ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ မကွေးတိုင်းဒေသကြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အရအသုံးစာရင်းများစစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာ အပေါ်တွင် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

နိဒါန်း

၁။      ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်က ၂၀.၆.၂၀၁၄ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။

၂။      မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်အနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)နှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့သည့် ယင်းအစီရင်ခံစာအပေါ်တွင် လေ့လာတွေ့ရှိချက်နှင့် ဆွေးနွေးတင်ပြ ချက်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅ (စ)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၈(စ)နှင့်အညီ တင်ပြသွားမည်ဖြစ်ပါသည်။

ပြည်သူ့ငွေစာရင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်

၃။      မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတွင် အောက်ပါ အတိုင်း အပိုင်း(၄)ပိုင်းပါရှိသည်ကို တွေ့ရှိရပါသည် –

(က)    အပိုင်း(၁)      ရသုံးမှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှု

( ခ )   အပိုင်း(၂)       ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး

( ဂ )   အပိုင်း(၃)      စစ်ဆေးတွေ့ရှိချက်အရ အနိုင်ငံတော်သို့ ပြန်လည်ပေးသွင်းမှု

(ဃ)    အပိုင်း(၄)      အရေးကြီးသည့်စစ်ဆေးတွေ့ရှိချက်များနှင့် ဌာနများမှ ဆောင်ရွက်
ပြန်ကြားမှုတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

၄။      မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီး ဘဏ္ဍာရန်ပုံငွေ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတွင် အောက်ပါအတိုင်း တင်ပြထားသည်ကို တွေ့ရှိရပါသည်။

၅။      မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဗဟိုအဖွဲ့အစည်း(၃)ခု၊ ဝန်ကြီးဌာန၊ ဦးစီးဌာန(၁၈)ခုနှင့် စီးပွားရေးအဖွဲ့အစည်း(၃)ခု၊ စည်ပင်သာယာရေးအဖွဲ့(၁)ဖွဲ့၊ စုစုပေါင်း(၂၅)ခု ရှိရာမှ စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာ့ဆေးဝါးနှင့်စားသောက်ကုန်လုပ်ငန်း(ပွင့်ဖြူ)မှာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာရင်းသို့ ပြောင်းရွှေ့သွားသဖြင့် ဌာနအဖွဲ့အစည်းပေါင်း(၂၄)ခု ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၆။      ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ပြဌာန်းခဲ့သည့် ၂၀၁၂ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေအရအသုံးဆိုင်ရာဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြဌာန်းခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေ တို့အရ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့်ဆောင်ရွက်သည့် ဌာနလုပ်ငန်းအဖွဲ့အစည်း (၂၄)ခု၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း  လုပ်ငန်းဆောင်ရွက်မှုများနှင့် ရသုံးမှန်းခြေ ငွေစာရင်း အကောင်အထည်ဖော်မှုတို့ကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးတစ်ရုံး၊ ခရိုင်စာရင်းစစ်ရုံး (၅)ရုံးနှင့် မြို့နယ်စာရင်းစစ်ရုံး (၂၅)ရုံးတို့၏ စစ်ဆေးမှုများကို ဖော်ပြထားကြောင်းတွေ့ရှိရပါသည်။

၇။      ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှုကို အစီရင်ခံစာ တွင် ဇယား(၁)ဖြင့် ဖော်ပြထားရာ မူလခန့်မှန်းခြေစာရင်းအရ ရငွေပေါင်းမှာ ကျပ်(၃၀၂၇၁.၇၄၃)သန်း ဖြစ်ပြီး သုံးငွေပေါင်းမှာ ကျပ်(၇၉၅၁၂.၁၈၄)သန်းဖြစ်၍ လိုငွေကျပ် (၄၉၂၄၀.၄၄၁)သန်းဖြစ်ပြီး နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအရ သာမန်သုံးငွေကျပ် (၃၁၈၈.၁၂၀)သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ကျပ်(၁၈၇၄.၁၆၉)သန်း ဖြည့်စွက်ခွင့်ပြုခဲ့ကြောင်း တွေ့ရှိရပါသည်။ ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ ရငွေပေါင်းမှာ ကျပ်(၃၃၈၃၄.၆၅၄)သန်းဖြစ်ပြီး သုံငွေပေါင်းမှာ ကျပ်(၈၄၄၉၂.၃၁၁)သန်းဖြစ်၍ လိုငွေမှာ ကျပ်(၅၀၆၅၇.၆၅၇)သန်းဖြစ်ရာ ဗဟိုအဖွဲ့အစည်းနှင့် ဦးစီးဌာန(၂၁)ခု၏ လိုငွေကျပ်(၅၁၇၁၅.၇၀၆)သန်းနှင့် စီပွားရေး
အဖွဲ့အစည်း(၂)ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့၏ ပိုငွေကျပ်(၁၀၅၈.၀၄၉)သန်း တို့ဖြစ်ကြောင်း ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။

