ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တံတားဆောက်လုပ်ရေးအထူးအဖွဲ့(၄)နှင့် (၁၃)တို့မှ ဆောင်ရွက်သည့် တံတား(၁၀)စင်း တည်ဆောက်မှုလုပ်ငန်းအား မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ

ပထမအကြိမ်အစီရင်ခံစာများ

နိဒါန်း

၁။      ၂၀၁၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကျင်းပသော (၁၁)ကြိမ်မြောက် မကွေးတိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် တံတားဆောက်လုပ်ရေးအထူးအဖွဲ့(၄)နှင့်(၁၃)တို့မှ ဆောင်ရွက် သည့် တံတား(၁၀)စင်း တည်ဆောက်မှုလုပ်ငန်းအပေါ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ ငွေစာရင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီးလွှတ်တော်၏ ၂၀.၂.၂၀၁၄ ရက်စွဲပါစာအမှတ်၊ ၁၁/၂-၁ / ဦး ၆ ဖြင့် ဖွဲ့စည်းတာဝန်ပေးသည့်အမိန့် အပိုဒ် ၅ နှင့်အပိုဒ် ၉ တို့အရ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အပိုဒ် ၆၆(ဂ)နှင့်အညီ တင်ပြသွားမည်ဖြစ်ပါသည်။

ပြည်သူ့ငွေစာရင်းအဖွဲ့၏ စိစစ်တွေ့ရှိချက်

၂။      မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် တံတားဆောက်လုပ်ရေးအထူးအဖွဲ့(၄)နှင့် (၁၃)တို့မှ ဆောင်ရွက်သည့် တံတား(၁၀)စင်း တည်ဆောက်မှုလုပ်ငန်း စိစစ်တွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ကြီးများထံ တင်ပြထားပြီးဖြစ်၍ အစီရင်ခံစာပါအချက်များမှ လိုအပ်သလို ကောက်နှုတ် တင်ပြသွားမည်ဖြစ်ပါသည်။

၃။      စိစစ်တွေ့ရှိချက်အစီရင်ခံစာတွင် အောက်ပါအတိုင်း ပါရှိပါသည် –

(က)    နိဒါန်းနှင့် စိစစ်သည့်အကြောင်း

( ခ )   မူလခွင့်ပြုရန်ပုံငွေ တောင်းခံမှုနှင့် ရရှိမှုအခြေအနေ

( ဂ)    ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုနှင့် ရရှိမှုအခြေအနေ

(ဃ)    ခန့်မှန်းခြေစာရင်းရေးဆွဲတင်ပြခြင်းနှင့်ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုမိန့်ရရှိမှု

( င )   ရန်ပုံငွေထုတ်ယူသုံးစွဲမှု

( စ )   ကွင်းဆင်းစိစစ်တွေ့ရှိချက်များ

နိဒါန်းနှင့် စိစစ်သည့်အကြောင်း

၄။      မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မကွေးတိုင်း ဒေသကြီး သရက်ခရိုင်အတွင်း တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၄)မှ တည်ဆောက် သည့် တံတား(၄)စင်းနှင့် မင်းဘူးခရိုင်အတွင်း တည်ဆောက်သည့်တံတား(၁)စင်း စုစုပေါင်း တံတား(၅)စင်း၊ ဂန့်ဂေါခရိုင်အတွင်း တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၁၃)မှ တည်ဆောက်သည့်တံတား(၅)စင်းတို့အတွက် ခွင့်ပြုရန်ပုံငွေတောင်းခံရရှိမှု၊ ရရှိသည့် ခွင့်ပြုရန်ပုံငွေအား သုံးစွဲမှု၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ကွင်းဆင်းစိစစ်တွေ့ရှိမှုအခြေအနေတို့ကို နိဒါန်းနှင့် စိစစ်သည့်အကြောင်း အစီရင်ခံစာအပိုဒ် ၁၊ ၂ တွင် ဖော်ပြထားပါသည်။

မူလခွင့်ပြုရန်ပုံငွေတောင်းခံမှုနှင့် ရရှိမှုအခြေအနေ

၅။      မူလခွင့်ပြုရန်ပုံငွေတောင်းခံမှုနှင့်ရရှိမှုအား အစီရင်ခံစာအပိုဒ် ၃ မှ ၆ ထိတွင် ခွင့်ပြုရန်ပုံငွေ များ တောင်းခံမှုအဆင့်ဆင့်ကို တင်ပြထားပါသည်။ မူလရန်ပုံငွေ တံတားအထူးအဖွဲ့(၄)အတွက် ကျပ်(၄၃၀.၀၀၀)သန်းနှင့် တံတားအထူးအဖွဲ့(၁၃)အတွက် ကျပ်(၄၅၄.၅၀၀)သန်း စုစုပေါင်းကျပ် (၈၈၄.၅၀၀)သန်း တောင်းခံရရှိမှုကို ဇယား(၁)ဖြင့် ဖော်ပြထားပါသည်။

၆။      တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၄)နှင့် တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၁၃)တို့မှ ဆောက်လုပ်သည့်တံတားများအား မူလရန်ပုံငွေတောင်းခံစဉ်က တံတား၏ အုတ်မြစ် Design ကို Direct Foundation ဖြင့်လည်းကောင်း၊ကမ်းကပ်နံရံကိုကျောက်စီကမ်းကပ် နံရံဖြင့်လည်းကောင်း တွက်ချက်၍ ရန်ပုံငွေတင်ပြတောင်းခံခြင်းဖြစ်ပြီး ဒုတိယ အင်ဂျင်နီယာချုပ် (တံတားပုံထုတ်)မှ အသေးစိတ်ပုံစံများရရှိသည့်အခါ တံတားများ၏အုတ်မြစ် Design  အား  ၄’

