ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြောကြားသည့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မိန့်ခွန်း
မိန့်ခွန်းများဒီကနေ့ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ အမှာစကား ပြောကြားခွင့်ရတဲ့အတွက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ မကြာခင်ကျရောက် တော့မယ့် နှစ်ကူးမင်္ဂလာနဲ့အတူ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ (၃၀.၃.၂၀၁၁)ရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော်မှာ အဆိုပြုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးတော့ (၃၀.၃.၂၀၁၁)ရက်နေ့မှာ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရဲ့ ရှေ့မှောက်မှာ ကျမ်းသစ္စာကြိမ်ဆို တာဝန်ထမ်းဆောင်ခဲ့ရတာဖြစ်တဲ့အတွက် ဒီနေ့ဆိုရင် ကာလအားဖြင့် (၂)နှစ်နှင့်(၅)ရက်ရှိပြီဖြစ်ပါတယ်။ အဲဒီလိုတာဝန် ထမ်းဆောင်ခဲ့တဲ့(၂)နှစ်တာ ကာလအတွင်း မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအဖွဲ့ရဲ့ မူဝါဒနဲ့အညီ ခေတ်ပြောင်းစနစ်ပြောင်းကာလမှာပြည်သူများရဲ့ဆန္ဒအတိုင်းတည်ငြိမ်အေးချမ်း ပြီး တရားဥပဒေစိုးမိုးရန်နဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲ မှုတွေ၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုတွေကို ခေတ်ကာလ အခြေအနေနဲ့
၆
လိုက်လျောညီထွေစွာ တည်ငြိမ်အေးချမ်းမှုမပျက်ဘဲ ကြိုးပမ်းဆောင်ရွက် နေသလို ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်(၈)ရပ် ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါတယ်။ ဒါ့ကြောင့် မိမိတို့ အစိုးရအဖွဲ့ရဲ့ (၂)နှစ်တာကာလအတွင်းတာဝန်ထမ်းဆောင်ခဲ့မှုများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍအလိုက် အကျဉ်းချုံးပြီးတော့ ကိန်း ဂဏန်းအထောက်အထားများနဲ့ တင်ပြသွားမှာပဲဖြစ်ပါတယ်။
နိုင်ငံရေးကဏ္ဍအနေနဲ့ တိုင်းဒေသကြီးနယ်မြေအတွင်းမှာ တည်ငြိမ် အေးချမ်းလျှက်ရှိပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီကာလမှာ နိုင်ငံရေးပါတီ(၈)ခုနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီကာလမှာ နိုင်ငံရေးပါတီ(၁၀)ခု မှတ်ပုံတင်ထားရှိကြောင်း တင်ပြအပ်ပါတယ်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ(၈)ခုလုံး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ(၆)ခုပဲ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့ကြောင်း တွေ့ရှိရပါတယ်။ ဆက်လက်ပြီး စီးပွားရေးကဏ္ဍမှ လယ်ယာကဏ္ဍကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍမှာ စပါး၊ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကြံ၊ ဝါ အပါအဝင် သီးနှံစုစုပေါင်း စိုက်ဧကဟာ ၂၀၁၀-၂၀၁၁ မှာ (၇၈.၉၈)သိန်း ရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ မှာ (၇၉.၃၉)သိန်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့် သီးနှံစိုက်စွမ်း အားဟာ ၂၀၁၀-၂၀၁၁ မှာ (၂၄၇.၇၂)ရာခိုင်နှုန်း ရရှိခဲ့ပြီး ယခုနှစ်မှာတော့ (၂၄၇.၇၃)ရာခိုင်နှုန်းရရှိဖို့ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ် ပါတယ်။