၈။      အခွန်အကောက်ရငွေမှာ ပြုပြင်ပြီးခန့်မှန်းခြေစာရင်း ကျပ်(၁၀၅၂.၃၉၄)သန်း လျာထားမှု အပေါ် ကျပ်(၁၁၈၀.၈၄၆)သန်း ရရှိခဲ့သဖြင့် (၁၁၂.၂၁)ရာခိုင်နှုန်း အ ကောင်အထည်ဖော်နိုင်ခဲ့ပြီး သာမန်ရငွေတွင် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းမှာ ကျပ်(၃၁၇၈၀.၄၂၃)သန်း လျာထားမှုအပေါ် ကျပ်(၃၁၅၄၆.၅၁၃)သန်း ရရှိခဲ့သဖြင့် (၉၉.၂၆)ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။ လျာထားချက်ထက် ကျပ်(၂၃၃.၉၁)သန်း လျော့နည်းရရှိခြင်းမှာ သမဝါယမ ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် တန်(၃၀)ကျ ဆီစက် ငှားရမ်းခရရှိရန် လျာထားခဲ့သော်လည်း ထိုငွေပေးသွင်းရန်မလိုတော့သဖြင့် လျော့နည်းရရှိခြင်း၊ အကျဉ်းဦးစီးဌာနအနေဖြင့် ခန့်မှန်းလျာထားငွေထက် လျော့နည်းရရှိခြင်း၊ ပျားလုပ်ငန်းဦးစီးဌာန အနေဖြင့် ပျားအုံဖိုးငွေကို ၂၀၁၃ ခုနှစ်၊ ဧပြီလမှ ရရှိ၍ လျော့နည်းရခြင်း၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း အနေဖြင့် ဗွီဒီယိုလုပ်ငန်းအသစ်ဆောင်ရွက်ရန် လျှောက်သူနည်းပါးခြင်း၊ မူလလုပ်ကိုင်သူ လုပ်ငန်းရှင်များမှာလည်း လုပ်ငန်းရပ်ဆိုင်းပြီး လုပ်ငန်းသက်တမ်းတိုး လျှောက်ထားမှုနည်းပါးခြင်း၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းအနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် လျာထားသည်ထက် လျော့နည်း ဆောင်ရွက်ရသဖြင့် လျာထားငွေထက် လျော့နည်းရရှိခြင်းတို့ကြောင့် အပြီးသတ် ခွဲဝေလျာထား ငွေထက် လျော့နည်းကြောင်းဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၉။      သာမန်သုံးငွေနှင့် ငွေလုံးငွေရင်းသုံးငွေ ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ ကျပ်(၈၄၄၉၂. ၃၁၁)သန်း သုံးစွဲရန်ခန့်မှန်းခဲ့သော်လည်း ကျပ်(၈၁၆၀၂.၁၄၇)သန်းသာ အမှန်သုံးစွဲခဲ့သဖြင့် ကျပ်(၂၈၉၀.၁၆၄)သန်း ပိုလျှံငွေရှိရာ ပြန်လည်အပ်နှံထားကြောင်း ဖော်ပြထားပါသည်။

