ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)အပေါ်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ(    ၆   )ရက်

နိဒါန်း

၁။       ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ( ၅ )ရက်နေ့တွင်ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမ)နေ့တွင် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက လွှတ်တော်သို့ တင်သွင်းခဲ့ပါ သည်။

၂။       အဆိုပါ ဥပဒေ(မူကြမ်း)အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ (ခ)အရ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၉(က)နှင့်အညီလွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် အဆိုပါဥပဒေ (မူကြမ်း)အပေါ် စိစစ်လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉(ခ)နှင့်အညီ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်

၃။       ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေ သုံးစွဲရေး ဥပဒေ(မူကြမ်း)တွင် အောက်ပါအတိုင်း အခန်း(၂)ခန်းပါရှိသည်ကို စိစစ်တွေ့ရှိရပါသည် –

(က)    အခန်း(၁)       အမည်နှင့် အကျိုးသက်ရောက်သည့်ကာလ

( ခ )   အခန်း(၂)       နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲ
ခြင်းတို့ဖြစ်ပါသည်။

၄။       အခန်း(၁)၊ ပုဒ်မ ၁ ၊ ပုဒ်မခွဲ(က)တွင် ဤဥပဒေကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဟု ခေါ်တွင်စေရမည်ဖြစ်ပြီး ပုဒ်မ ၁ ၊ ပုဒ်မခွဲ(ခ)တွင် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်အတွက် အကျိုးသက်ရောက်စေရမည် ဖြစ်ကြောင်း ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပါသည်။

၅။       အခန်း(၂)တွင် နောက်ထပ်အသုံးစရိတ်များကို ခွင့်ပြုလျာထားပေးခြင်းနှင့် စီမံခန့်ခွဲခြင်း အပိုင်းများကိုဖော်ပြထားပါသည်။ပုဒ်မ၂၊ပုဒ်မခွဲ(က)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊တိုင်းဒေသကြီး လွှတ်တော်၊    တိုင်းဒေသကြီးတရားလွှတ်တော်၊     တိုင်းဒေသကြီးဥပဒေချုပ်၊        တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအဆင့်ဦးစီးဌာနများ၊ အဖွဲ့အစည်း များနှင့်စပ်လျဉ်း၍ ဇယား(၁)တွင် ခွင့်ပြုထားသောရန်ပုံငွေတို့အတွက် တာဝန်ပေးအပ်ခြင်းခံရသည့်ပုဂ္ဂိုလ်အသီးသီးသည် မိမိနှင့် ယှဉ်တွဲဖော်ပြထားသော သက်ဆိုင်ရာ သုံးငွေများကို သုံးစွဲနိုင်သည်ဟု ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပါသည်။

၆။       အခန်း (၂) ၊ ပုဒ်မ (၂) ၊ ပုဒ်မခွဲ (ခ) တွင် ခွင့်ပြုထားသည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းသည် ၂၀၁၅ခုနှစ် တိုင်းဒေသကြီး၏ ဘဏ္ဍာ​ငွေအရအသုံးဆိုင်ရာဥပဒေအရ ခွင့်ပြုထားသည့် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲခြင်းအပြင် နောက်ထပ်သုံးစွဲခြင်း ဖြစ်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ပုဒ်မ (၃)၊ ပုဒ်မခွဲ(က) တွင် ပုဒ်မ(၂)ပါ တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်အသီးသီးသည် မိမိအားတာဝန်ပေးအပ်သည့် သုံးငွေကိုစီမံခန့်ခွဲရန် မိမိလက်အောက်ရှိ လုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ် အသီးသီးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်ဟုဖော်ပြပါရှိပြီး ပုဒ်မ(၃)၊  ပုဒ်မခွဲ(ခ)တွင် သုံးငွေကို စီမံခန့်ခွဲရာ၌ ဤဥပဒေပါပြဌာန်းချက်အရ ၂၀၁၅ ခုနှစ် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များ သက်ဆိုင်ရာဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက် ရမည်ဟုဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပါသည်။

၇။       ဤဥပဒေ(မူကြမ်း)၏ နောက်ဆက်တွဲဇယား(၁)တွင် တိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့ အစည်း (၁၂)ဖွဲ့တို့မှ သာမန်သုံးငွေအဖြစ် ကျပ်သန်း (၁၄၄၅.၁၂၃)သန်း၊ ငွေလုံးငွေရင်းသုံးငွေအဖြစ် ကျပ်သန်း(၁၃၂၉.၄၀၈)သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေအဖြစ် ကျပ်သန်း (၂၀၆.၉၈၃)သန်း စုစုပေါင်းကျပ်သန်း(၂၉၈၁.၅၁၄)သန်းကို နောက်ထပ်ခွင့်ပြုသည့် သုံးငွေများ အဖြစ် တင်ပြတောင်းခံထားသည်ကို စိစစ်တွေ့ရှိရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ လေ့လာသုံးသပ်ချက်