ထို့အတူပဲ ကျေးလက်နေပြည်သူများရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရာမှာ လယ်ယာကဏ္ဍကို အခြေခံထားတာဖြစ်တဲ့အတွက် လယ်ယာကဏ္ဍဖွံဖြိုး တိုးတက်ဖို့ ဆောင်ရွက်သွားကြရမှာဘဲ ဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မိန့်ကြားခဲ့တဲ့ ပြုပြင်ရန်အချက်(၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြလိုပါတယ်။ အဲဒီ့ အချက်(၅)ချက်ကတော့ – (က) လယ်သမားများရဲ့ တင်းတိမ်ရောင့်ရဲသည့် စိတ်ဓာတ်မှ တိုးမြှင့်ထုတ်လုပ်လိုသည့် စိတ်ဓာတ်သို့ ပြုပြင်ရန်၊ (ခ) လယ်/ယာ ကွက်များ၏ တန်ဖိုးမြင့်အောင် ပြုပြင်ရန်၊ (ဂ) အထွက်တိုး မျိုးကောင်းမျိုးသန့် များ ပြုပြင်ပြောင်းလဲ စိုက်ပျိုးရန်၊ (ဃ) သမားရိုးကျ စိုက်နည်းစနစ်မှ သိပ္ပံ နည်းကျစိုက်ပျိုးစနစ်သို့ ပြုပြင်ရန်၊ (င) လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာ စနစ်သို့ ပြောင်းလဲပြုပြင်ရန်ဆိုတဲ့ လုပ်ငန်းစဉ် (၅)ရပ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းဒေသကြီးအတွင်း အဆင့်မြှင့်လယ်ယာမြေဖော်ထုတ်နိုင်မှုအနေနဲ့ (၁၂၃) ဧကကို အစိုးရ/ပုဂ္ဂလိကနဲ့ (INGO)များရဲ့ အကူအညီရယူဆောင်ရွက်ခဲ့ပါတယ်။ ထို့အတူပဲ စံပြကွက်(၁၂၁)ဧကကိုလည်း အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ကြောင်းတင်ပြအပ်ပါတယ်။ ထို့အတူ မိမိတို့တိုင်းဒေသကြီးအနေနဲ့ မြန်မာ နိုင်ငံရဲ့ ဆီအိုးကြီးလို့ တင်စားခေါ်နိုင်လောက်တဲ့ ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးပဲဖြစ်ပါတယ်။ သို့သော်လည်း မြန်မာလူမျိုးများရဲ့ အခြေခံအစားအစာဖြစ်တဲ့ ဆန်ဖူလုံမှုဟာ ခရိုင်အားလုံး တစ်ပြေးညီရရှိရေး ကြိုးပမ်းနေရဦးမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒေသဝမ်းစာ ဖူလုံမှုအနေနဲ့ ၂၀၁၀-၂၀၁၁ မှာ မိုးစပါး၊ နွေစပါး စိုက်ဧက (၁၀.၅၃)သိန်းနဲ့ လူဦးရေ(၅၆)သိန်းအတွက် (၁၀၂.၇၆)ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ယခုနှစ်မှာတော့ နှစ်အတွင်းမှာရရှိတဲ့ မိုးရေချိန်နည်းပါးမှုကြောင့် မိုးစပါး/နွေစပါးစိုက်ဧကဟာ (၉.၅၃)သိန်းနဲ့ လူဦးရေ ငါ့ဆယ့်ခုနှစ်သိန်းသုံးသောင်းနှစ်ထောင်အတွက် (၉၃) ရာခိုင်နှုန်းရရှိအောင် ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဒီနေရာမှာ တစ်ဆက်တည်း တင်ပြချင်တာကတော့ လွှတ်တော်ကိုယ်စားလှယ် ကြီးများအနေနဲ့ မိမိတို့မဲဆန္ဒနယ်မြေအတွင်းမှာ အထက်မှာတင်ပြခဲ့တဲ့ လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရန် အချက်(၅)ချက်ကို တောင်သူများအား အသိပေးဆွေးနွေးပညာပေး ဝိုင်းဝန်းကူညီပေးကြပါလို့ အကူ အညီတောင်းခံအပ်ပါတယ်။ ဆီဖူလုံမှုအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာ (၄၆၀)ရာခိုင်နှုန်းနဲ့ပဲဖူလုံမှု(၈၀၈)ရာခိုင်နှုန်းအထိ ထုတ်လုပ်နိုင်ခဲ့သလိုချည်မျှည် ရှည်ဝါ(၁)ဧကမှာ (၅၇၇.