Spun-Pipe Well Foundation Design နှင့်သံကူကွန်ကရစ်ကမ်းကပ်ခုံ သံကူကွန်ကရစ် ယက္မနှင့် ကြမ်းခင်းတို့ဖြင့် Design ရေးဆွဲခဲ့သဖြင့် Designနှင့်အညီ ခန့်မှန်းခြေစာရင်းအသေးစိတ်ရေးဆွဲပြီး ဆောက်လုပ်ရေးလုပ်ငန်း(ရုံးချုပ်)သို့ ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုမိန့်တောင်းခံ၍ လုပ်ငန်းဆောင်ရွက် ခဲ့ကြောင်းစိစစ်တွေ့ရှိရပါသည်။ယင်းသို့ဆောင်ရွက်မှုအားစိစစ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော် သို့ ရန်ပုံငွေတောင်းခံစဉ်က ပါဝင်ခြင်းမရှိသည့် ချဉ်းကပ်လမ်းနှင့် ပတ်သက်၍ စိစစ်မေးမြန်းသည့် အခါ မှသာလျှင် ရရှိသည့်ရန်ပုံငွေအပေါ်မူတည်၍ သက်ဆိုင်ရာတံတားစီမံကိန်းအထူးအဖွဲ့ (၄)နှင့် (၁၃)တို့မှ အထက်ပါအတိုင်း ခန့်မှန်းခြေစာရင်း ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စိစစ်ရရှိပါ သည်။

ဖြည့်စွက်ရန်ပုံငွေတောင်းခံမှုနှင့် ရရှိမှုအခြေအနေ

၇။      တံတားဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့(၄)နှင့် (၁၃)တို့မှ ဆောက်လုပ်ခဲ့သည့် တံတား (၁၀)စင်းအတွက် ဖြည့်စွက်ရန်ပုံ​ငွေ တောင်းခံမှု၊ ခွဲဝေရရှိမှုတို့ကို ဇယား(၂)ဖြင့် တင်ပြထားပါသည်။ ဖြည့်စွက်ရန်ပုံငွေများ တောင်းခံရာတွင် တံတားအထူးအဖွဲ့(၄)မှ တံတား တစ်စင်းခြင်းအလိုက် မူလရန်ပုံငွေ၏ ၁၂၅ ရာခိုင်နှုန်းမှ ၃၀၇.၅၀ ရာခိုင်နှုန်းအထိ တောင်းခံခဲ့ပြီး တံတား(၅)စင်း၏ စုစုပေါင်း တောင်းခံငွေမှာ မူလရန်ပုံငွေ၏ ၂၀၇.၉၂ ရာခိုင်နှုန်းအထိရှိပြီး တံတားအထူးအဖွဲ့(၁၃)မှ တံတားတစ်စင်းခြင်းအလိုက် ၈၇.၅၀ ရာခိုင်နှုန်းမှ ၁၁၁.၆၄ ရာခိုင်နှုန်းအထိသာ တောင်းခံခဲ့ပြီး တံတား(၅)စင်းအတွက် စုစုပေါင်းတောင်းခံသည့် ဖြည့်စွတ် ရန်ပုံငွေမှာ မူလရန်ပုံငွေ၏ ၈၇.၀၂ ရာခိုင်နှုန်းသာရှိကြောင်း တွေ့ရပါသည်။ ဖြည့်စွက်ရန်ပုံငွေရရှိမှုမှာ တံတားအထူးအဖွဲ့(၄) သည်မှုလရန်ပုံငွေ၏ ၁၆၃.၃၀ ရာခိုင်နှုန်း၊ တံတားအထူးအဖွဲ ၁၃ သည် မူလရန်ပုံငွေ၏ ၆၅.၆၅ ရာခိုင်နှုန်းသာရရှိခဲ့ပါသည်။ တံတား(၁၀) စင်းအတွက် ဖြည့်စွတ်ရန်ပုံငွေ တောင်းခံမှုမှာ မူလရန်ပုံငွေ၏ ၁၄၅.၇၉ ရာခိုင်နှုန်းရှိပြီး ဖြည့်စွက်ရန်ပုံငွေ ရရှိမှုမှာ မူလရန်ပုံငွေ၏ ၁၁၃.၁၂ ရာခိုင်နှုန်းအထိရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၈။      မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ၂၀၁၂-၂၀၁၃ ရသုံးခန့်မှန်းခြေငွေစာရင်းများ ငွေလုံး ငွေရင်းစာရင်း အဆောက်အဦနှင့်လမ်း၊တံတားများပြင်ဆင်ထိန်းသိမ်းခြင်းတင်ပြချက်    .၁.၂၀၁၂ ရက်စွဲပါ Hand Book တို့ဖြင့် မူလနှင့်ဖြည့်စွက်ရန်ပုံငွေတင်ပြမှုအား မကွေးတိုင်းဒေသကြီး ပြည်သူ့ဆောက်လုပ်ရေး အင်ဂျင်နီယာမှူးကြီးရုံးမှ တင်ပြသည့် အထောက်အထားများအရ ရန်ပုံငွေ တောင်းခံရာတွင် တံတားတည်ဆောက်ရန်သာဖော်ပြပြီး တံတားတည်ဆောက်ရန်နှင့် ချဉ်းကပ်လမ်း တည်ဆောက်ရန် ရန်ပုံငွေ ခွဲခြားဖော်ပြတောင်းခံထားခြင်းမရှိသည်ကို စိစစ်တွေ့ရှိရပါသည်။

