ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ မကွေးတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့်အစီရင်ခံစာအပေါ်တွင် တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခြင်း
ပထမအကြိမ်အစီရင်ခံစာများနိဒါန်း
၁။ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကိုမကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်က( .၃.၂၀၁၅)ရက်နေ့တွင် မကွေးတိုင်း ဒေသကြီးလွှတ်တော်သို့တင်သွင်းခဲ့ပါသည်။
၂။ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်အနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(က)နှင့်အညီ တင်သွင်းခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့သည် ယင်းအစီရင်ခံစာအပေါ်တွင် လေ့လာတွေ့ရှိချက်နှင့်ဆွေးနွေးတင်ပြချက် တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၅(စ)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၈(စ)နှင့်အညီ တင်ပြသွားမည်ဖြစ်ပါသည်။
ပြည်သူ့ငွေစာရင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်
၃။ မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာ ရန်ပုံငွေ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတွင် အောက်ပါအတိုင်း အပိုင်း(၄)ပိုင်း ပါရှိသည်ကိုတွေ့ရှိရပါသည် –
(က) အပိုင်း(၁) ရသုံးမှန်းခြေစာရင်းအကောင်အထည်ဖော်မှု
(ခ) အပိုင်း(၂) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးထောက်ပံ့ငွေ
စစ်ဆေးခြင်း
(ဂ) အပိုင်း(၃) စိစစ်တွေ့ရှိချက်အရ နိုင်ငံတော်သို့ပြန်လည်ပေးသွင်းမှု
(ဃ) အပိုင်း(၄) အရေးကြီးသည့် စစ်ဆေးတွေ့ရှိချက်များနှင့် ဌာနများမှဆောင်ရွက်
ပြန်ကြားမှုတို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
၄။ မကွေးတိုင်းဒေသကြီး စာရင်စစ်ချုပ်ရုံး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်း ဒေသကြီး ဘဏ္ဍာရန်ပုံငွေ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတွင် အောက်ပါအတိုင်း တင်ပြထားသည်ကို တွေ့ရှိရပါသည်။
၅။ မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေစာရင်းတွင် ဗဟိုအဖွဲ့အစည်း(၅)ခု ဝန်ကြီးဌာန (ဦးစီးဌာန)(၁၈)ခု စီးပွားရေးအဖွဲ့အစည်း(၂)ခုနှင့် စည်ပင်သာယာရေးအဖွဲ့(၁)ဖွဲ့ စုစုပေါင်း(၂၆)ခု ရှိပါသည်။
၆။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဗဟိုအဖွဲ့အစည်း(၃)ခုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီးလွှတ်တော်ရုံး(၂)ခုနှင့် ဝန်ကြီးဌာန(ဦးစီးဌာန)(၁၈)ခုတို့တွင် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာန(၁)ခု ပေါင်း(၃)ခုတိုးပြီး ဝန်ကြီးဌာန(ဦးစီးဌာန)(၁၈)ခုတွင် အကျဉ်းဦးစီး ဌာနတစ်ခု လျော့သဖြင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်၌ စုစုပေါင်း(၂၄)ခုမှ အသားတင်(၂)ခု တိုးလာသဖြင့် စုစုပေါင်း(၂၆)ခုဖြစ်ပါသည်။