၈။       မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း) နောက်ဆက်တွဲဇယား(၁)အရ တိုင်းဒေသကြီး အဆင့်အစိုးရအဖွဲ့အစည်း (၁၂)ဖွဲ့တို့မှ သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ထောက်ပံ့ငွေများ အဖြစ် စုစုပေါင်းသုံးငွေ ကျပ်သန်း(၂၉၈၁.၅၁၄)သန်းကို နောက်ထပ်ခွင့်ပြုငွေအဖြစ် တင်ပြတောင်းခံ ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ အသေးစိပ်စိစစ်လေ့လာကြည့်ရာတွင် သာမန်သုံးငွေအဖြစ် အစိုးရ အဖွဲ့အစည်း(၇)ဖွဲ့၊ ငွေလုံးငွေရင်းသုံးငွေအဖြစ် အစိုးရအဖွဲ့အစည်း(၂)ဖွဲ့၊ သာမန်နှင့် ငွေလုံး ငွေရင်းသုံးငွေအဖြစ် အစိုးရအဖွဲ့အစည်း(၃)ဖွဲ့ နှင့်အစိုးရအဖွဲ့ ထောက်ပံ့ငွေအဖြစ် တင်ပြတောင်းခံ ရခြင်းနှင့်ပတ်သတ်ပြီး ဌာနအဖွဲ့အစည်းများ၏ ကျိုးကြောင်းဖော်ပြချက်များနှင့်အတူ တင်ပြ တောင်းခံထားသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

၉။       တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့အစည်းများ၏ သာမန်သုံးငွေများတင်ပြတောင်းခံမှုနှင့် ပတ်သက်ပြီး ထပ်မံ၍ အသေးစိပ်လေ့လာကြည့်ရာတွင် ဖြည့်စွက်ခွင့်ပြုငွေ ဘောင်အတွင်း မဖြစ်မနေသုံးစွဲရမည်ဖြစ်သော လစာ၊ စရိတ်၊ ပင်စင်နှင့် ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေများနှင့် ပတ်သက်ပြီး  ဖြည့်စွက်ခွင့်ပြုငွေများအဖြစ်  တင်ပြတောင်းခံထားကြောင်းနှင့်  ငွေလုံးငွေရင်းတင်ပြ တောင်းခံမှုများမှာ ရေတိုက်စားမှု၊ ကမ်းပြိုကာကွယ်ရေး ရေကာတာများ ပြုလုပ်ခြင်း၊ မကွေးတိုင်း ဒေသကြီးအတွင်း Komenဆိုင်ကလုံးမုန်တိုင်းကြောင့် ပျက်စီးသွားသော ဆည်မြောင်း၊ ကန်ချောင်း၊တာတမံများကို ပြန်လည်ပြုပြင်ခြင်း၊ ရုံးများခြံစည်းရိုးကာရံခြင်းနှင့် ကျေးလက်ဒေသ လျှပ်စစ်မီး လင်းရေးအတွက် မီးကြိုးများသွယ်တန်းတည်ဆောက်ခြင်း လုပ်ငန်းများတွင် လိုအပ်နေသော ငွေများကိုဖြည့်စွက် ခွင့်ပြုငွေများအဖြစ် တင်ပြတောင်းခံထားကြောင်း လေ့လာတွေ့ရှိရပါသည်။

၁၀။     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ နှင့်ပတ်သက်ပြီး မူလဖြည့်စွက်ခွင့်ပြုတောင်းခံငွေမှာ ကျပ်သန်း(၂၇၅၆၆.၀၁၈)သန်း ဖြစ်သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏(၆.၁၁.၂၀၁၅) ရက်စွဲပါစာအမှတ်၊ ၃၀၈၀/၃၄၉-ဖြည့်စွက် ၁-၁၈/ အဖရ(၂၀၁၅)အရ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တင်ပြ တောင်းခံထားသော ဖြည့်စွက်ခွင့်ပြုငွေကို ကျပ်သန်း(၂၉၈၁.၅၁၄)သန်း ကိုသာ တင်ပြတောင်းခံရန် ညွှန်ကြားချက်နှင့်အညီ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အမှန်တကယ်အသုံးလိုအပ် နေသော အစိုးရဌာနအဖွဲ့အစည်းများနှင့် မဖြစ်မနေသုံးစွဲရမည့် အစိုးရဌာနအဖွဲ့အစည်းများကိုသာ သေချာစွာစိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုငွေဘောင်အတွင်းမှ တင်ပြတောင်းခံထားခြင်း ဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။