၉။      ၂၇.၁၂.၂၀၁၂ ရက်စွဲဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဝင်းဖေမှ ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာကိစ္စများ ရှင်းလင်းတင်ပြရာတွင် လမ်းဦးစီးဌာနအနေဖြင့် ငွေလုံးငွေရင်း သုံးငွေကျပ်(၁၂၈၉.၅၅)သန်း ဖြည့်စွက်တောင်းခံကြောင်းတင်ပြခဲ့ပါသည်။ ထိုတင်ပြသည့် လမ်းဦးစီးဌာန၏ငွေကျပ်(၁၂၈၉.၅၅)သန်း ဖြည့်စွက်ခွင့်ပြုငွေတောင်းခံရတွင် သစ်သားတံတားမှ သံကူကွန်ကရစ် တံတားအဖြစ် ပြုပြင်ရန်ဟု ဖော်ပြပါရှိပါသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ငွေလုံးငွေရင်း (၁၂၈၉.၅၅၀)ကျပ်သန်း ဖြည့်စွက်ငွေတောင်းခံထားမှုအား (၁၀၀၀.၅၅၀)သန်း လွှတ်တော် ဆုံးဖြတ်ချက်ဖြင့် ခွင့်ပြုခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

၁၀။    တံတားအထူးအဖွဲ့ (၄) နှင့် တံတားအထူးအဖွဲ့(၁၃)တို့ တည်ဆောက်သည့် တံတား(၁၀)စင်း အနက် ဖြည့်စွက်ငွေကျပ် (၁၀၀၀.၅၅၀)သန်းခွဲဝေရာတွင် ယောတံတားနှင့်ရွာခိုင်တံတားတို့မှတပါး ကျန်တံတား(၈)စင်းအား သက်ဆိုင်ရာဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(ရုံးချုပ်) စီမံကိန်းဦးစီးဌာနတို့မှ တံတားနှင့်ချဉ်းကပ်လမ်းအတွက် ခွဲဝေကြောင်းစိစစ်ရရှိပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန (ရုံးချုပ်)မှ ယောတံတားနှင့်ရွာခိုင်တံတားတို့အား ချဉ်းကပ်လမ်း ဖောက်လုပ်ရန် ဖြည့်စွက်ရန်ပုံငွေတွင် ခွင့်ပြုချက်မရှိသော်လည်း ချဉ်းကပ်လမ်း ဆောင်ရွက်ထား သည်ကို စိစစ်ရရှိပါသည်။

၁၁။    တံတားတည်ဆောက်ရေးအတွက် မူလရန်ပုံငွေနှင့်ဖြည့်စွက်ရန်ပုံငွေ တင်ပြထားရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန(ရုံးချုပ်)မှ တံတား(၈)စင်းအား ဖြည့်စွက်ရန်ပုံငွေမှ တံတားနှင့် ချဉ်းကပ်လမ်း ဖောက်လုပ်ခြင်းကိုပါ ဆောင်ရွက်ရန် အကြောင်းကြားထားပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန(ရုံးချုပ်)မှ တံတားတည်ဆောက်ခြင်းသာ  ခွင့်ပြုပေးသည့် ဖြည့်စွက်ရန်ပုံငွေအား ယောတံတားနှင့်ရွာခိုင်တံတားတို့တွင် ချဉ်းကပ်လမ်းဆောက်လုပ်ခြင်းကိုပါ ဆောင်ရွက်ထားသည် ကိုစိစစ်ရရှိပါသည်။

၁၂။    ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ အပိုဒ် ၁၅၀ အရ လွှတ်တော်သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေနှင့်အညီ ရေးဆွဲထားသည့် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ  သာမန်အသုံးစရိတ်များကို     လိုအပ်သလို    ခေါင်းစဉ်လွှဲပြောင်းအတည်ပြုနိုင်သော်လည်း  ငွေလုံးငွေရင်း     အသုံးရိတ်များကိုမူ

ခေါင်းစဉ်လွှဲပြောင်း အတည်ပြုခွင့်မရှိစေရ ဟု ပြဌာန်းထားရှိပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတွင် မပါရှိသည့် လုပ်ငန်းသစ်တစ်ရပ်အတွက် လွှတ်တော်၏ ခွင့်ပြုချက်လိုအပ်သောအသုံးစရိတ် ပေါ်ပေါက်ပါက ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာနည်းဥပဒေ အပိုဒ် ၁၅၁ (က)()တို့အရ တိုင်းဒေသကြီးအစိုးရကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကဖြစ်စေ၊ ယင်းကတာဝန်ပေးအပ် သည့် ပုဂ္ဂိုလ်ကဖြစ်စေ လွှတ်တော်သို့တင်ပြရမည် ဟု ပြဌာန်းထားပါသည်။

ခန့်မှန်းခြေစာရင်းရေးဆွဲတင်ပြခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုမိန့်ရရှိမှု