၇။ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် ပြဌာန်းခဲ့သည့် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေအရအသုံးဆိုင်ရာဥပဒေနှင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြဌာန်းခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ နောက်ထပ်ရန်ပုံငွေခွဲဝေသုံးစွဲရေးဥပဒေ တို့အရ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သည့်ဌာနအဖွဲ့အစည်း(၂၆)ခု၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု တို့ကို တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး(၁)ရုံး၊ ခရိုင်စာရင်းစစ်ရုံး(၅)ရုံးနှင့် မြို့နယ်စာရင်းစစ်ရုံး(၂၅)ရုံး တို့၏ စစ်ဆေးမှုများကို ဖော်ပြထားကြောင်းတွေ့ရှိရပါသည်။
၈။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုကို အစီရင်ခံစာတွင် ဇယား(၁)ဖြင့်ဖော်ပြထားရာ မူလခန့်မှန်းခြေစာရင်းအရ ရငွေပေါင်းမှာ ကျပ်(၃၆၇၄၉.၆၀၇)သန်း ဖြစ်ပြီး သုံးငွေပေါင်းမှာ ကျပ်(၁၄၁၁၁၃.၁၉၇)သန်းဖြစ်၍ လိုငွေကျပ်(၁၀၄၃၆၃.၅၉၀)သန်း ဖြစ်ပါသည်။ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သာမန်သုံးငွေကျပ်(၃၄၈၂.၇၅၄)သန်း ငွေလုံးငွေရင်းသုံးငွေကျပ် (၆၂၀.၇၄၀)သန်း ထောက်ပံ့ငွေ (သုံးငွေ)ကျပ် (၁၄၃.၉၀၀)သန်း ခွင့်ပြုခဲ့ကြောင်းတွေ့ရှိရပါသည်။ ပြုပြင်ပြီး ခန့်မှန်းခြေ စာရင်းအရ ရငွေပေါင်းမှာ ကျပ်(၃၅၁၄၆.၃၆၈)သန်းဖြစ်ပြီး သုံးငွေပေါင်းမှာ ကျပ်(၁၃၃၁၄၇.၅၆၉)သန်းဖြစ်ရာ လိုငွေကျပ်(၉၈၀၀၁.၂၀၁)သန်းဖြစ်ပေါ်ခဲ့ပြီး ဗဟိုအဖွဲ့အစည်းနှင့် ဦးစီးဌာန(၂၃)ဖွဲ့၏လိုငွေမှာ ကျပ်(၉၇၅၀၅.၅၀၃)သန်းနှင့် စီးပွားရေးအဖွဲ့အစည်း(၂)ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့၏ လိုငွေကျပ်(၄၉၅.၆၉၈)သန်းအား ဖော်ပြထားကြောင်း လေ့လာတွေ့ရှိရပါသည်။
၉။ အခွန်အကောက်ရငွေမှာ ပြုပြင်ပြီးခန့်မှန်းခြေစာရင်း လျာထားကျပ်(၁၁၅၃.၆၄၁)သန်းတွင် ကျပ်(၁၂၆၈.၆၉၃)သန်းရရှိခဲ့သဖြင့် (၁၀၉.၉၇)ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး သာမန် ရငွေတွင် ပြုပြင်ပြီးလျာထားငွေကျပ်(၃၂၉၈၇.၉၁၈)သန်းတွင် ကျပ်(၃၅၂၇၇.၁၈၁)သန်း ရရှိခဲ့သဖြင့် (၁၀၆.၉၄)ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ကြောင်းတွေ့ရှိရပါသည်။
၁၀။ အခွန်ရငွေတွင် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းပါ လျာထားချက်ထက်ပိုမိုရရှိခြင်းမှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ လျာထားချက်ထက်ပိုရခြင်း သာမန်ရငွေပိုရရှိခြင်းမှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ လျာထားချက်ထက် လျော့ပြီးရရှိခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ရုံးတွင် သာမန်ရငွေနှင့် လျာထားချက်မရှိဘဲ ကျန်ဌာန (၂၄)ခုတွင် လျာထားချက်ထက်ပိုမိုရရှိခြင်းကြောင့်ဖြစ်ပါသည်။ သာမန်ရငွေလျာထားချက်ထက် ပိုမိုရရှိမှုတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌စိတ်ပါဝင်စားကြေးနှင့် မော်တော်ဆိုင်ကယ်စီမံချက်အရ ကုန်သွယ်လုပ်ငန်းခွန်ရရှိခြင်း တရားလွှတ်တော်၊ ဥပဒေချုပ်ရုံးနှင့် စာရင်းစစ်ချုပ်ရုံးများမှစာမေးပွဲ ဝင်ကြေး၊ ငှားရမ်းခ၊ လျော်ကြေးရငွေနှင့် ပိုပေးမိပြန်ရငွေများရရှိခြင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနများတွင် ပိုးသတ်ဆေး၊ လိုင်စင်ကြေး၊ ဓာတ်မြေသြဇာလိုင်စင်ကြေး များရခြင်း၊ သစ်တောဦးစီးဌာနတွင် လိုင်စင်ကြေး(၅)နှစ်စာကောက်ခံခြင်းတို့ကြောင့်ဖြစ်ပါသည်။
၁၁။ သာမန်သုံးငွေ ငွေလုံးငွေရင်းသုံးငွေနှင့် ထောက်ပံ့ငွေ(သုံးငွေ)တွင် ပြုပြင်ပြီးခန့်မှန်းခြေ စာရင်းထက် လျော့နည်းသုံးစွဲခဲ့ပြီး ပိုလျှံပြန်အပ်ငွေကျပ် (၉၇၃.၄၆၁)သန်း ရှိကြောင်းလည်း တွေ့ရှိရပါသည်။
၁၂။ ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ လိုငွေကျပ်(၉၈၀၀၁.၂၀၁)သန်းဖြစ်ပြီးအကောင်အထည်ဖော် ရာတွင် လိုငွေကျပ်(၉၄၄၈၈.၅၆၁)သန်းဖြစ်သဖြင့် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းထက် လိုငွေကျပ်(၃၅၁၂.၆၄၀)သန်း လျော့နည်းခဲ့ရာ သာမန်နှင့်ငွေလုံးငွေရင်းသုံးငွေတွင် လျာထားချက်ထက် လျော့နည်းသုံးစွဲသည့်အတွက် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
၁၃။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေစာရင်းအရ သာမန်သုံးငွေလျာထားမှု ကျပ်(၇၃၆၂၃.၇၈၆)သန်းမှ ကျပ်(၇၂၆၈၄.၁၉၉)သန်း အမှန်သုံးစွဲ၍ ကျပ်(၉၃၉.၅၈၇)သန်းပိုလျှံခြင်း ငွေလုံးငွေရင်း သုံးငွေလျာထားချက် ကျပ်(၅၇၄၄၄.၇၄၅)သန်းမှ ကျပ်(၅၇၄၁၀.၉၃၃)သန်း အမှန် သုံးစွဲသဖြင့်ကျပ်(၃၃.၈၁၂)သန်း ပိုလျှံထောက်ပံ့ငွေ(သုံးငွေ) လျာထားချက်ကျပ်(၂၀၇၉.၀၃၈)သန်းမှ ကျပ်(၂၀၇၈.၉၇၆)သန်း အမှန်သုံးစွဲ၍ ပိုလျှံငွေကျပ်(၀.၀၆၂)သန်း ပိုလျှံခြင်း၊ ထောက်ပံ့ငွေ(သုံးငွေ) ပိုလျှံမှုအား သာမန်အသုံးစရိတ်ပိုလျှံငွေတွင် စာရင်းပြုစုထားသဖြင့် စုစုပေါင်းပိုလျှံငွေကျပ် (၉၇၃.၄၆၁)သန်းအား ၃၁.၃.၂၀၁၄ ရက်တွင် ပြန်လည်အပ်နှံကြောင်း ဇယား(၂)ဖြင့်ဖော်ပြထား ကြောင်း တွေ့ရှိရပါသည်။
၁၄။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အသုံးစရိတ် ပိုလျှံပြန်လည်အပ်နှံငွေကျပ် (၉၇၃.၄၆၁)သန်းတွင် ဖြည့်စွက်ခွင့်ပြုရာမှ ပြန်လည်အပ်နှံငွေကျပ်(၃၅၉.၄၃၃)သန်းပါဝင်ပြီး ပြန်လည်အပ်နှံမှုကိုစိစစ်ရာ ခန့်မှန်းလျာထားတွက်ချက်သည်ထက် ပစ္စည်းစျေးနှုန်းများ လျော့နည်းပေးချေရခြင်း၊ ဝန်ထမ်းများ လျာထားသည့်အတိုင်းမခန့်နိုင်သဖြင့် လစာ၊ စရိတ်၊ ချီးမြှင့်ငွေနှင့် လုပ်အားခများ ပိုလျှံခြင်း ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခဲ့သော်လည်း အခြေအနေအရ အမှန်လိုအပ်ချက်အရသာ သုံးစွဲခဲ့ခြင်း တို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၁၅။ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်သန်း(၁၀၀၀)ရရှိခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်း ပညာရေး ကဏ္ဍအတွက် ကျား၊ မ ဘော်ဒါဆောင်(၂၈)ခု၊ အခြေခံပညာမူလတန်းကျောင်းခွဲ ပြုပြင်ခြင်း(၁)ခု ပေါင်း လုပ်ငန်း(၂၉)ခုအတွက် ကျပ်(၁၁၅.