၁၀။    ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ လိုငွေကျပ်(၅၀၆၅၇.၆၅၇)သန်း ဖြစ်သော်လည်း အကောင် အထည်ဖော်မှုအရ လိုငွေကျပ်(၄၇၈၇၁.၇၉၅)သန်းဖြစ်သဖြင့် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းထက် လိုငွေကျပ်(၂၇၈၅.၈၆၂)သန်း လျော့နည်းခဲ့ရာ သာမန်နှင့် ငွေလုံးငွေရင်းသုံးငွေများ ခွင့်ပြုလျာထား ငွေထက် လျော့နည်းသုံးစွဲထား၍ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၁၁။    ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ သာမန်သုံးငွေလျာထားချက်မှာ ကျပ်(၅၀၈၈၂.၆၀၇)သန်း ဖြစ်ပြီးအမှန်သုံးငွေမှာ ကျပ်(၄၈၀၀၈.၁၉၉)သန်းဖြစ်၍ ကျပ်(၂၈၇၄. ၄၀၈)သန်းနှင့် ငွေလုံးငွေရင်းသုံးငွေလျာထားချက်မှာ ကျပ်(၃၂၅၉၄.၇၀၄)သန်းဖြစ်ပြီး အမှန်သုံးငွေ မှာ ကျပ်(၃၂၅၇၈.၉၄၈)သန်းဖြစ်သဖြင့် ကျပ်(၁၅.၇၅၆)သန်း ပိုလျှံခဲ့ပါသည်။ ပိုလျှံငွေများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံထားကြောင်းကို ဇယား(၂)ဖြင့် ဖော်ပြထားပြီး နောက်ဆက်တွဲဇယား(ဂ)အရ ဌာန(၅)ခုမှ (၃၁.၃.၂၀၁၃)ရက်နေ့ နောက်ပိုင်းမှ ကျပ်(၁၇၉.၁၇၇)သန်း ပြန်လည်အပ်နှံထားကြောင်း ဖော်ပြထားပါသည်။

၁၂။    သာမန်အသုံးစရိတ် ပြန်လည်အပ်နှံငွေ ကျပ်(၂၈၇၄.၄၀၈)သန်းတွင် ဖြည့်စွက်ခွင့်ပြုငွေမှ ပြန်လည်အပ်နှံငွေကျပ်(၉၇၁.၃၄၆)သန်းနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ပြန်လည်အပ်နှံငွေ ကျပ်(၁၅.၇၅၆)သန်းတွင် ဖြည့်စွက်ခွင့်ပြုငွေမှ ပြန်လည်အပ်နှံငွေကျပ်(၁.၂၀၁)သန်း ပါဝင်ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ပေးချေရန် ခန့်မှန်းတွက်ချက်လျာထားသည့် ကာလထက်လျော့၍ ပေးချေရခြင်း၊ ဝန်ထမ်းခန့်အပ်မှုကို လျာထားသည့်အတိုင်း ခန့်ထားမှုမရှိခြင်းကြောင့် လစာနှင့် စရိတ်ချီးမြှင့်ငွေများ၊ လုပ်အားခများပိုလျှံခြင်း၊ အမှန်လိုအပ်ချက်သာ သုံးစွဲခြင်းတို့ကြောင့် ဖြည့်စွက် ခွင့်ပြုငွေမှ ပိုလျှံငွေများဖြစ်ပေါ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၁၃။    ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်သန်း(၁၀၀၀)ရရှိခဲ့ပါသည်။ ပညာရေးကဏ္ဍတွင်ကျား/မ ဘော်ဒါဆောင် (၁၁၁)ခုနှင့် ကျောင်းများပြုပြင်ခြင်းလုပ်ငန်း(၃၂)ခု၊ ပေါင်း(၁၄၃)ခုအတွက် ကျပ်(၅၃၀.၇၈)သန်း၊ ကျန်းမာရေးကဏ္ဍတွင် ဆေးခန်း(၁၁)ခန်း ဆောက်လုပ်ခြင်း၊ အရန်သားဖွား အမှတ်စဉ်(၁)နှင့် (၂)ကို မြို့နယ်များတွင်ဖွင့်လှစ်ခြင်း ကျပ်(၂၂၉.၉၂၄)သန်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် မြေသားလမ်း ဖောက်လုပ်ခြင်း(၃)ခု၊ ကျေးရွာလမ်းပြုပြင်ခြင်း (၁၀)ခု၊ ကြိုးတံတားရေလယ်တန်း ပြုပြင်ခြင်းလုပ်ငန်း(၁)ခု၊ ပေါင်း(၁၄)ခုအတွက် ကျပ်(၉၉.၃၆)သန်း၊ ရေရရှိရေးကဏ္ဍတွင် သောက်သုံးရေရရှိရေးလုပ်ငန်း(၃၁)ခုနှင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်း(၁၅)ခု၊ ပေါင်း(၄၆)ခုအတွက် ကျပ်(၁၃၆.၆၂)သန်း ကျေးလက်မီးလင်းရေးကဏ္ဍတွင် ကျေးရွာ(၁)ရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းတွင်ကျပ်(၃)သန်း၊ ဘဏ်စရိတ်ကျပ်(၀.၃၁၆)သန်း သုံးစွဲထားကြောင်းဖော်ပြထားပါသည်။