၁၃။    တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၄)နှင့် အထူးအဖွဲ့(၁၃)တို့မှ ဆောက်လုပ်ခဲ့သည့် တံတား(၁၀)စင်းအတွက် ခန့်မှန်းခြေစာရင်းများရေးဆွဲတင်ပြပြီး ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုမိန့်များ တင်ပြခဲ့သော်လည်း အထူးအဖွဲ့(၄)မှဆောက်လုပ်သည့် တံတား(၅)စင်းနှင့် ချဉ်းကပ်လမ်းလုပ်ငန်း များအတွက် ကျွမ်းကျင်မှုဆိုင်ရာခွင့်ပြုမိန့်များမှာ တံတားဆောက်လုပ်ပြီးစီးသည့် ၃၁.၃.၂၀၁၃ ရက်နေ့အထိ ရရှိမှုမရှိသေးကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွာခိုင်တံတားမှအပ သရက်-မင်းတုန်း လမ်းပေါ်ရှိ တံတား(၄)စင်း၏ ခန့်မှန်းခြေစာရင်းများတွင် တံတားတစ်စင်းတိုင်းတွင် လေးခန်းတွဲ ဝန်ထမ်းလိုင်းခန်း၊ စတိုခန်းတစ်လုံး၊ ယာယီရှင်းလင်းဆောင်တစ်ဆောင်၊ ရှုရပ်ဆောင်တစ်ဆောင် တို့ကို ထည့်သွင်းတွက်ချက်ထားခြင်း၊ သရက်-မင်းတုန်းလမ်းပေါ်ရှိ တံတား(၄)စင်းတွင် ယောတံတားမှအပ ချဉ်းကပ်လမ်းလုပ်ငန်းမှ ပေ(၁၀၀)အရှည်ရှိ လူသွားလမ်း ပလက်ဖောင်းများ ထည့်သွင်းတွက်ချက်ရေးဆွဲထားခြင်း၊ ချဉ်းကပ်လမ်း ကျောက်စီမြေကာနံရံလုပ်ငန်းများ ထည့်သွင်း ရေးဆွဲခြင်းတွေ့ရှိရသဖြင့် အမှန်ဆောင်ရွက်ရန် မလိုအပ်သည့် လုပ်ငန်းများကို ခန့်မှန်းခြေ စာရင်းတွင် ထည့်သွင်းတွက်ချက်ရေးဆွဲ၍ အမှန်ဆောင်ရွက်ထားကြောင်းတွေ့ရပါသည်။

ရန်ပုံငွေထုတ်ယူသုံးစွဲမှု

၁၄။    ပင်မတံတားလုပ်ငန်းနှင့် ချဉ်းကပ်လမ်းလုပ်ငန်းအသုံးစရိတ် အခြေအနေကို ဇယား(၃)နှင့် ဇယား(၄)တို့ဖြင့် ဖော်ပြထားပါသည်။ တံတားအထူးအဖွဲ့(၄)မှ တည်ဆောက်သည့်တံတား(၅)စင်း အတွက် ပင်မတံတား(၁)ပေ ပျမ်းမျှကုန်ကျစရိတ်မှာ ကျပ်(၂.၆၉၇)သန်းဖြစ်ပြီး တံတားအထူးအဖွဲ့ (၁၃)မှ ဆောက်လုပ်သည့်တံတား(၅)စင်းအတွက် ပင်မတံတား(၁)ပေ ပျမ်းမျှကုန်ကျစရိတ်မှာ ကျပ်(၂.၇၆၅)သန်းဖြစ်ပါသည်။ တံတားအထူးအဖွဲ့(၄)၏ပင်မတံတားအသုံးစရိတ်တွင် ယာယီ အဆောက်အအုံများဆောက်လုပ်ခြင်း၊ရေကြောင်းလွှဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဝါဒိုင်တံတား၊ စံပြတံတားတို့တွင် ရေကာနံရံများတည်ဆောက်ခြင်းလုပ်ငန်း ကုန်ကျစရိတ်များ ပါဝင်ပါသည်။ တံတားအထူးအဖွဲ့(၁၃)၏ ပင်မတံတားအသုံးစရိတ်များတွင် မလိုအပ်သည့်လုပ်ငန်းများ ထည့်သွင်း ဆောင်ရွက်ခြင်းမပြုခဲ့သဖြင့် ပင်မတံတား(၁)ပေ ကုန်ကျစရိတ်မှာ လျော့နည်းသင့်သော်လည်း လုပ်ငန်းသုံးပင်မပစ္စည်းများဖြစ်သည့် Spun Pipe များ၊ သံချောင်း၊ ဘိလပ်မြေနှင့် စက်သုံးဆီများ ကို လှည်းကူးမြို့ရှိ ဌာနချုပ်မှ လုပ်ငန်းခွင်အရောက် သယ်ယူမှုကုန်ကျစရိတ် ကျပ်(၁၁၁.၈၈၈)သန်း ပိုမိုကုန်ကျခဲ့သဖြင့်တံတားအထူးအဖွဲ့(၄)၏ပင်မတံတား(၁)ပေကုန်ကျစရိတ်ထက် ကျပ်(၀.၀၆၈) သန်းပိုမိုခြင်းဖြစ်ကြောင်းစိစစ်တွေ့ရှိရပါသည်။ သယ်ယူစရိတ်ကုန်ကျမှုသည် ပင်မတံတားစုစုပေါင်း ခွင့်ပြုရန်ပုံငွေ ကျပ်(၆၆၃.၅၂၀)သန်း၏ (၁၆.၈၆)ရာခိုင်နှုန်းရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၁၅။    ကမန်းတံတား(၁/၂၁) ဆောက်လုပ်မှုတွင် ပင်မတံတားကုန်ကျစရိတ်မှာ (၁၄၁.၀၀၀)သန်း ရှိသော်လည်း ချဉ်းကပ်လမ်းကုန်ကျစရိတ်မှာ ကျပ်(၁၇၄.၅၅၀)သန်း သုံးစွဲခဲ့သဖြင့် ချဉ်းကပ်လမ်း ကုန်ကျစရိတ်သည် ပင်မတံတားကုန်ကျစရိတ်၏ (၁၂၃.၇၉)ရာခိုင်နှုန်းအထိရှိကြောင်း စိစစ်တွေ့ရှိ ရပါသည်။ ယင်းသို့ ချဉ်းကပ်လမ်းကုန်ကျစရိတ်များရခြင်းမှာ အမှန်ဆောင်ရွက်ရန် မလိုအပ်သည့် လူသွားလမ်းတစ်ဖက်လျှင် (၂၀၀)ပေဖြင့် စုစုပေါင်း(၈၀၀)ပေ ပြုလုပ်ခြင်း၊ မလိုအပ်ဘဲ ကျောက်စီမြေကာနံရံများ ပြုလုပ်ခြင်းကြောင့်ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၁၆။    လုပ်ငန်းဆောင်ရွက်သော တံတားအထူးအဖွဲ့များ၏ ပစ္စည်များသယ်ယူပို့ဆောင်မှု အခြေအနေကို စိစစ်ရာ တံတားအထူးအဖွဲ့(၄)၏ ဌာနချုပ်မှာ ပခုက္ကူမြို့တွင်ရှိပြီး အသုံးပြုသည့် ဘိလပ်မြေအား လုပ်ငန်းခွင်ရှိရာ သရက်မြို့နယ်သို့ ပေးပို့ရာတွင် သရက်ဘိလပ်မြေစက်ရုံမှ လုပ်ငန်းခွင်သို့ တိုက်ရိုက်သယ်ပို့ပါက ကုန်ကျစရိတ်သက်သာနိုင်သော်လည်း သရက်ဘိလပ်မြေ စက်ရုံမှ ပခုက္ကူဌာနချုပ်သို့ သယ်ယူပြီး ပခုက္ကူမှ သရက်မြို့နယ်ရှိ လုပ်ငန်းခွင်သို့ သယ်ယူသဖြင့် ကုန်ကျမှု ပိုမိုခြင်းဖြစ်ပါသည်။ တံတားအထူးအဖွဲ့(၁၃)၏ ဌာနချုပ်မှာ လှည်းကူးမြို့တွင်ရှိပါသည်။ တံတားအထူးအဖွဲ့(၄)၏ ဌာနချုပ်မှာ ပခုက္ကူမြို့တွင်ရှိသော်လည်း လုပ်ငန်းများ တာဝန်ပေးရာတွင် ဆော၊ ထီးလင်းမြို့နယ်များရှိ လုပ်ငန်းများအား နီးသည့်တံတား အထူးအဖွဲ့(၄)အား လည်းကောင်း သရက်မြို့နယ်ရှိလုပ်ငန်းများအား တံတားအထူးအဖွဲ့(၁၃)အားလည်းကောင်း တာဝန်ပေး ဆောင်ရွက်ခြင်းမပြုသည့်အတွက် သယ်ယူစရိတ်များ ပိုမိုကုန်ကျမှုရှိကြောင်း၊ စိစစ်တွေ့ရှိရပါသည်။