၂၀၀)သန်း၊ ကျန်းမာရေးကဏ္ဍတွင် အရန်သားဖွား သင်တန်း၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း၊ ကျန်းမာရေးဌာနခွဲတစ်ခု ပြင်ခြင်းလုပ်ငန်း များအတွက် စုစုပေါင်းကျပ်(၁၀၂.၁၆၉)သန်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် လမ်း(၄၄)ခု၊ တံတား(၅)ခုနှင့် မြေထိန်းနံရံ(၁)ခုအတွက် ကျပ်(၃၈၉.၂၂၈)သန်း၊ ရေရရှိရေးကဏ္ဍတွင် ဆည်၊ ကန်(၂၂)ခု၊ အဝီစိတွင်း(၂၇)တွင်း၊ စိမ့်စမ်းရေ သွယ်ခြင်း(၈)ခု စုစုပေါင်းလုပ်ငန်း(၅၇)ခုအတွက် ကျပ်(၃၈၂.၁၄၅)သန်း၊ ကျေးလက်မီးလင်းရေးကဏ္ဍတွင် ရေအားလျှပ်စစ်လုပ်ငန်းတစ်ခုနှင့် ဆိုလာ တပ်ဆင်ခြင်းလုပ်ငန်း(၁)ခု ပေါင်း(၂)ခုအတွက်ကျပ်(၁၁.၂၀၀)သန်း၊ဘဏ်ငွေလွှဲခ ကျပ်(၀.၀၅၈)သန်း စုစုပေါင်း ကျပ်သန်း(၁၀၀၀)အား သုံးစွဲခဲ့ပြီး လုပ်ငန်းအားလုံးပြီးစီးကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၁၆။ မကွေးတိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သည့်ဌာန၊ လုပ်ငန်းအဖွဲ့ အစည်းများ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အရအသုံးစာရင်းများ စစ်ဆေးတွေ့ရှိချက်အရ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် ဌာနအဖွဲ့အစည်း(၁၈)ခုမှကျပ်(၄၁.၁၉၆)သန်းရှိရာ ၂၈.၂.၂၀၁၅ ရက်နေ့တွင် ပေးသွင်းပြီးဖြစ်ကြောင်း ဇယား(၃)ဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၁၇။ မကွေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သောဌာန၊လုပ်ငန်းအဖွဲ့ အစည်းများ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံးစာရင်းများကို တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ခရိုင်နှင့်မြို့နယ် စာရင်းစစ်များမှ စစ်ဆေးခဲ့ပြီး စစ်ဆေးချက် အစီရင်ခံစာများကို သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းများသို့ ပေးပို့ခဲ့ရာ အစီရင်ခံစာပါ အရေးယူ ဆောင်ရွက်ရန်အချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများက ပြီးပြတ်သည်အထိ ပြုပြင်ဆောင်ရွက်ပြီးကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
၁၈။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် လုပ်ငန်းနှင့်စာရင်းများ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာများအရ ဝန်ကြီးဌာနများအလိုက် အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များကို ဇယား(၄)ဖြင့် ဖော်ပြထားရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ကျပ်(၀.၉၆၂)သန်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကျပ် (၀.၃၃၀)သန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကျပ်(၀.