၈၅) ပိဿာနှုန်းနဲ့ စိုက်ဧက (၂.၇၁)သိန်းအတွက် (၁၅၆၆.၈၉)သိန်းပိဿာ ထုတ်လုပ်နိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်။ ထို့အတူ ငဖဲ၊ စေတုတ္တရာ၊ မင်းတုန်းမြို့နယ်တွေမှာ အမယ်သစ်သီးနှံများဖြစ်တဲ့ ကော်ဖီ (၆၃၃)ဧက၊ လက်ဖက်(၁၁၈၇)ဧက၊ ငရုပ်ကောင်း(၇၈၆)ဧက၊ ‘ဝ’ဥ(၃၂.၁၁) ဧကကိုလည်း စမ်းသပ်စိုက်ပျိုးထုတ်လုပ်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ထို့အတူ အထက်မှာဒေသဝမ်းစာ ဖူလုံမှု ရာခိုင်နှုန်းတိုးတက်လာမှုကို ပြန်လည် စိစစ်ရာမှာ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အဓိကဆန်ဈေးကွက်ဖြစ်တဲ့ မကွေးနဲ့ ပခုက္ကူကို ဆန်ဝင်ရောက်မှုများနဲ့ ဆန်းစစ်ချိန်ထိုးနှိုင်းယှဉ်ရပါမယ်။ အဲဒီလိုနှိုင်းယှဉ်တဲ့အခါ ၂၀၁၀-၂၀၁၁ မှာ အိတ်ရေ(၂၅)သိန်း ဝင်ရောက်တာသိရှိရပြီး၊ ၂၀၁၂-၂၀၁၃ မှာအိတ်ရေ(၁၇.၅၇)သိန်းသာ ဝင်ရောက်ခဲ့တာတွေ့ရပါတယ်။ ဒါ့ကြောင့် ဆန်ဖူလုံမှုရာခိုင်နှုန်းတွက်ချက်မှုကို ခိုင်မာမှုနဲ့ ပြန်လည်အတည်ပြု တင်ပြခြင်းပဲ ဖြစ်ပါတယ်။
ဆက်လက်ပြီး သားငါးကဏ္ဍကိုတင်ပြပါမယ်။ တိုင်းဒေသကြီး အတွင်း မှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ မွေးမြူထုတ်လုပ်မှုအနေနဲ့ ၂၀၁၀-၂၀၁၁ မှာ ကောင်ရေ(၃၁၇.၁၉)သိန်း မွေးမြူထားပြီး အသားပိဿာ (၁၄၇၁.၉၁) သိန်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ မှာ ကောင်ရေ (၄၁၆.၅၁)သိန်းနဲ့ အသားပိဿာ(၁၈၄၁.၈၃)သိန်း တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရပါ တယ်။ ထို့အတူဘဲ ငါးမွေးမြူထုတ်လုပ်မှုအနေနဲ့ ၂၀၁၀-၂၀၁၁ မှာ ငါးပိဿာ (၁၀၀.၇၈)သိန်းကနေ ၂၀၁၂-၂၀၁၃ မှာ (၁၁၀.၄၄)သိန်း တိုးတက်ထုတ်လုပ် နိုင်ခဲ့ကြောင်း တင်ပြအပ်ပါတယ်။ ဒါ့ကြောင့် ကျေးလက်နေပြည်သူများအနေနဲ့ လယ်ယာကဏ္ဍသာမဟုတ်ဘဲ မွေးမြူရေးကဏ္ဍပါပေါင်းစပ်ပြီး ရေမြေသဘာဝ အခြေအနေအရ ပေါင်းစည်းလယ်ယာ(Integrated Farming)အသွင် စိုက်ပျိုး ထုတ်လုပ်နိုင်မှသာ ရာသီအလိုက်ဝင်ငွေသာမကဘဲ တစ်နှစ်ပတ်လုံး ဝင်ငွေ ရရှိစေနိုင်မှာဖြစ်တဲ့အတွက် စည်းရုံးအကောင်အထည်ဖော်ပေးကြပါလို့ တင်ပြ အပ်ပါတယ်။ ဆက်လက်ပြီး စက်မှုကဏ္ဍကို တင်ပြသွားပါမယ်။ တိုင်းဒေသကြီး အတွင်းမှာ ၂၀၁၀-၂၀၁၁ မှာ ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်း ကြီး၊ လတ်၊ ငယ် ပေါင်း (၂၄၆၇)ခုမှာ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (၁၈.၀၈) ဘီလီယံနဲ့ ဆောင်ရွက် နေတာဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ မှာတော့ လုပ်ငန်းစုစုပေါင်း(၂၆၃၃)ခုနဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး (၂၁.