ကွင်းဆင်းစိစစ်တွေ့ရှိချက်များ

၁၇။    မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့သည် တာဝန်ရှိအင်ဂျင်နီယာများနှင့် အတူ တံတားဆောက်လုပ်ရေးလုပ်ငန်း စီမံကိန်းအထူးအဖွဲ့(၄)မှ ဆောက်လုပ်သည့် တံတား(၅)စင်း ကို ၂၃.၅.၂၀၁၄ ရက်နေ့တွင်လည်းကောင်း၊ အထူးအဖွဲ့(၁၃)မှဆောက်လုပ်သည့် တံတား(၅)စင်း အား ၅.၆.၂၀၁၄ မှ ၆.၆.၂၀၁၄ ရက်နေ့ထိလည်းကောင်း ကွင်းဆင်းစိစစ်ရာ အောက်ပါတို့ကို တွေ့ရှိရပါသည် –

(က)    တံတားအထူးအဖွဲ့(၄)မှ ဆောက်လုပ်သည့် သရက်-မင်းတုန်း လမ်းရှိတံတား(၄)စင်း တွင် အကြိုအင်ဂျင်နီယာလုပ်ငန်းအဖြစ်(၄)ခန်းတွဲ ဝန်ထမ်းလိုင်းခန်း ဆောက်လုပ် ခြင်း၊ စတိုတစ်လုံးဆောက်လုပ်ခြင်း၊ ယာယီရှင်းလင်းဆောင်တစ်ဆောင် ဆောက်လုပ်ခြင်း၊ ရှုရပ်(၁)ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများကို တံတား တစ်စင်းချင်းအလိုက် ခန့်မှန်းခြေစာရင်းတွင် ထည့်သွင်းရေးဆွဲ၍ ဆောင်ရွက်ခဲ့ ကြောင်း တင်ပြခဲ့သော်လည်း ကွင်းဆင်းစစ်ဆေးချိန်တွင် လုပ်ငန်းဖျက်သိမ်းပြီး ဖြစ်၍ စိစစ်နိုင်ခြင်းမရှိပါ။ ကမန်းတံတား(၁/၂၁)တွင် (၄)ခန်းတွဲ ဝန်ထမ်းလိုင်းခန်း (၂)လုံး ဆောက်လုပ်ကြောင်း တွေ့ရှိရပါသည်။

( ခ )   ဝန်ထမ်းလိုင်းခန်းနှင့် စတိုအဆောက်အဦးများသည် တံတားတိုင်းတွင်ရှိသင့် သော်လည်း ရှင်းလင်းဆောင်နှင့် ရှုရပ်ဆောင်များမှာ တံတားအားလုံးအတွက် တစ်ခုမျှသာ ဆောက်လုပ်သင့်ကြောင်းနှင့် ဆောက်လုပ်ထားသည့် ရှုရပ်နှင့် ရှင်းလင်းဆောင်မြေနေရာမှာ စံပြတံတားအနီးတွင်သာ တွေ့ရှိခဲ့ရပါသည်။ သို့ဖြစ်၍ တံတားဆောက်လုပ်ရေး ရန်ပုံငွေမှ ကျခံခဲ့သည့် တံတားတစ်စင်းအတွက် ယာယီ ရှင်းလင်းဆောင် တစ်ဆောင် ကျပ်(၀.၇၄၆)သန်း ရှုရပ်တစ်ဆောင် (၀.၃၇၄)သန်း စုစုပေါင်း(၁.၁၂၀)သန်းဖြစ်ပြီး တံတား(၃)စင်းအတွက် ကျပ်(၃.၃၆၀)သန်း မလိုအပ်ဘဲ ရန်ပုံငွေကို သုံးစွဲခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