၇၃၇)သန်း၊ သမဝါယမဝန်ကြီးဌာနမှ ကျပ်(၀.၁၀၀)သန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ကျပ်(၀.၁၁၇)သန်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျပ်(၁.၀၆၅)သန်း၊ စည်ပင် သာယာရေးအဖွဲ့(၁၆)ခုမှ ကျပ်(၈.၈၁၈)သန်း စုစုပေါင်း ကျပ်(၁၂.၁၂၉)သန်း ပိုမိုထုတ်ယူငွေ ရှိသော်လည်း ပြန်လည်ပေးသွင်းပြီး ဖြစ်ကြောင်းဖော်ပြထားပါသည်။ စည်ပင်သာယာရေးအဖွဲ့များ တွင် ရငွေများလျော့နည်းပေးသွင်းမှုများကိုပါ ဖော်ပြထားပါသည်။
၁၉။ ပြည်သူ့ငွေစာရင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးမှ မကွေးတိုင်း ဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေအရအသုံးဆိုင်ရာ စာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတွင် ဖော်ပြထားသော အချက်အလက်များ နှင့် ကိန်းဂဏန်းများကို အသေးစိတ်စိစစ်လေ့လာခဲ့ပါသည်။ လေ့လာတွေ့ရှိချက်များအရ အောက်ပါ တို့ကိုလေ့လာသုံးသပ်ရရှိပါသည် –
(က) အခွန်အကောက်ရငွေနှင့် သာမန်ရငွေတို့တွင် ပြုပြင်ပြီးခန့်မှန်းခြေထက် ၁၀၉.၉၇ ရာခိုင်နှုန်းနှင့် ၁၀၆.၉၄ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့သဖြင့် လျာထားမှုထက် ပိုခဲ့သော်လည်း မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ ပြုပြင်ပြီးခန့်မှန်းခြေစာရင်းထက် လျော့နည်းရရှိခဲ့သဖြင့် အမှန်တကယ်ရရှိနိုင်မည်ကိုသာ ပြုပြင်ပြီးခန့်မှန်းခြေစာရင်း တွင် လျာထားရန်လိုအပ်ကြောင်း သုံးသပ်ရရှိပါသည်။
( ခ ) သာမန်သုံးငွေနှင့် ငွေလုံးငွေရင်းသုံးငွေတို့တွင် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းငွေစာရင်း ပါ လျာထားချက်ထက် လျော့နည်းသုံးစွဲရာ မလိုအပ်သည့် အသုံးစရိတ်များ သုံးစွဲမှု မရှိသဖြင့် လျော့နည်းသုံးစွဲသည်ဟု သုံးသပ်ပါသည်။
( ဂ ) အသုံးစရိတ်ပိုလျှံငွေ ပြန်လည်အပ်နှံမှု ကျပ်(၉၇၃.၄၆၁)သန်းတွင် ဖြည့်စွက်ခွင့်ပြုငွေမှ ပြန်လည်အပ်နှံမှု ကျပ်(၃၅၉.၄၃၃)သန်းပါဝင်ခြင်းအားစိစစ်ရာ ခန့်မှန်းခြေစာရင်းထက် ပစ္စည်းစျေးနှုန်းလျော့နည်းပေးချေခြင်း၊ လုပ်အားခများပိုလျှံခြင်း အခြေအနေအရ အမှန်လိုအပ်ချက်အရ လုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ စိစစ်ချက်အရ တွေ့ရှိရသဖြင့် ဖြည့်စွက်ငွေတောင်းခံရာတွင် ပိုလျှံငွေများ မဖြစ်ပေါ်စေရန်စနစ်တကျ စိစစ်တွက်ချက်တောင်းခံရန် လိုအပ်ကြောင်း သုံးသပ်ပါသည်။
(ဃ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုထောက်ပံ့ငွေများ သုံးစွဲရာတွင် ခွင့်ပြု သုံးစွဲငွေ၏ ပညာရေးကဏ္ဍတွင် ၁၁.၅၂ ရာခိုင်နှုန်း၊ ကျန်းမာရေးကဏ္ဍတွင် ၁၀.၂၂ ရာခိုင်နှုန်း၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် ၃၈.၉၂ ရာခိုင်နှုန်း၊ ရေရရှိရေး ကဏ္ဍတွင် ၃၈.၂၁ ရာခိုင်နှုန်းနှင့် ကျေးလက်မီးလင်းရေးကဏ္ဍတွင် ၁.၁၂ ရာခိုင်နှုန်း အသီးသီးသုံးစွဲခဲ့သဖြင့် ကဏ္ဍအလိုက် လိုအပ်ချက်သတ်မှတ်၍ အချိုးညီစွာ သုံးစွဲသင့်ကြောင်း သုံးသပ်ပါသည်။