၀၂)ဘီလီယံဖြင့် တိုးချဲ့ဆောင်ရွက်လျှက် ရှိပါတယ်။ ယခုဆိုရင် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံရေးအရ နိုင်ငံတကာပုံရိပ် တိုးတက်ဖော်ဆောင်လာနိုင်မှုတွေအတွက်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစီးဆင်း ဝင်လာတော့မှာပဲဖြစ်ပါတယ်။ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဟာလည်း ၂၀၁၅ မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့ အသေးစားနှင့်အလတ်စား စက်မှုကုန်ထုတ်လုပ်ငန်းများဟာ ယှဉ်ပြိုင်နိုင်စွမ်းအားရှိတဲ့ ကုန်ထုတ်လုပ်ငန်းများ ဖြစ်ပေါ်လာမှသာ အာမခံနိုင် မှာပဲဖြစ်ပါတယ်။ ဒါကို ဝိုင်းဝန်းကူညီပေးကြပါလို့ တင်ပြအပ်ပါတယ်။ ဆက်လက်ပြီး သမဝါယမကဏ္ဍကို တင်ပြပါမယ်။ သမဝါယမကဏ္ဍအနေနဲ့၂၀၁၀-၂၀၁၁ မှာ ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနဲ့ ကုန်သွယ်မှု အသင်းပေါင်း( ၁၃၃၂) သင်းဟာအသင်းသား(၁.၈၂)သိန်းနဲ့လည်ပတ်ငွေ(၃.၄၀)ဘီလီယံဖြင့်ဆောင်ရွက် နေရာက ၂၀၁၂-၂၀၁၃ မှာ အသင်းပေါင်း(၁၄၀၁)သင်းနဲ့ အသင်းသား (၂.၀၈) သိန်းနဲ့ လည်ပတ်ငွေ (၄.၁၆) ဘီလီယံဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့်လယ်ယာကုန်ထုတ် အသင်းတွေ၊ မွေးမြူရေးကုန်ထုတ်အသင်းတွေ၊ စက်မှုကုန်ထုတ်အသင်းများစုဖွဲ့ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုရရှိနိုင်ခြင်း၊ မျိုးကောင်း မျိုးသန့်ရရှိနိုင်ခြင်း၊ သွင်းအားစုရရှိနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ တန်ဖိုးမြှင့် ကုတ်ထုတ်လုပ်ငန်းများ၊ အဓိကထုတ်ကုန်သီးနှံများ အပေါ်မှာ ဈေးကွက် တည်ငြိမ်စေခြင်း အာမခံနိုင်မှုများ ရရှိလာနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တောင်သူတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကုန်ထုတ်အသင်းများ ပေါ်ပေါက်ရေးကို ဝိုင်းဝန်းကူညီပေးကြပါလို့ တင်ပြအပ်ပါတယ်။
ဆက်လက်ပြီး အခွန်အရပ်ရပ်ကောက်ခံရရှိမှုကို တင်ပြပါမယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနတို့အနေနဲ့ စုစုပေါင်း ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ (၅၃.၄၄၈)ဘီလီယံ ရရှိခဲ့ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာတော့ (၃၉.၈၉၆)ဘီလီယံနဲ့ ယခုနှစ်မှာတော့ ယနေ့အထိ (၃၁.၇၁၉)ဘီလီယံကောက်ခံရရှိပြီးဖြစ်ပါတယ်။ ယခုနှစ် လျာထားချက်ရဲ့(၁၆၂.၅၉)ရာခိုင်နှုန်းကို ကောက်ခံရရှိပြီးဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။ ထို့အတူပဲ မိမိတို့ တိုင်းဒေသကြီးဟာ နိုင်ငံတော်ရဲ့အဓိက စီးပွားရေးတိုင်းကြီး(၆)တိုင်းအနက်က တိုင်းတစ်တိုင်းအဖြစ် ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့တိုင်းဒေသကြီးရဲ့ အသားတင်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးကို နှိုင်းယှဉ်ကြည့်ရင် ၂၀၁၀-၂၀၁၁ မှာ ၂၀၀၅-၂၀၀၆ ပုံမှန်ဈေးနှုန်းအရ (၂၁၂၂.၃၇)ဘီလီယံ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ မှာ ၂၀၁၀-၂၀၁၁ ပုံမှန်ဈေးနှုန်းအရ (၄၄၄၄.