၁၄။    မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သောဌာနလုပ်ငန်း အဖွဲ့အစည်းများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အရအသုံးစာရင်းများ စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ဌာနအဖွဲ့အစည်း(၁၉)ခုမှ ကျပ်(၅၇.၉၃၄)သန်းရှိရာ (၃၁.၃.၂၀၁၄)အထိ ပေးသွင်းပြီးဖြစ်ကြောင်း ဇယား(၃)ဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၁၅။    မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် လုပ်ငန်းဆောင်ရွက်သည့်ဌာနလုပ်ငန်း အဖွဲ့အစည်းများ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရသုံးစာရင်းများကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ခရိုင်စာရင်းစစ်ရုံး၊ မြို့နယ်စာရင်းစစ်ရုံးများမှ ဌာနလုပ်ငန်းအဖွဲ့အစည်း အဆင့်ဆင့်အလိုက် စစ်ဆေးခဲ့ပြီး စစ်ဆေးချက်အစီရင်ခံစာများကို သက်ဆိုင်ရာဌာနလုပ်ငန်း အဖွဲ့အစည်းများသို့ ပေးပို့ခဲ့ရာ အစီရင်ခံစာပါ အရေးယူဆောင်ရွက်ရန် အချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက ပြီးပြတ်သည်အထိ ပြုပြင်ဆောင်ရွက်ပြီးကြောင်း ဖော်ပြ ထားသည်ကို တွေ့ရှိရပါသည်။

၁၆။    ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ များအရ ဝန်ကြီးဌာနများအလိုက် အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များကို ဇယား(၄)ဖြင့် ဖော်ပြထားရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ကျပ်(၁.၂၉၆)သန်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ကျပ်(၂.၅၃၄)သန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျပ်(၁.၅၉၅)သန်း၊ စုစုပေါင်းဝန်ကြီးဌာန(၃)ခုမှ ကျပ်(၅.၄၂၅)သန်းနှင့် စည်ပင်သာယာရေးအဖွဲ့(၉)ခုမှ ကျပ်(၁၉. ၈၅၄၃)သန်း ပိုမိုထုတ်ယူထားငွေရှိကြောင်း၊ ပြန်လည်ပေးသွင်းပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။ စည်ပင်သာယာရေးအဖွဲ့များတွင် ရငွေများ လျော့နည်းပေးသွင်းခြင်းများပါ ဖော်ပြထားပါသည်။

ပြည်သူ့ငွေစာရင်းအဖွဲ့၏ လေ့လာသုံးသပ်ချက်

၁၇။    ပြည်သူ့ငွေစာရင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအရအသုံးဆိုင်ရာ စာရင်းများစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသော အချက်အလက်များနှင့် ကိန်းဂဏန်းများကို အသေးစိတ် စိစစ်လေ့လာခဲ့ပါသည်။ လေ့လာတွေ့ရှိချက်များအရ အောက်ပါတို့ကို လေ့လာသုံးသပ်ရရှိပါသည် –

(က)    အခွန်အကောက်ရငွေတွင် ပြုပြင်ပြီးခန့်မှန်းခြေထက် ၁၁၂.၂၁% အကောင်
အထည်ဖော်နိုင်ခဲ့သော်လည်း သာမန်ရငွေတွင် ၉၉.၂၆% သာ အကောင်အထည်ဖော် နိုင်ခဲ့ရာ လျော့နည်းအကောင်အထည်ဖော်မှုအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်း တို့၏ လျော့နည်းရခြင်းအကြောင်းများ ဖော်ပြထားသည်မှာ သင့်လျော်မှု ရှိကြောင်း သုံးသပ်ရရှိပါသည်။

( ခ )   သာမန်သုံးစွဲငွေတွင် ပြုပြင်ပြီးခန့်မှန်းခြေထက် လျော့နည်းသုံးစွဲထားရာ မလိုအပ် သည့် စရိတ်များသုံးစွဲခြင်းမရှိသဖြင့် လျော့နည်းသုံးစွဲသည်ဟု သုံးသပ်မိပါသည်။ သို့ရာတွင် အပြီးသတ်ခွင့်ပြုငွေမှ ပိုလျှံငွေများဖြစ်ပေါ်ခြင်းမှာ သင့်လျော်မှုမရှိခြင်းနှင့်ပိုလျှံငွေများဖြစ်ပေါ်ခြင်းမှာ သင့်လျော်မှုမရှိခြင်းနှင့် ပို့လျှံငွေများကို ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီ အပ်နှံရန်လိုအပ်သည်ဟု သုံးသပ်ပါသည်။

