ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းအဝေး ( ၂/၂၀၁၅ ) သို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ( ၂၀၁၆-၂၀၁၇ ) ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း လျာထား ချက်များအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ အကြံပြုဆွေးနွေး တင်ပြချက်
ပထမအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ရက်
နိဒါန်း
၁။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ )ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်မကွေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေး(၂/၂၀၁၅) (ပထမ) နေ့တွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်များကို မကွေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်း ခဲ့ပါသည်။
၂။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၅နှင့်အညီ တင်သွင်းခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီအနေဖြင့် ယင်းဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစာရင်း လျာထားချက်များအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၆ နှင့်အညီ အကြံပြုဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
လေ့လာတွေ့ရှိချက်
၃။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းကိုရေးဆွဲ ပြုစု၍ တိုင်းဒေသကြီးလွှတ်တော်တွင် အကြံပြုဆွေးနွေးပြီး ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန(ရုံးချုပ်)သို့ ပေးပို့ရန်ညွှန်ကြားခဲ့ကြောင်းနှင့် ဌာနများ၏ ရငွေ/ သုံးငွေစာရင်းလျာထားချက်များကို လေ့လာရာတွင် ရငွေကျပ် (၁၄၁၁၁.၆၅၉) သန်း၊ သုံးငွေကျပ် (၂၂၁၉၄၈.၃၉၅) သန်းဖြစ်၍ လိုငွေကျပ် (၂၀၇၈၃၆.၇၃၆) သန်း ဖြစ်ပေါ်ကြောင်းလေ့လာတွေ့ရှိ ရပါသည်။
၄။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မူလခန့်မှန်းခြေငွေစာရင်းလျာထားချက် ၏ လိုငွေကို နှစ်လတ်ဘဏ္ဍာရေးမူဘောင်အရ ပြည်ထောင်စုမှ ကျပ် (၁၄၁၅၂၅.၀၀၀) သန်းသာ ထောက်ပံ့မည် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံဖြိုးရေးရန်ပုံငွေကျပ် (၂၅၀၀.၀၀၀)သန်းကိုလည်း ရငွေ/ သုံးငွေတွင် ထည့်သွင်းရေးဆွဲရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကျပ် (၁၈၁၅.၉၁၈) သန်းကိုလည်း တိုင်းဒေသကြီးသို့ ခွဲဝေပေးမည်ဖြစ်၍ ရငွေ/ သုံးငွေအဖြစ် ထည့်သွင်းရေးဆွဲရန် ညွှန်ကြားထားကြောင်းကို လေ့လာတွေ့ရှိရပါသည်။
၅။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအစိုးရအနေဖြင့် သုံးငွေများကိုစစ်ဆေးလျှော့ချပြီးနောက် မကွေးတိုင်းဒေသကြီး၏၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေစာရင်းလျာထားချက်သည် ရငွေကျပ် ( ၁၄၁၁၁.၆၅၉ ) သန်း ၊ သုံးငွေကျပ် ( ၁၅၅၆၃၆.၆၅၉ ) သန်းဖြစ်ပြီး လိုငွေကျပ်
(၁၄၁၅၂၅.၀၀၀)သန်း ဖြစ်၍ တိုင်းဒေသကြီး၏လိုငွေမှာ ပြည်ထောင်စု၏ ထောက်ပံ့ငွေ နှင့်ကိုက်ညီနေကြောင်းလေ့လာတွေ့ရှိရပါသည်။
၆။ မကွေးတိုင်းဒေသကြီး၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် မူလခန်းမှန်းခြေစာရင်းလျာထားချက် ကိုတင်ပြရာတွင် ယခင်နှစ်များကဲ့သို့ ရငွေ၊ သုံးငွေများကို ပြည်ထောင်စုဝန်ကြီးဌာနမှ စိစစ်လျှော့ချခြင်းမပြုပဲ ထောက်ပံ့နိုင်မည့် လိုငွေကိုသာ နှစ်လတ်ဘဏ္ဍာရေးမူဘောင် အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ သက်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
အကြံပြုဆွေးနွေးချက်
၇။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ ရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းလျာထားချက်နှင့်ပတ်သက်ပြီး ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သင့်ပါကြောင်း အကြံပြုဆွေးနွေး တင်ပြအပ်ပါသည်။
၈။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်များ ရေးဆွဲရာတွင် လိုငွေနှင့် GDP အချိုးကို အလေးထားချိန်ဆပြီး ဌာနအဖွဲ့အစည်းများအနေဖြင့် ဦးစားပေးအစီအစဉ်များဖြင့် ရေးဆွဲသင့်ပါကြောင်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ် ခန့်မှန်းခြေစာရင်းများရေးဆွဲရာတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲသင့်ပါကြောင်းကို အကြံပြုဆွေးနွေး တင်ပြအပ်ပါသည်။
၉။ မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခန့်မှန်းခြေငွေစာရင်းလျာထားချက်များသည် မကွေးတိုင်းဒေသကြီး၏ ၂၀၁၆-၂၀၁၇ ခုနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားသည့် လုပ်ငန်းများဖြစ်သင့်ပါကြောင်းကိုလည်း အကြံပြုဆွေးနွေးတင်ပြအပ်ပါသည်။
၁၀။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေ ငွေစာရင်းလျာထားချက်များကို အကြံပြုဆွေးနွေးချက်များနှင့်အတူ လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လွှတ်တော် ဥက္ကဋ္ဌကြီး မှတစ်ဆင့် လွှတ်တော်သို့တင်သွင်းအပ်ပါသည်။
ဥ က္က ဋ္ဌ
ဥပဒေပြုရေးဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်