ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မိန့်ခွန်း
မိန့်ခွန်းများဒီကနေ့ ကျင်းပပြုလုပ်တဲ့ မကွေးတိုင်းဒေသကြီး ပထမအကြိမ် ဒုတိယပုံမှန် အစည်းအဝေးမှာ တက်ရောက်လာကြတဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။
တိုင်းဒေသကြီးလွှတ်တော် (၁)နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်တဲ့အတွက် တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ငန်းဆောင်တာများနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြသွားမှာဖြစ်သလို ဒီနေ့မနက် (၁၀)နာရီမှာ နိုင်ငံတော်သမ္မတကြီးကနေ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကိုလည်းဖတ်ကြားတင်ပြသွားမှာဘဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေးပြုလုပ်တဲ့အခါမှာ ပြီးခဲ့တဲ့ နှစ်ရက်က တက်ရောက်ချင် ပေမယ့်လည်း ခရီးစဉ်ရှိနေတဲ့အတွက် မတက်ရောက်နိုင်ခဲ့ပါဘူး။ ထို့အတူ ဒီနေ့မနက်မှာလည်း နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်း(၁၀)နာရီမှာ Live Show ဖွင့်လွှင့်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့နားထောင်ကြဖို့အတွက် ညွှန်ကြားချက်ကြောင့် ကျွန်တော် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ယခုပြုလုပ်တဲ့နေ့လည်ခင်းပိုင်းမှာဘဲ တက်ရောက်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်များကို တိုင်းဒေသကြီးရဲ့ ဆောင်ရွက်ချက်တွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ ထို့အတူဘဲ နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကနေတဆင့် နိုင်ငံကိုထုတ်ပြန်တဲ့မိန့်ခွန်းမှာ တဆက်တစပ်တည်းပဲအားလုံးသိစေချင်တဲ့အတွက် ကျွန်တော်သမ္မတကြီးရုံးကိုလှမ်းတင်ပြပြီးတော့မှ ဖတ်ကြားတဲ့မိန့်ခွန်းကို အစ၊ အဆုံး ကျွန်တော် ဖတ်ကြားတင်ပြသွားမှာဘဲဖြစ်ပါတယ်။
အဲဒီတော့ အပိုင်း(၁)အနေနဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ယခုကျင်းပတဲ့ လွှတ်တော်မှာတင်ပြဆွေးနွေးခဲ့ကြတဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်းမှာ စီမံကိန်း ရည်မှန်းချက်အကောင်အထည်ဖော်မှုအနေနဲ့ ကျွန်တော့်အနေနဲ့ စီမံကိန်း လျာထားချက်က (၄၁၁၀)ဘီလီယံ ဖြစ်ပါတယ်။ အဲဒါကို ဇန်နဝါရီလကုန်အထိ အကောင်အထည်ဖော်ပြီးတာ (၃၃၆၈) ဘီလီယံဖြစ်တဲ့အတွက် အကောင်အထည်ဖော်နိုင်မှုရာခိုင်နှုန်း ၈၂ %အထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အခုကာလ ၂ လ ပိုင်းနဲ့ ၃ လပိုင်းဟာ ကျွန်တော်တို့အတွက် Finishing ကာလဖြစ်ပါတယ်။ ဆိုလိုတာကတော့ အချောသတ်တဲ့ ကာလပဲဖြစ်ပါတယ်။ လိုအပ်ချက်များကို