( ဂ )   သရက်-မင်းတုန်းလမ်းပေါ်ရှိ တံတား(၄)စင်းမှ ကမန်းတံတား(၁/၂၁)၊ ဝါဒိုင်တံတား (၁/၂၆)နှင့်စံပြတံတား(၁/၃၄)တို့၏ချဉ်းကပ်လမ်းလုပ်ငန်းတွင်လမ်းဘေးတစ်ဘက်စီ၌  မလိုအပ်ဘဲ လူသွားလမ်း ပလက်ဖောင်းများ ခန့်မှန်းခြေစာရင်းတွင် ထည့်သွင်း ရေးဆွဲ၍ ဆောင်ရွက်ထားကြောင်း တွေ့ရှိရပါသည်။ ခန့်မှန်းခြေငွေစာရင်းအရ ဌာနစရိတ်အပါအဝင်  ကမန်းတံတား(၁/၂၁)တွင် ကျပ်(၁၀.၉၁၃)သန်း၊ ဝါဒိုင်တံတား (၁/၂၆)တွင် ကျပ်(၅.၇၂၀)သန်း၊ စံပြတံတား (၁/၃၄)တွင် ကျပ်(၅.၆၃၅)သန်း စုစုပေါင်း ကျပ်(၂၂.၂၆၈)သန်းရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

(ဃ)    ချဉ်းကပ်လမ်းလုပ်ငန်းမှ  လမ်းဘေးတစ်ဘက်စီတွင် မလိုအပ်ဘဲ ကျောက်စီမြေကာ နံရံလုပ်ငန်းများ ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲ၍ကမန်းတံတား(၁/၂၁) ၌ ကျပ်(၆၉.၀၁၇)သန်း၊ ဝါဒိုင်တံတား(၁/၂၆)၌ ကျပ်(၅၂.၉၆၃)သန်း စုစုပေါင်း ကျပ်(၁၂၁.၉၈၀)သန်း ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

ပြည်သူ့ငွေစာရင်းအဖွဲ့၏ သုံးသပ်ချက်

၁၈။    ပြည်သူ့ငွေစာရင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တံတားဆောက်လုပ်ရေးစီမံကိန်း အထူးအဖွဲ့(၄)မှ သရက်ခရိုင်နှင့် မင်းဘူးခရိုင်အတွင်း ဆောက်လုပ်ခဲ့သည့် တံတား(၅)စင်းနှင့် တံတားဆောက်လုပ်ရေး စီမံကိန်း အထူးအဖွဲ့(၁၃)မှ ဂန့်ဂေါခရိုင်အတွင်း ဆောက်လုပ်ခဲ့သည့် တံတား(၅)စင်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုနှင့် စာရင်းမှတ်တမ်းအထောက်အထားများကို စိစစ်တွေ့ရှိချက်များအရအောက်ပါတို့ကို သုံးသပ်တင်ပြအပ်ပါသည် –

(က)    တံတား(၁၀)စင်း ဆောက်လုပ်မှု၏ ရန်ပုံငွေတောင်းခံမှုနှင့် သုံးစွဲမှုများအား စိစစ်ရာတွင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင်မပါရှိသည့် လုပ်ငန်းသစ်တစ်ရပ် (ချဉ်းကပ် လမ်းများ)အတွက် လွှတ်တော်၏ခွင့်ပြုချက်လိုအပ်သော အသုံးစရိတ်ပေါ်ပေါက်ပါက ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ  ၂၁  ရက်နေ့ထုတ်ပြန်ခဲ့သော  နိုင်ငံတော်အေးချမ်း  သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နည်းဥပဒေများ အမှတ် ၇/၂၀၁၀ တိုင်း​ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၄၅(က)(၃)၊ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၁(က)(၂)အရတိုင်းဒေသကြီး အစိုးရကိုယ်စား တိုင်းဒေသကြီးဝန်ကြီးချုပ်ကဖြစ်စေ ယင်းကတာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်ကဖြစ်စေ လွှတ်တော်သို့တင်ပြရမည်ဟု ပြဌာန်းထာသော်လည်း ဆောင်ရွက် ခဲ့ခြင်းမရှိကြောင်း သုံးသပ်ရရှိပါသည်။

(ခ)     ဖြည့်စွက်ရန်ပုံငွေတောင်းခံချိန်တွင် တံတား Design များ ရရှိထားပြီးဖြစ်၍ ခန့်မှန်းခြေစာရင်းများလည်း ရေးဆွဲတင်ပြထားပြီးဖြစ်သဖြင့် ပင်မတံတားလုပ်ငန်း အတွက် ခန့်မှန်းခြေစာရင်းအရ ကုန်ကျမည့် မူလရန်ပုံငွေ ရရှိပြီးမှုနှင့် ပင်မတံတား အတွက် ထပ်မံလိုအပ်ငွေ စသည်ဖြင့်လည်းကောင်း ချဉ်းကပ်လမ်းအတွက် ခန့်မှန်းခြေစာရင်းအရ လိုအပ်သည့်အသုံးစရိတ် ရန်ပုံငွေမှာ မည်မျှဖြစ်ကြောင်းကို ဖြည့်စွက်ရန်ပုံငွေတောင်းခံရာတွင် တံတားအတွက် လိုအပ်ချက်၊ ချဉ်းကပ်လမ်း အတွက် လိုအပ်ချက် ခွဲခြားဖော်ပြ၍ အသေးစိတ်အထောက်အထားများနှင့်အတူ တင်ပြတောင်းခံသင့်ကြောင်း သုံးသပ်ရရှိပါသည်။