( င ) နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းမှုများကိုလည်း အတတ်နိုင်ဆုံးကြိုးပမ်းဖော်ထုတ် သင့်ကြောင်းနှင့် ယင်းသို့ဖြစ်ပေါ်နေခြင်းမှာ ဌာနအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက် များ အားနည်းမှုအား ပိုမိုကြီးကြပ်ရန် လိုအပ်နေသေးကြောင်း သုံးသပ်ပါသည်။
( စ ) အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ စည်ပင်သာယာရေးအဖွဲ့များ၏ ရငွေများ လျော့နည်းပေးသွင်းမှုများ ပေါ်ပေါက်နေသဖြင့် သက်ဆိုင်ရာမှ စိစစ်ပြီး လိုအပ်ပါက အရေးယူဆောင်ရွက်သင့်ကြောင်း သုံးသပ်ပါသည်။
ပြည်သူ့ငွေစာရင်းအဖွဲ့၏ ဆွေးနွေးတင်ပြချက်
၂၀။ မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ အရအသုံးဆိုင်ရာ စာရင်းများစစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်က တင်ပြသည့်အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်ပြီး ပြည်သူ့ငွေစာရင်းအဖွဲ့၏ သဘော တူညီချက်ဖြင့် ဆွေးနွေးချက်များကို တင်ပြသွားမည်ဖြစ်ပါသည်။
၂၁။ ပြည်သူ့ငွေစာရင်းအဖွဲ့၏ ဆွေးနွေးတင်ပြချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
(က) ရငွေများကောက်ခံခြင်းနှင့် သုံးငွေများသုံးစွဲရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊
စည်းမျဉ်းစည်ကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ နိုင်ငံတော် အကျိုး၊ ပြည်သူလူထုအကျိုးရှေးရှုပြီး ရငွေများပိုမိုရရှိရန်နှင့် သုံးငွေများ ခြိုးခြံ ချွေတာသုံးစွဲရန် ပိုလျှံအပ်ငွေများ များစွာဖြစ်ပေါ်ခြင်းမရှိရန်ရန်ပုံငွေတောင်းခံရာ တွင်လည်း အမှန်အကောင်အထည်ဖော်နိုင်မည့် ငွေကိုသာ တင်ပြတောင်းခံရေးကို ဌာနအဖွဲ့အစည်းများက အလေးထားလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
( ခ ) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါမှုလျှော့ချရေး ထောက်ပံ့ငွေများကို သုံးစွဲရာတွင် ကဏ္ဍအလိုက် အချိုးညီစွာ သုံးစွဲရန်လိုအပ်ပါသည်။
( ဂ ) နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းငွေများ ပေါ်ပေါက်နေခြင်းသည် ဌာနအဖွဲ့အစည်း တို့၏ ရငွေနှင့်သုံးငွေများ ကြီးကြပ်စီမံမှု အားနည်းနေကြောင်း ဖော်ပြနေသဖြင့် အဆင့်ဆင့် ကြီးကြပ်ရန် လိုအပ်ပါသည်။
(ဃ) စည်ပင်သာယာရေးအဖွဲ့များ၏ နိုင်ငံတော်ပြန်သွင်းငွေများ ပေါ်ပေါက်ရာတွင် ရငွေများ လျော့နည်းပေးသွင်းခြင်းအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ စိစစ်၍ လိုအပ်သလို အရေးယူဆောင်ရွက်ရန်လိုအပ်ပါသည်။
၂၂။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာအပေါ်မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းအဖွဲ့၏ ဆွေးနွေးတင်ပြချက်ကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်သွင်းအပ် ပါသည်။
ဥက္ကဋ္ဌ
ပြည်သူ့ငွေစာရင်းအဖွဲ့
မကွေးတိုင်းဒေသကြီးလွှတ်တော်