ကောက်သင်းကောက်ရှာပြီးတော့မှ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ပြည့်မီအောင် ကျွန်တော်တို့ဆောင်ရွက်သွားရမှာဘဲ ဖြစ်ပါတယ်။ ဒါလည်း ကျွန်တော်တို့ရဲ့ နှစ်ကုန်ခန့်မှန်းချက်အရ ၁၀၂ အထိ အကောင်အထည် ဖော်နိုင်လိမ့်မယ် လို့မျှော်မှန်းပြီး ကြိုးစားဆောင်ရွက်နေပါတယ်။ အဲလိုဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းရဲ့ လူတစ်ဦးချင်း (၁)နှစ်ဝင်ငွေဟာ (၇၀၅၀ဝဝိ/-) ကျော် ရရှိလာမှာဘဲ ဖြစ်ပါတယ်။
GDP နဲ့ပတ်သက်လို့တင်ပြရရင် ကျွန်တော်တို့မကွေးတိုင်းအနေနဲ့ ၂၀ဝ၆-၂၀ဝ၇ ဘဏ္ဍာနှစ်မှသာ စပြီးတော့ ကျွန်တော်တို့ ရာနှုန်းပြည့်ကျော်လွန်အောင် ကြိုးစားနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ ထို့အတူပဲ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပြည်သူတွေရဲ့ ဆောင်ရွက်ချက်တွေ၊ ဌာနဆိုင်ရာတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် အခုလို မှတ်ကျောက်တင်ခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။ GDP နဲ့ပတ်သက်လို့တင်ပြရရင် ၉၉.၉% နဲ့ ၁၀ဝ% တန်ဖိုးချင်းမတူပါဘူး။ ထို့အတူပဲ ၁၀၁% နဲ့ ၉၉.၉% ဟာလည်း တန်ဖိုးချင်း မတူပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ တော်တော်ကိုအားသွန်ကြိုးပမ်းနိုင်မှ ကျွန်တော်တို့မကွေးတိုင်းဒေသကြီးဟာ နိုင်ငံတော်မှာ စီးပွားရေးတိုင်း(၁)တိုင်း ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းနိုင်အောင် ကျွန်တော်တို့ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပဲဖြစ်တယ်ဆိုတာ ပထမဦးစွာတင်ပြလိုပါတယ်။
ဒုတိယပိုင်းအနေနဲ့ ရသုံးမှန်းခြေနဲ့ပတ်သက်လို့တင်ပြလိုပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရသုံးမှန်းခြေကိုကိုင်တွယ် ဆောင်ရွက်နေတာ အခုအချိန်မှာ(၆)လဘဲရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့တင်ပြရလျှင် ဒီနှစ်မှာလည်းရသုံးမှန်းခြေလိုအပ်ချက်ရှိမှာဖြစ်သလို၊ နောင်နှစ်မှာလည်း ရှိဦးမှာဘဲဖြစ်ပါတယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ဒီတိုင်းပုံမှန်ဘဲ သမားစဉ်အတိုင်း သွားနေရင်တော့ အနုတ်တွေပဲ ဖြစ်နေမှာဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့အနေနဲ့ တော်တော်ကို guide and drive လုပ်နိုင်မှ အပေါင်းဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့အတွက်လည်း မနေ့ကတွေ့ဆုံပွဲအခမ်းအနားမှာ ရပ်မိရပ်ဖကိုယ်စား ကျွန်တော့်အနေနဲ့ မကွေးစက်မှုနယ်မြေပေါ်ပေါက်လာရေးအတွက် တင်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုတင်ပြခြင်းသည် long