၃၅)ဘီလီယံရရှိခဲ့ ပါတယ်။ ဒါ့ကြောင့် လူတစ်ဦးချင်းတစ်နှစ်ဝင်ငွေဟာလည်း နှစ်အလိုက်လူဦးရေ အရ ၂၀၁၀-၂၀၁၁ မှာ (၆.၈၁)သိန်းမှ ယခုနှစ်မှာ (၈.၃၃)သိန်းသို့ ရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ ဆက်လက်ပြီးပညာရေးကဏ္ဍကိုတင်ပြသွားပါမယ်။၂၀၁၀-၂၀၁၁မှာအသားတင် ကျောင်းဝင်မှု ရာခိုင်နှုန်း(၉၉.၂၉)ရာခိုင်နှုန်းကနေ ၂၀၁၂-၂၀၁၃ မှာ (၉၉.၅၈) ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျောင်းနေမြဲမှုရာခိုင်နှုန်း ပြန်ကြည့် မယ်ဆိုရင် ယခုပညာသင်နှစ်မှာ မူလတန်း(၈၁.၇၅)ရာခိုင်နှုန်း၊ အလယ်တန်း (၆၅.၄၅)ရာခိုင်နှုန်း၊ အထက်တန်း(၇၉.၅၅)ရာခိုင်နှုန်းကို ကျဆင်းလာတာ တွေ့ရှိရပါတယ်။ သို့သော်လည်း အခြေခံပညာကျောင်းများကို ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ တိုင်းအတွင်း (၃၉၈၁)ကျောင်းကနေ (၄၀၄၂)ကျောင်းသို့ တိုးချဲ့ဖွင့်လှစ်ပေးခဲ့သလို အခြေခံပညာကျောင်းများအတွက် ရန်ပုံငွေသုံးစွဲမှုဟာ (၆၂၁.၅၁)သန်းမှ (၆.၅၈၁)ဘီလီယံအထိ တိုးမြှင့်သုံးစွဲပေးခဲ့တာ တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိဒေသမှာရှိတဲ့ မျိုးဆက်သစ်လူငယ်များ၊ လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး စဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးတို့ကိုပါ ဝိုင်းဝန်းကူညီ ပေးကြပါလို့ တင်ပြအပ်ပါတယ်။ ကျန်းမာရေးကဏ္ဍကို ဆက်လက်တင်ပြ ပါမယ်။ ၂၀၁၀ ခုနှစ်မှာ တိုက်နယ်ဆေးရုံ(၄၁)ရုံကနေ ယခုနှစ်မှာတော့ (၄၉)ရုံ အထိကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာန(၁၅၇)ခုကနေ (၁၇၀)ခုထိ လည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(၆၉၅)ခုကနေ (၇၅၄)ခုအထိကို လည်းကောင်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့သလို ကျေးလက်နေပြည်သူများအတွက် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုအကာအကွယ် ရရှိစေရေးကိုလည်း ကူညီဆောင်ရွက်ပေးပါလို့တင်ပြအပ်ပါတယ်။ ဆက်လက်ပြီး အုပ်ချုပ်ရေး ကဏ္ဍ ကို တင်ပြသွားပါမယ်။ တိုင်းဒေသကြီးအတွင်း ၂၀၁၀ ပြည့်နှစ် အမှုကြီး (၁၀) မျိုးဖြစ်ပွားမှုဟာ (၆၈)မှုရှိခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ (၁၅၅)မှုကို ရောက်ရှိလာ ပါတယ်။ ထို့အတူဘဲ ၂၀၁၂ ခုနှစ်မှာ (၁၅၀)မှုနဲ့ ၂၀၁၃ ခုနှစ်၊ မတ်လကုန်အထိ (၂၈)မှု ဖြစ်ပွားခဲ့တာကို တွေ့ရှိရပါတယ်။ ယာဉ်တိုက်/တိမ်းမှောက်မှုကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ ခုနှစ်မှာ (၄၇၃)ကြိမ်နဲ့ ဒဏ်ရာရ(၁၀၅၂)ဦး၊ သေဆုံး (၁၀၉)ဦး ရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ယာဉ်မှုပေါင်း (၈၄၃)မှုရှိခဲ့ပြီး ဒဏ်ရာရ (၁၅၁၄)ဦး၊ သေဆုံး(၂၀၀၁)ဦး၊ ၂၀၁၃ ခုနှစ်မှာ မတ်လကုန်အထိ အကြိမ်ရေ (၂၆၉)ကြိမ်နဲ့ ဒဏ်ရာရ(၆၄၇)ဦး၊ သေဆုံး(၈၃)ဦးရှိခဲ့တာကို တွေ့ရှိရပါတယ်။ ထို့အတူပဲ တိုင်းဒေသကြီး နယ်မြေအတွင်းမှာ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လောင်းကစားဖမ်းဆီးရမှုအနေနဲ့ ၂၀၁၀ မှာ (၇၁)မှုကနေ ၂၀၁၃ မတ်လကုန်ထိ(၃၆၈)မှုဖမ်းဆီးဖော်ထုတ်ခဲ့သလို တရားမဝင် အရက်ပုန်းဖမ်းဆီးရရှိမှုအနေနဲ့ ၂၀၁၀ မှာ (၁၆၃၁)မှု တန်ဖိုး(၂၉.