ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှုတ်ခွန်းဆက်စကား
မိန့်ခွန်းများတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုစတင်ခေါ်ယူကျင်းပခဲ့ပါ၍ လွှတ်တော်၏သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီး (၂၇)ရက် ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော် (၁)နှစ်ပြည့်မြောက် ကျော်လွန်ပြီးသည့်နောက် ပထမဆုံးပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ပြည့်ပြည့်စုံစုံကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြည်သူများရဲ့ပေးအပ်သောတာဝန်များကိုလန်းလန်းဆန်းဆန်းတက်တကြွ်ကြွက ထမ်းဆောင်နေတာတွေ့ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းပဏာမ ပြောကြား လိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ၂၀ဝ၈ခုနှစ်၊မေလ(၂၉)ရက်နေ့ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ကြေညာချက်အမှတ် ၇/၂၀ဝ၈ဖြင့် အတည်ပြုပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁) ပုဒ်မ ၁၁ ပုဒ်မခွဲ(ခ)အရနိုင်ငံတော်၏ အချုပ်အခြာအာဏာဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကိုတတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရမယ်လို့ သတ်မှတ်ပြဌာန်းထားပါတယ်။တင်ပြပါ နိုင်ငံတော်ရဲ့ အချုပ်အခြာအဏာ(၃)ရပ်ကိုပြည်ထောင်စုနဲ့ တိုင်းဒေသကြီးများ၊ ပြည်နယ်များကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းထားပါတယ်။ အထက်ပါ သတ်မှတ်ပြဌာန်းချက်အရတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ(က)နှင့်အညီတိုင်းဒေသကြီးရဲ့ ဥပဒေပြုရေးတာဝန်ကိုကျေပွန် အောင် ကြိုးပမ်းထမ်းဆောင်ရမှာဖြစ်ပါတယ်။တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ဖေါ်ပြပါဥပဒေပြုရေးတာဝန် သာမကဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၁၁)ပုဒ်မခွဲ(က)အရ အုပ်ချုပ်ရေး အဖွဲ့၊ တရားစီရင်ရေးအဖွဲ့များနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတာဝန်ကိုလည်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထိုသို့အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတာဝန်များကို ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၄) ပုဒ်မ ၁၆၇၊ ပုဒ်မခွဲ(က)(ခ)(ဂ)နှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂၁၊ ၂၂၊ နည်းဥပဒေ ၆၂ အပိုဒ်ခွဲ(က)(ခ)ပါ သတ်မှတ်ချက်နှင့်အညီဖွဲ့စည်းထားတဲ့ လွှတ်တော်ကော်မတီနှင့် အဖွဲ့များမှာလည်းပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျန်ရှိတဲ့ တာဝန်တစ်ရပ်ကတော့ ဒေသန္တရစီမံကိန်း များအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အဓိကအသက်သွေးကြောဖြစ်တဲ့ ရသုံးမှန်းခြေငွေစာရင်းလျာထားသတ်မှတ် အတည်ပြုပေးရတဲ့တာဝန်ဖြစ်ပါတယ်။ ဒီတာဝန်ကို လွှတ်တော်ကိုယ်စားလှယ်များကအထူးအလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်းနဲ့ စေ့စေ့စပ်စပ် သေသေချာချာစိစစ်ဆွေးနွေးအကြံပြုရန် အရေးကြီးပါကြောင်းအသိပေးတင်ပြလိုပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ကိစ္စရပ်တစ်ခုတည်းမှာကျွမ်းကျင်သူ
၂
ဖြစ်ရန်မလိုအပ်သော်လည်းဘာသာရပ်အများစုကိုတော့ အကျွမ်းတဝင်ရှိရန် လိုအပ်ပါတယ်။ ခံယူချက် မှန်ကန်ဖြူစင်ရန်လည်းလိုအပ်ပါတယ်။ သို့မှသာပြည်သူအများစုရဲ့ လိုလားချက်များကိုနှလုံးသားနဲ့ ခံစားနားလည်ပြီးဦးနှောက်နဲ့စဉ်းစားဆင်ခြင်နိုင်မှာဖြစ်ပါတယ်။ ထိုသို့စဉ်းစားရာမှာရေရှည် အတွက်ပါ ကောင်းပြီးအမှားအနည်းဆုံးဖြစ်ဖို့လည်းအထူးလိုအပ်မှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူတစ်ဦးချင်းရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝနဲ့ ပြည်သူများ၏ အနာဂတ်မျှော်လင့်ချက်များအစပျိုးပေးရသူများဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍဟာအလွန်အရေးကြီးကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မိမိတို့တစ်ဦးချင်းရဲ့ အရည်အသွေးများ ဘက်စုံထောင့်စုံက အားကောင်းမောင်းသန်ဖြစ်အောင် ကြိုးပမ်းဆည်းပူးဖြည့်ဆည်းလေ့ကျင့်ကာ အမိနိုင်ငံတော်နှင့် မိဘပြည်သူများရဲ့ အကျိုးစီးပွားကိုအောင်မြင်ပြီးမြောက်အောင် စွမ်းဆောင်နိုင်သောအဂတိတရားများ ကင်းရှင်းပြီးပြည်သူချစ်သောကိုယ်စားလှယ်များအဖြစ် ရည်တည်နိုင်ပါစေကြောင်းမေတ္တာဖြင့် ဆန္ဒပြု ဆုတောင်းရင်းနှုတ်ခွန်းဆက်သလိုက်ပါတယ်။