(ဂ)     ပင်မတံတားဆောက်လုပ်ခြင်းလုပ်ငန်းမှ အမှန်မလိုအပ်ဘဲ တံတားတစ်စင်းချင်း အလိုက် ရှင်လင်းဆောင်နှင့် ရှုရပ်များဆောက်လုပ်ခြင်း အသုံးစရိတ်များကို ကျခံဆောင်ရွက်ခြင်း မပြုသင့်ကြောင်း သုံးသပ်ရရှိပါသည်။

(ဃ)    တံတားချဉ်းကပ်လမ်းလုပ်ငန်းမှ လုပ်ငန်းအတွက် အမှန်ဆောင်ရွက်ရန် မလိုအပ် သည့် လူသွားလမ်းပလက်ဖောင်းများ ပြုလုပ်ခြင်း၊ ကျောက်စီမြေကာနံရံ ပြုလုပ်ခြင်းများ မပြုလုပ်သင့်ကြောင်း သုံးသပ်ရရှိပါသည်။

( င )   တံတားဆောက်လုပ်ရေး အထူးအဖွဲ့များသည် ခန့်မှန်းခြေစာရင်းများနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း တံတား ဆောက်လုပ်ရေး စီမံကိန်းအထူးအဖွဲ့(၄)မှ ဆောက်လုပ်သည့် သရက်-မင်းတုန်း လမ်းပေါ်ရှိ တံတား(၄)စင်း၏ ပင်မတံတားဆောက်လုပ်ခြင်းနှင့် ချဉ်းကပ်လမ်း လုပ်ငန်းတို့၏ ခန့်မှန်းခြေစာရင်းများမှာ ဖြည့်စွက်ရန်ပုံငွေရရှိသည့် အပေါ်တွင် မူတည်၍ ရရှိသည့်ရန်ပုံငွေနှင့်ကိုက်ညီအောင် အမှန်ဆောင်ရွက်ရန်မလိုအပ်သည့် ယာယီရှင်းလင်းဆောင် ရှုရပ်များဆောက်လုပ်ခြင်း၊ ချဉ်းကပ်လမ်း၊ လူသွားလမ်း ပလက်ဖောင်းများ ပြုလုပ်ခြင်း၊ ကျောက်စီမြေကာနံရံတည်ဆောက်ခြင်းစသည့် လုပ်ငန်းများကို ထည့်သွင်းရေးဆွဲပြီး ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါ သည်။

(စ)     လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရန် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဆောင်ရွက်မည့်အဖွဲ့များအား တာဝန်ပေးအပ်ရာတွင် သယ်ယူစရိတ်များ ကုန်ကျမှု သက်သာစေရန်အတွက် လုပ်ငန်းခွင်နှင့် အနီးဆုံးဌာနချုပ်တည်ရှိသည့် လုပ်ငန်းအဖွဲ့ အား တာဝန်ပေးဆောင်ရွက်သင့်ကြောင်း သုံးသပ်ရရှိပါသည်။

(ဆ)    ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေအား လုပ်ငန်းခေါင်းစဉ်လွှဲပြောင်းအသုံးပြုပါက တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ ခွင့်ပြုချက် ရယူရမည်ဖြစ်သော်လည်း တင်ပြမှုမရှိဘဲ သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့်သာ ဆောင်ရွက်သည်ကို သုံးသပ်ရရှိပါသည်။ ၎င်းအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးလုပ်ငန်း(ရုံးချုပ်) စီမံကိန်းဦးစီးဌာနမှ ယောတံတားနှင့်ရွာခိုင်တံတားတို့အား တံတားတည်ဆောက်ရန်သာ ခွင့်ပြုခဲ့ သော်လည်း ချဉ်းကပ်လမ်းပါ ဆောင်ရွက်ထားသဖြင့် လုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှု မရှိကြောင်း သုံးသပ်ရရှိပါသည်။

( ဇ )   မဆောင်ရွက်ကရနိုင်သော လုပ်ငန်းအတွက် အသုံးစရိတ်ကျပ်(၁၄၇.၆၀၈)သန်းနှင့် ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ၁၉၈၆ ခုနှစ် နိုင်ငံတော်၏ စီးပွားရေးအဖွဲ့အစည်းများက လိုက်နာကျင့်သုံးရန် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ အခန်း(၄)၊ ပေးငွေများ အပိုဒ် ၉၇(ဃ)တွင် “ သုံးစွဲသောအသုံးစရိတ်များသည် မျက်မြင်ထင်ရှားလိုအပ်သည်ထက် ပိုမိုခြင်းမဖြစ်စေရ၊ လိုက်နာရမည့်မူတစ်ရပ်မှာ ချင့်ချိန်ဝေဖန်နိုင်သော သာမန်ပုဂ္ဂိုလ်တစ်ဦးက မိမိပိုင်ငွေများကို သုံးစွဲရာ၌ ချင့်ချိန်သကဲ့သို့ ဝန်ထမ်းသည်လည်း ငွေသုံးစွဲရာ၌ အလားတူ ချင့်ချိန်ဝေဖန် သုံစွဲရပါမည်”ဟု ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းတွင် ပါရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ စိစစ်ဆောင်ရွက်မှုမရှိဟု သုံးသပ်ရရှိပါသည်။