( ဂ )   ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေး ထောက်ပံ့ငွေများကို ကဏ္ဍအလိုက် အချိုးညီစွာ သုံးစွဲသင့်ကြောင်း သုံးသပ်ရရှိပါသည်။

(ဃ)    နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းမှုများကိုလည်း အတတ်နိုင်ဆုံးကြိုးပမ်းဖော်ထုတ် သင့်ကြောင်းနှင့် ယင်းသို့ပေါ်ပေါက်နေခြင်းမှာလည်း ဌာနအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ အားနည်းနေသေးကြောင်း သုံးသပ်ရရှိပါသည်။

( င )   အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များတွင် စည်ပင်သာယာရေးအဖွဲ့များ အနေဖြင့် ရငွေလျော့နည်းပေးသွင်းခြင်းများ ပေါ်ပေါက်လျက်ရှိရာ သဘောရိုးမဟုတ် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ပြန်လည်စိစစ်ပြီး လိုအပ်ပါက အရေးယူဆောင်ရွက်သင့်ကြောင်း သုံးသပ်ပါသည်။

ပြည်သူ့ငွေစာရင်းအဖွဲ့၏ သဘောထားမှတ်ချက်

၁၈။    မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့သည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအရအသုံးဆိုင်ရာ စာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်က တင်ပြသည့် အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်များကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းအဖွဲ့တွင်ပါရှိသည့် အဖွဲ့ဝင်အသီးသီး၏ တူညီသော သဘောတူညီချက်ဖြင့် သဘောထားမှတ်ချက်များကို တင်ပြသွားမှာဖြစ်ပါသည်။

၁၉။    ပြည်သူ့ငွေစာရင်းအဖွဲ့၏ သဘောထားမှတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)    ရငွေများကောက်ခံခြင်းနှင့် သုံးငွေများသုံးစွဲရာတွင် တည်ဆဲဥပဒေ၊ နည်း
ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုးရှေ့ရှုပြီး ရငွေများ ပိုမိုရရှိအောင် နှင့် သုံးငွေများ ခြိုးခြံချွေတာသုံးစွဲရန်၊ ရန်ပုံငွေတောင်းခံရာတွင်လည်း အမှန်အကောင်အထည်ဖော်နိုင်မည့် ငွေကိုသာ တင်ပြတောင်းခံရေးကိုလည်း အချိန်မီပြန်လည်အပ်နှံရန် လိုအပ်ပါသည်။

( ခ )   ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ထောက်ပံ့ငွေများကို  သုံးစွဲရာတွင်လည်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများသာမက ကျန်ကဏ္ဍများ ကိုလည်း အချိုးညီသုံးစွဲရန် လိုအပ်ပါသည်။

( ဂ )   ဝန်ကြီးဌာနအလိုက် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းမှုများ ပေါ်ပေါက်နေခြင်း သည် ဌာနအဖွဲ့အစည်းတို့၏ ရငွေနှင့် သုံးငွေများ ကြီးကြပ်စီမံမှုအားနည်း နေကြောင်း ဖော်ပြနေသဖြင့် အဆင့်ဆင့်ကြီးကြပ် ကွပ်ကဲရန်လိုအပ်ပါသည်။

(ဃ)    စည်ပင်သာယာရေးအဖွဲ့များအချို့တွင် ရငွေများလျော့နည်းပေးသွင်းခြင်းများ မှာ မရိုးမသားဆောင်ရွက်ခြင်းရှိ/မရှိ သက်ဆိုင်ရာစည်ပင်သာယာရေး အဖွဲ့များက ပြန်လည်စိစစ်၍ လိုအပ်သလို အရေးယူဆောင်ရွက်ရန် လိုအပ်ပါသည်။

၂၀။    သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်တွင် စိစစ်ဆွေးနွေးအတည်ပြု မှတ်တမ်းတင်ပေးနိုင်ပါရန် ပြည်သူ့ငွေစာရင်း အဖွဲ့၏ အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

 

 

                                                                                            ပြည်သူ့ငွေစာရင်းအဖွဲ့

                                                                                     မကွေးတိုင်းဒေသကြီးလွှတ်တော်