဖြစ်ကြောင်း လေ့လာ တွေ့ရှိရ
ပါသည်။

(ဃ)    ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီးဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင်
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စက်မှုသီးနှံ
ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့်ငွေလုံးငွေရင်းအသုံးစရိတ်တိုးမြှင့်တောင်းခံထားခြင်းမှာ

လုပ်ငန်းသစ် စီမံကိန်းသစ်များ အဖြစ် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခြင်း၊
ခြံစည်းရိုး ကာရံခြင်း၊ သံပန်းသံတံခါးများ ပြုလုပ်ခြင်းနှင့် လုပ်ငန်းအတွက်
ရင်းနှီးမြှုပ်နှံမှုများ အပိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ကိရိယာ
တန်ဆာပလာများဖြစ်သော ထွန်စက်ဝယ်ယူခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရ
ပါသည်။ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းစီမံကိန်း
အသစ်များ၊ တိုးချဲ့ရင်းနှီး မြှုပ်နှံမှုများမှာ လျှပ်စစ်မြစ်ရေတင်စီမံကိန်း(မြို့ပြ)၊
စိုက်ပျိုးရေးစက်ရေတွင်း(၅)တွင်း တူးဖော်ခြင်း၊ စက်ကိရိယာ တန်ဆာပလာများ
ဝယ်ယူခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်
လုပ်ငန်းစီမံကိန်းအသစ်များဖြစ်သော ဓာတ်ခွဲခန်းတည်ဆောက်ခြင်း၊ ဝန်ထမ်း
အိမ်ရာများတည်ဆောက်ခြင်း၊ ကံမမြို့    ဧရာဝတီမြစ်မြေထိန်းနံရံတည်ဆောက်ခြင်း၊
တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဂန့်ဂေါခရိုင်ရုံးတိုးချဲ့တည်ဆောက်ခြင်း၊ သရက်မြို့ရုံး
တည်ဆောက်ခြင်း၊ မြို့နယ်ရုံး(၈)ခုတွင် မျက်နှာကျက်ပြင်ဆင်ခြင်း၊ မြို့နယ်(၉)ခုတွင်
ဂိုဒေါင်များအား လူနေအိမ်အဖြစ် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအတွက်
တောင်းခံတင်ပြခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါသည်။

( င )   မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဆောင်ရွက်ဆဲ လုပ်ငန်းများ
ပြီးစီးနိုင်ရန်အတွက် ဆက်လက်ဆောင်ရွက်ခြင်း၊ လုပ်ငန်းစီမံကိန်း အသစ်များ
အတွက် ဆောင်ရွက်ခြင်း၊ ရုံးသုံးစက်ကိရိယာတန်ဆာပလာများ ဝယ်ယူခြင်းများ
အတွက် တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။

( စ )   ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငွေလုံး
ငွေရင်း အသုံးစရိတ် တိုးမြှင့်တောင်းခံရခြင်းနှင့်ပတ်သက်ပြီး အဆောက်အအုံများ
ပြင်ဆင်ခြင်း၊ စက် ကိရိယာဝယ်ယူခြင်း၊ ရုံးသုံးပရိဘောဂ ဝယ်ယူခြင်းနှင့်
မော်တော်ယာဉ် ဝယ်ယူခြင်းလုပ်ငန်းအတွက် တင်ပြ တောင်းခံထားကြောင်း လေ့လာ
တွေ့ရှိရပါသည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (မကွေးတိုင်းဒေသကြီးရုံး)
အနေဖြင့် အရာရှိနေအိမ်ဆောက်လုပ်ခြင်း၊ ရုံးသုံးစက်ကိရိယာနှင့် ပရိဘောဂ
ဝယ်ယူခြင်းနှင့် မော်တော်ယာဉ် ဝယ်ယူခြင်းလုပ်ငန်းများအတွက် တင်ပြတောင်းခံ
ထားခြင်းဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။ မီးသတ်ဦးစီးဌာနအနေဖြင့်
မီးသတ်စခန်း အသစ်များ တည်ဆောက်ခြင်း၊ မီးသတ်မော်တော်ယာဉ်အသစ်များ
ဝယ်ယူခြင်း၊ ရုံးသုံးစက် ကိရိယာနှင့် ပရိဘောဂများဝယ်ယူခြင်းတို့အတွက် တင်ပြ
တောင်းခံထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

(ဆ)    မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေဖြင့်
(ငွေလုံးငွေရင်းအသုံးစရိတ်)များနှင့်ပတ်သက်ပြီး တိုးတက်ပြုပြင်ခြင်း လုပ်ငန်း
များတွင်    လမ်းလုပ်ငန်း(၃၂)ခု   အတွက်     တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်။ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းစီမံကိန်းများတွင် ရုံးသစ်ဆောက်လုပ်ခြင်း၊ ဝန်ထမ်း အိမ်ရာဆောက်လုပ်ခြင်း၊ ရေမီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့် ယာဉ်များ အတွက် ကုန်ကျစရိတ်များကို တင်ပြတောင်းခံ ထားကြောင်းလေ့လာတွေ့ရှိရပါသည်။