၆၂)သိန်းမှ ၂၀၁၂ မှာ(၁၀၉၅)မှုမှတန်ဖိုး(၃၇.၈၂)သိန်းကိုဖမ်းဆီးရရှိခဲ့ပါတယ်။ ထို့အတူပဲ ပြေးလေးပြေးဖမ်းဆီးရရှိမှုအနေနဲ့ ၂၀၁၁ ခုနှစ်မှာ (၂၄၄)မှု၊ ၂၀၁၂ ခုနှစ်မှာ (၁၄၆)မှုနဲ့ ၂၀၁၃ ယနေ့အထိ (၃၅)မှုဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဘိန်းခင်း များဖျက်ဆီးမှုအနေနဲ့ အထူးသဖြင့် ငဖဲမြို့နယ်အတွင်းမှာ ၂၀၁၁-၂၀၁၂ ခုနှစ် မှာ (၁၀.၇၂)ဧက၊ ၂၀၁၂-၂၀၁၃ မှာ (၁၅.၁၄)ဧက စုစုပေါင်း (၂၅.၈၆)ဧကကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ထို့အတူဘဲ မီးဘေးအန္တရာယ် ဖြစ်ပွားမှုအနေနဲ့ ၂၀၁၀-၂၀၁၁ မှာ (၅၄)ကြိမ်နဲ့ တန်ဖိုး(၅၆.၇၅)သန်းရှိခဲ့ရာက ယခုနှစ် ၂၀၁၂-၂၀၁၃ မှာ (၁၄၁)ကြိမ်နဲ့ တန်ဖိုး(၁၈၈.၅၇)သန်းထိ တိုးမြှင့်ပြီး ဖြစ်လာတာကို တွေ့ရှိရ ပါတယ်။ ဒါ့ကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု များကိုလည်း တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်းကူညီ ပေးကြပါလို့ တင်ပြ အပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ မိမိတို့တာဝန်ယူခဲ့တဲ့ (၂)နှစ်တာကာလအတွင်း နိုင်ငံရေးတည်ငြိမ်အေးချမ်းမှုနဲ့ တိုင်းဒေသကြီးအတွင်း ပြည်သူအများ လူမှု စီးပွားဘဝဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်ခဲ့မှုအားနည်းချက်/ အားသာချက် များကို သိသာထင်ရှားစွာတင်ပြပြီး ဖြစ်တဲ့အတွက် မိမိမဲဆန္ဒနယ်မြေ အတွင်းမှာရှိတဲ့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီများမှာ အကြံကောင်း၊ ဉာဏ်ကောင်းများပေးပြီး ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးကြပါလို့ တင်ပြအပ်ပါတယ်။ နည်းပညာကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းများ၊ အသိပညာကိုအခြေခံတဲ့ စီးပွားရေးအဖွဲ့ အစည်းများနဲ့သာ ဒေသအတွင်းပေါ်ပေါက်လာဖို့ အဓိကပဲဖြစ်ပါတယ်။ တီထွင်မှုနဲ့ ယှဉ်ပြိုင်မှုရှိပြီးသူများ တိုင်းအတွင်းမှာ လူရာဝင်နိုင်ဖို့ဆိုတာ ခုနက တင်ပြခဲ့သလို နည်းပညာကိုအခြေခံတဲ့ ကုန်ထုတ်လုပ်ငန်း ဖြစ်လာဖို့ အသိ ပညာကိုအခြေခံတဲ့စီးပွားရေးတွေအဖွဲ့အစည်းများပေါ်ပေါက်လာဖို့ဟာအဓိကပဲ ဖြစ်ပါတယ်။ သို့မှသာ မိမိတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူများအနေနဲ့ ရှေ့တန်းရောက်လာမှာဖြစ်သလို နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များမှာ ပြည်သူများ အသိတူပြီး အမြင်တူပြီး အလုပ်ပါတူလာအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြပါလို့ တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။(ဩဘာသံများ)