ပြည်သူ့ငွေစာရင်းအဖွဲ့၏သဘောထားမှတ်ချက်

၁၉။    မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တံတားဆောက်လုပ်ရေး အထူးအဖွဲ့(၄)နှင့်(၁၃)တို့မှ ဆောင်ရွက်သည့် တံတား(၁၀)စင်း တည်ဆောက်မှုလုပ်ငန်း စိစစ်တွေ့ရှိချက် သုံးသပ်ချက်များကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းအဖွဲ့တွင်ပါရှိသည့် အဖွဲ့ဝင်အသီးသီး၏ တူညီသော သဘောတူညီမှုဖြင့် သဘောထားမှတ်ချက်များကို တင်ပြသွားမည်ဖြစ်ပါသည်။

၂၀။    ပြည်သူ့ငွေစာရင်းအဖွဲ့၏ သဘောထားမှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

(က)    ရန်ပုံငွေများတောင်းခံရာတွင် လိုအပ်သော အခြေခံအချက်အလက် အထောက် အထားများနှင့်တကွ ပြည့်စုံစွာရှင်းလင်းတင်ပြတောင်းခံရန်နှင့် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုတွင် လုပ်ငန်းတစ်ခုခြင်းအလိုက် ထပ်မံလိုအပ်ငွေကို အမှန်ကုန်ကျ စရိတ်နှင့် အနီးစပ်ဆုံးတွက်ချက်တင်ပြတောင်းခံရန် လိုအပ်ပါသည်။

( ခ )   ခန့်မှန်းခြေစာရင်းများ ရေးဆွဲတင်ပြရာတွင် တည်ဆောက်မည့်လုပ်ငန်းအတွက် အမှန်လိုအပ်သည့် လုပ်ငန်း၊ ကိစ္စရပ်များအတွက်ကိုသာ ထည့်သွင်းဖော်ပြတွက်ချက် ရေးဆွဲရန်နှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အမှန်ဆောင်ရွက်ရန်မလိုအပ်သည့် လုပ်ငန်းများကိုပါ ထည့်သွင်းတွက်ချက် ရေးဆွဲတင်ပြခြင်းမပြုရန် လိုအပ်ပါသည်။

( ဂ )   ဤအဖွဲ့မှစိစစ်ခဲ့သည့် တံတား(၁၀)စင်းအနက် သရက်-မင်းတုန်းလမ်းရှိ တံတား(၄) စင်း၏ ဆောက်လုပ်မှုနှင့် ချဉ်းကပ်လမ်းများပြုလုပ်မှုတွင် ခန့်မှန်းခြေစာရင်းနှင့်အညီ ဆောင်ရွက်ထားရှိကြောင်း စိစစ်တွေ့ရှိရသော်လည်း အမှန်ဆောင်ရွက်ရန်မလိုအပ် သည့် ချဉ်းကပ်လမ်း လူသွားလမ်းပလက်ဖောင်းများပြုလုပ်ခြင်း၊ ကျောက်ကြီးစီ မြေကာနံရံများပြုလုပ်ခြင်းမှာ ရရှိသည့်ရန်ပုံငွေအားလုံးအား ကုန်အောင်သုံးစွဲသည့် သဘော သက်ရောက်နေသဖြင့် အသုံးစရိတ်များအား စနစ်တကျ  စိစစ်သုံးစွဲရန် လိုအပ်ပါသည်။

(ဃ)    ပြည်သူ့ဘဏ္ဍာရန်ပုံငွေများ မလိုလားအပ်ဘဲ ပိုမိုကုန်ကျမှုမရှိစေရန် လုပ်ငန်းအဖွဲ့ များအား တာဝန်ပေးဆောင်ရွက်ရာတွင် လုပ်ငန်းခွင်နှင့်အနီးစပ်ဆုံး လုပ်ငန်းအဖွဲ့ အား တာဝန်ပေးသင့်ပါသည်။

( င )   တံတား(၁၀)စင်း၏ လုပ်ငန်းများအား စိစစ်ရာတွင် တိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်များအား ရန်ပုံငွေလွှဲပြောင်းသုံးခြင်းသည် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိခြင်း၊ မဆောင်ရွက်ကရနိုင်သော လုပ်ငန်းတန်ဖိုး ကျပ်(၁၄၇.၆၀၈)သန်းသည် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မှုမရှိခြင်းတို့ကြောင့် နောက်နောင် ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သင့်ပါ သည်။

၂၁။    သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးလွှတ်တော်တွင် မကွေးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တံတားဆောက်လုပ်ရေး အထူးအဖွဲ့(၄)နှင့်(၁၃)တို့မှ ဆောင်ရွက်သည့် တံတား(၁၀)စင်း တည်ဆောက်မှုလုပ်ငန်း စိစစ်တွေ့ရှိချက်အစီရင်ခံစာအား စိစစ်ဆွေးနွေးအတည်ပြု မှတ်တမ်းတင်ပေးနိုင်ပါရန် ပြည်သူ့ ငွေစာရင်းအဖွဲ့၏ အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတဆင့် လွှတ်တော်သို့ တင်သွင်းအပ်ပါသည်။

 

 

 

                                                                                                      ဥက္ကဋ္ဌ

                                                                                            ပြည်သူ့ငွေစာရင်းအဖွဲ့

                                                                                     မကွေးတိုင်းဒေသကြီးလွှတ်တော်

စာအမှတ်၊ ၁၂ /   ၁   –   ၂   /   ဦး   ၆

ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊  မတ်လ ၂၀  ရက်