၁၃။     အနှစ်ချုပ်အားဖြင့် တင်ပြရလျှင် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း)တွင် လျာထားဖော်ပြထားသော ရငွေ/ သုံးငွေများအား အမှန်တကယ် လုပ်ငန်း ဆောင်ရွက်ချိန်၌ အထက်အပိုဒ်များတွင် သုံးသပ်အကြံပြုထားသည့်အတိုင်း စနစ်တကျ အသေးစိတ် စီမံဆောင်ရွက်သွားမည်ဆိုပါက တိုင်းဒေသကြီး၏ တစ်နှစ်တာအတွင်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည့် လျော်ကန်သင့်မြတ်သော ကိန်းဂဏန်းများဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။

၁၄။     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ(မူကြမ်း)တွင် နောက်ဆက်တွဲဇယားများဖြင့် ဖော်ပြထားသော ရငွေ သုံးငွေ ထောက်ပံ့ငွေများဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးနိုင်မည့်လုပ်ငန်းများကို အတတ်နိုင်ဆုံး ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကိုလည်း သုံးသပ်ရရှိပါသည်။

၁၅။     ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေပါ တည်ဆောက်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းတစ်ခုခြင်း အလိုက် စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းကြီးကြပ်စစ်ဆေးရေး အဖွဲ့များအား အချိန်နှင့်တပြေးညီ တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေးအတွက် လမ်းညွှန်စစ်ဆေးမှုများပြုလုပ် သင့်ပါကြောင်း သုံးသပ်ရရှိပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်

၁၆။     မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီသည် ၂၀၁၅ ခုနှစ် မကွေး တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)အပေါ် စိစစ်တွေ့ရှိချက်၊ လေ့လာ သုံးသပ်ချက်များကိုတင်ပြခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီတွင် ပါရှိသည့် ကော်မတီအဖွဲ့ဝင်အသီးသီး၏ တူညီသော သဘောတူညီချက်ဖြင့် သဘောထား မှတ်ချက်များကို တင်ပြ သွားမည်ဖြစ်ပါသည်။

၁၇။     ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

(က)    ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း) အား မူအားဖြင့် သဘောတူပါသည်။

 

( ခ )   ဥပဒေ(မူကြမ်း)၏ နောက်ဆက်တွဲဇယားများဖြင့် ဖော်ပြထားသော ငွေလုံးငွေရင်း သုံးငွေ လျာထားချက် ကိန်းဂဏန်းများမှာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်သော နီးစပ်မှန်ကန်သင့်လျော်သည့် ကိန်းဂဏန်းများဖြစ်သည်ဟု ယူဆ ပါသည်။

( ဂ )   ၂၀၁၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ (မူကြမ်း)၏ နောက်ဆက်တွဲဇယားများဖြင့် ဖော်ပြထားသော သာမန်သုံးငွေ လျာထားချက်ကိန်းဂဏန်းများမှာ နိုင်ငံဝန်ထမ်းများအား လစာများ တိုးမြှင့်ခံစား ခွင့်ပြုခြင်းနှင့် စရိတ်ချီးမြှင့်ငွေများ တိုးလာခြင်းကြောင့် ဖြစ်သည်ဟုလည်း ယူဆပါသည်။

(ဃ)    ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီးဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) နောက်ဆက်တွဲဇယားများဖြင့် ဖော်ပြထားသော ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီး ဌာနများ၊ ဦးစီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့အများအနေဖြင့် ၂၀၁၅-၂၀၁၆  ဘဏ္ဍာနှစ်မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေပါ ဒေသန္တရစီမံ ကိန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို လွှတ်တော်၏ အတည်ပြုချက် လိုအပ်သောကြောင့် ဥပဒေနှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

( င )   ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ(မူကြမ်း) အား တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုပေးပါရန် ထောက်ခံအပ်ပါသည်။

၁၈။     သို့ဖြစ်ပါ၍ တိုင်းဒေသကြီးလွှတ်တော်တွင် ၂၀၁၅ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ(မူကြမ်း)အား စိစစ်ဆွေးနွေးအတည်ပြုပေးနိုင်ပါရန် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့ တင်သွင်းအပ် ပါသည်။

 

 

                                                                                                     ဥက္ကဋ္ဌ

                                                                                      ဥပဒေပြုရေးဆိုင်ရာကော်မတီ

                                                                                     မကွေးတိုင်းဒေသကြီးလွှတ်တော်