၁၁။     ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေးဥပဒေ(မူကြမ်း) နောက်ဆက်တွဲဇယားပါ တိုင်းဒေသကြီးအဆင့် အစိုးရဌာနအဖွဲ့အစည်း များ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံထားခြင်းများမှာ ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်အတွင်း မဖြစ်မနေသုံးစွဲရမည့်အသုံးစရိတ်များကိုသာ တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်းနှင့် တင်ပြ တောင်းခံငွေများ နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအဆင့် အစိုးရဌာနအဖွဲ့အစည်းများအနေဖြင့် ပြဌာန်းထားသောဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တင်ပြတောင်းခံ ထားကြောင်းကို လေ့လာတွေ့ရှိရပါသည်။

၁၂။     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း) နောက်ဆက်တွဲဇယားပါ ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုနှင့်ပတ်သက်ပြီး    ပြည်ထောင်စုအစိုးရမှခွင့်ပြုသည့်    ဖြည့်စွက်ခွင့်ပြုငွေ ဘောင်အတွင်း  မဖြစ်မနေသုံးစွဲရမည်ဖြစ်သည့် လစာစရိတ်၊ ပင်စင်၊ အတိုးပေးငွေ၊ ကုန်သွယ် လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေ၊ ကြွေးမြီအသုံးစရိတ်များနှင့် နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် သုံးစွဲရမည့် အသုံးစရိတ်များ ကိုသာ ဖြည့်စွက်ခွင့်ပြုငွေများအဖြစ် တင်ပြတောင်းခံထားကြောင်း လေ့လာ တွေ့ရှိရပါသည်။

၁၃။     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီး၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ (မူကြမ်း) နောက်ဆက်တွဲဇယားပါ ခွင့်ပြုငွေတောင်းခံသည့် အသုံးစရိတ်ငွေများမှာ မူလခွင့်ပြုငွေ(BE)၏(၁၀%)ရာခိုင်နှုန်းထက် ကျော်လွန်ခြင်း မရှိကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါသည်။

၁၄။     မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း) နောက်ဆက်တွဲဇယားပါ ခွင့်ပြုငွေ တောင်းခံရာတွင် ၂၀၁၅ ခုနှစ် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် မပါရှိသည့်လုပ်ငန်းသစ်တစ်ရပ်အတွက် လွှတ်တော်၏ခွင့်ပြုချက်လိုအပ်သော အသုံးစရိတ် ပေါ်ပေါက် လာသဖြင့် လွှတ်တော်၏သဘောတူညီချက်ကို မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၅၁ (က) (၂) နှင့်အညီ လွှတ်တော်သို့ တင်သွင်း သဘောတူညီချက်ရယူခြင်းဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိ ရပါသည်။

ဥပဒေပြုရေးဆိုင်ရာကော်မတီ၏သဘောထားမှတ်ချက်

၁၅။     မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို အသေးစိတ်လေ့လာစိစစ်ပြီး ကော်မတီဝင်အားလုံး၏ ညီညွတ်တူညီသော သဘောဆန္ဒများဖြင့် သဘောထားမှတ်ချက်ကို လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပါသည်။

၁၆။     ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် နောက်ဆက်တွဲဇယားပါ ကိန်းဂဏန်းများသည် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်းနှင့် မကွေး တိုင်းဒေသကြီးလွှတ်တော်မှ အကြံပြုဆွေးနွေးချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်းတို့ကြောင့် –

(က)    မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသည့် ၂၀၁၅-၂၀၁၆ခုဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ(မူကြမ်း)ကို မူအားဖြင့် သဘောတူပါသည်။

( ခ )   သို့ပါ၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှတင်သွင်းသော ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေ(မူကြမ်း)နှင့် နောက်ဆက်တွဲဇယားပါ နောက်ထပ် ခွင့်ပြုသည့် သာမန်သုံးငွေ၊ ငွေလုံးငွေရင်းသုံးငွေနှင့် ထောက်ပံ့ငွေများကို လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

 

                                                                                               ဥက္ကဋ္ဌ

                                                                                ဥပဒေပြုရေးဆိုင်ရာကော်မတီ

                                                                               မကွေးတိုင်းဒေသကြီးလွှတ်တော်