term plan ပဲ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့ တိုင်းဒေသကြီးများအနေနဲ့ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို လက်ခံဆောင်ရွက်နိုင်မယ့်အနေအထားရှိလာပြီဖြစ်တဲ့အတွက် လာပြီးတော့ invest လုပ်မယ့်ပုဂ္ဂိုလ်တွေရှိရင်တောင် ကျွန်တော်တို့ဒီမှာ ဘာမှပေးနိုင်တဲ့ အနေအထားမျိုး မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မူအားဖြင့်ခွင့်ပြုချက်ရရှိအောင် ကျွန်တော်တို့တင်ပြထားခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ဆက်ပြီး အကောင်အထည်ဖော်ရဦးမယ်၊ အများကြီးလုပ်ရဦးမယ်ဆိုတာ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ private sector တွေပွင့်လာမှ ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးရဲ့ရန်ပုံငွေဟာ plus ဖြစ်လာမှာဖြစ်ပါတယ်။ ဒါသည်လည်း ရေမြင့်လျှင်ကြာတင့်သလိုဘဲ တိုင်းဒေသကြီးရန်ပုံငွေတိုးလာလျှင် ယခုတင်ပြတောင်းဆိုနေကြတဲ့ မေးခွန်းတွေမှာပါတဲ့အချက်တွေကို ကျွန်တော်တို့ပိုပြီးဖြည့်ဆည်းလာနိုင်မှာဘဲဖြစ်ပါတယ်။ သမားစဉ်အတိုင်း လုပ်လို့တော့ မရပါဘူး။ ဒါကိုကျွန်တော့်အနေနဲ့ တင်ပြချင်ပါတယ်။ နောက်တစ်ချက်က မေးခွန်းနဲ့အဆိုများနဲ့ပတ်သက်လို့ ကျွန်တော်အကြံပြုတင်ပြဆွေးနွေးလိုပါတယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရအဖွဲ့မဆောင်ရွက်တယ်ဆိုတာ ဘဏ္ဍာငွေအပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် ဘဏ္ဍာငွေဆိုတာလည်း ရန်ပုံငွေသုံးစွဲမှု ကန့်သတ်ချက်တွေရှိတဲ့အတွက် နိုင်ငံ၊ ဒေသကို ဘယ်လိုပဲကောင်းစေချင်၊ ကောင်းစေချင် မိမိမှာကိုယ်ပိုင်အင်အားရှိနေမှ ဆောင်ရွက် နိုင်မှာဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်တဲ့အခါမှာ မိမိမှာ ကိုယ်ပိုင်အင်အားရှိဖို့အတွက် အထက်မှာတင်ပြထားသလိုဘဲ ကျွန်တော်တို့ရဲ့ အင်အားတွေရှိလာအောင် တော်တော်ကိုကြိုးစားပြီး ဆောင်ရွက်ပြီးဖြည့်ဆည်းပေး နိုင်မှသာ တော်ရုံကျပါမယ်။ ထို့အတူပဲ ဥပမာတစ်ခု ကျွန်တော်တင်ပြချင်တာ၊ လမ်းတစ်ခုကို တင်ပြတယ်၊ တောင်းဆိုတယ်၊ တကယ်အမှန်ကုန်ကျငွေသည် သိန်း (၁၀ဝ၀) ဖြစ်ပေမယ့် ဒီနှစ်ဘတ်ဂျက်ရဲ့ ခွင့်ပြုနိုင်တဲ့ဟာသည် သိန်း(၂၀ဝ)လောက်ပဲ ဖြစ်ရင်လည်းဖြစ်ပါမယ်။ သိန်း (၅၀ဝ) လောက်လည်း ဖြစ်ရင်ဖြစ်ပါမယ်။ ဒါကြောင့် အရစ်လိုက်၊ အရစ်လိုက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ ရှေ့ကလုပ်သွားတယ်၊နောက်ကပျက်တယ်ဆိုတာ ဖြစ်တတ်ပါတယ်။ တစ်ဘရိတ်ထဲ ဒီလိုအပ်တဲ့ဟာကိုတစ်ခါတည်းပြီးသွားအောင်လုပ်နိုင်ဖို့ဆိုတဲ့ဟာက ပြည်သူက ဘယ်လိုပါဝင်အောင် ဆောင်ရွက်မလဲဆိုတဲ့ concept ရှိဖို့လိုပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ တင်ပြခြင်းဖြစ်ပါတယ်။ ပြည်သူတွေဘက်ကနေပြီးတော့ ဥပမာ- လမ်းကိုပဲ ဥပမာထားပြီးတင်ပြရမည်ဆိုလျှင် ကျွန်တော်တို့အနေနဲ့ ကျောက်ချောလမ်း တစ်လမ်းခင်းဖို့ဆိုတာ (၁) ဖာလုံကို သိန်း (၂၀ဝ) လောက်ကျပါတယ်။ ဒါအစ ၊ အလယ်၊ အဆုံး လုပ်ငန်းလုပ်မယ်ဆိုရင်၊ အဲလိုလုပ်မယ်ဆိုရင် သိန်း (၂၀ဝ) လောက်ကျတယ်။ ဒီသိန်း (၂၀ဝ) နဲ့ (၁) ဖာလုံပဲလုပ်မလား။ ဒါမှမဟုတ်ရင် ဒီသိန်း(၂၀ဝ) တန်ဖိုးရှိတဲ့ဟာမှာ raw ဖြစ်တဲ့ကျောက်ကို ပြည်သူကစုပေးမယ်။ ကျန်တဲ့ဟာ ပညာရပ်ပိုင်းဆိုင်ရာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ စက်ယန္တရားပိုင်းဆိုင်ရာကို သက်ဆိုင်ရာဘဏ္ဍာငွေက ချပေးမယ်ဆိုရင် (၁) ဖာလုံရမယ့်ဟာသည် (၂) ဖာလုံဖြစ်သွားမှာပေါ့။ အဲလို concept လေးတွေနဲ့ ပေါင်းပြီးလုပ်မယ်ဆိုရင်၊ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေအားလုံး ပြည့်မီသွားမှာဘဲဖြစ်ပါတယ်။ဒါကိုကျွန်တော့်အနေနဲ့ ဒီ practice ကိုရစေချင်တဲ့အတွက်လည်း ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကလှူဒါန်းခဲ့တဲ့ Lepro Scotic Surgery ပစ္စည်းလှူဒါန်းပွဲမှာ ကျွန်တော်အနေနဲ့ ကိုယ်စားလှယ်ကြီးများကို ဖိတ်ကြားပြီးတော့ တက်ရောက်စေခြင်း ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ private sector ကျယ်ပြန့်လာဖို့အတွက် ဒီမိုကရေစီစနစ်ကို ကျင့်သုံး၍ တစ်ဦးချင်းတာဝန်ယူမှု၊ တစ်ဦးချင်းတာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ private sector များများပါမှ ဒေသဖွံ့ဖြိုးတိုးတက်မယ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မယ်ဆိုတာ ကျွန်တော့်အနေနဲ့ အကြံပြုဆွေးနွေးတင်ပြလိုပါတယ်။
ဒုတိယအချက်အနေနဲ့တော့ ဒီကနေ့(၁၀)နာရီမှာ နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားသွားတဲ့မိန့်ခွန်းကို အစ၊ အဆုံး ကျွန်တော်တင်ပြဖတ်ကြားသွားမှာဘဲ ဖြစ်ပါတယ်။ စာမျက်နှာအားဖြင့် (၂၉)မျက်နှာရှိပါတယ်။ သို့သော်လည်း ကျွန်တော့်အနေနဲ့ သိစေချင်တဲ့အတွက် စေတနာအရင်းခံထားပြီးတော့ ကျွန်တော်ဖတ်ကြားခြင်းဖြစ်ပါတယ်။ဒါသည်လည်း ကျွန်တော်တို့အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့်အနေနဲ့ တာဝန်ယူတာ (၁)နှစ် ကာလအတွင်းမှာ ဆောင်ရွက်အကောင်အထည်ဖော်မှုနဲ့ ပြီးစီးမှုရယ်၊ ဆောင်ရွက်ရန်ကျန်ရယ် ဆက်လက်ဆောင်ရွက်မယ့်အစီအစဉ်တွေကို နိုင်ငံတော်ကို announce လုပ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကို ကျွန်တော် အစ၊ အဆုံး ဖတ်ကြားတင်ပြသွားမှာဘဲဖြစ်ပါတယ်။