ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတပြောကြားသည့်မိန့်ခွန်း (၁-၃-၂၀၁၂ ရက်)
မိန့်ခွန်းများလေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၀ အရ ကျွန်တော့်အနေဖြင့် နိုင်ငံတော်၏မူဝါဒများ၊ တစ်နှစ်တာကာလအတွင်း မိမိအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ရှေ့တွင်ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များအား ဤလွှတ်တော်မှတစ်ဆင့် ပြည်သူများသိရှိစေရန် တက်ရောက်ပြောကြားခြင်းဖြစ်ပါတယ်။
ပထမဦးစွာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မိဘပြည်သူများအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများမှာရောက်နေကြတဲ့ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားအားလုံး၊ ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်တို့အစိုးရ အုပ်ချုပ်ရေးအာဏာလွှဲပြောင်းယူခဲ့တာ ဒီလဆိုရင် (၁)နှစ် တင်းတင်း ပြည့်မြောက်ပြီဖြစ်ပါတယ်။ ဒီလို(၁)နှစ်ပြည့် အခါသမယမှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများကတစ်ဆင့် ကျွန်တော်တို့ကို ယုံယုံကြည်ကြည်နဲ့ နိုင်ငံတော်အုပ်ချုပ်မှုအာဏာကို အပ်နှင်းထားခဲ့ကြတဲ့ မိဘပြည်သူများကိုဦးထိပ်ထားပြီး ကျွန်တော်တို့အစိုးရရဲ့ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်များနဲ့ပတ်သက်လို့ အကျဉ်းချုံးပြီးရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှာ ဒီကနေ့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးလမ်းကြောင်းသစ်ကို စနစ်တကျကူးပြောင်း တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို # Burma Spring $# Myanmar Spring $အစရှိတဲ့ အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခံနေရတာကိုလည်း ကျွန်တော်တို့သိရှိထားပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့တည်ငြိမ်မှန်ကန်တဲ့အသွင်ကူးပြောင်းမှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နားလည်မှုတွေ မြင့်မားလာနေပြီဖြစ်တဲ့အတွက် ယုံကြည်မှုတွေဆင့်ပွားဖြစ်ပေါ်လာအောင် ကျွန်တော်တို့ ဆက်လက်ကြိုးပမ်းကြရဦးမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဗဟိုပြုပြီး ဒီမိုကရေစီခေတ်သစ်စနစ်သစ်ကို ကူးပြောင်းနေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ ကျွန်တော်တို့ပြည်သူတွေရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ စစ်မှန်ခိုင်မာတဲ့ဒီမိုကရေစီနဲ့ လောကပါလတရားများထွန်းကားတဲ့ နိုင်ငံတော်သစ်တည်ဆောက်နိုင်ပြီလားလို့မေးရင် ကျွန်တော်တို့အများကြီးကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ရှေ့ဆက်ပြီး ခြေလှမ်းပေါင်းများစွာ လျှောက်လှမ်းကြရဦးမှာပါ။ ဒါဟာလည်း ဒီမိုကရေစီမြန်မာ့လူ့ဘောင်ကို တည်တံ့ခိုင်မာ ရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ့် ရေရှည်လုပ်ငန်းစဉ်ကြီး တစ်ရပ်လည်း ဖြစ်ပါတယ်။ (၁)နှစ်ပြည့်ကာလမှာ ကျွန်တော်တို့အစိုးရအနေနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့တာတွေရှိသလို စိန်ခေါ်မှုတွေလည်း အများအပြားတွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့(၁)နှစ်က ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့အစိုးရအပေါ် သံသယရှိနေသူတွေ၊ မယုံမကြည်ဖြစ်နေသူတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေဟာ ခေတ်အဆက်ဆက်၊ အစိုးရစနစ်မျိုးစုံကို တွေ့ကြုံခံစားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွေ့လုပ်ဆောင်ချက်တွေ၊ ပကတိအခြေအနေမှန်တွေကိုကြည့်ပြီး ကျွန်တော်တို့အစိုးရဟာ ဘယ်လိုအစိုးရမျိုးဖြစ်သလဲဆိုတာကို အကဲဖြတ်ကြမှာဖြစ်သလို၊ ဒီကနေ့ကျွန်တော်တို့အစိုးရ ဆောင်ရွက်နေတာဟာ နိုင်ငံတော်နဲ့ပြည်သူတွေရဲ့အနာဂတ်သမိုင်းကြောင်းအတွက်အထူးပဲအရေးကြီးလှတဲ့လမ်းကြောင်းသစ်အပေါ်မှာလျှောက်လှမ်းနေရတယ်ဆိုတာကိုလည်းကျွန်တော်တို့လေးလေးနက်နက် သိရှိနားလည်ခံယူထားပြီးဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရဟာ နောင်လာမယ့်နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်သလို အနာဂတ်သားစဉ်မြေးဆက်အတွက်လည်း သမိုင်းတွင်မယ့် စတင်ခြင်းအသစ်ဖြစ်လိမ့်မယ်ဆိုတာကို ကျွန်တော်တို့ခံယူထားပါတယ်။ ဒီကနေ့ ကျွန်တော်တို့အစိုးရရဲ့ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် အောင်မြင်မှု၊ ခိုင်မာမှု၊ ရေရှည် တည်တံ့မှုအပေါ်မူတည်ပြီး နောင်အစိုးရအစဉ်အဆက် ကောင်းမွေ၊ ဆိုးမွေခံစားကြရမယ် ဆိုတာကိုလည်း ကျွန်တော်တို့အလေးအနက် ခံယူထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်တည် ဆောက်ရေးဆိုရာမှာ ယခုလိုခေတ်တစ်ခေတ်ကနေ ခေတ်သစ်တစ်ရပ်ကို၊ စနစ်တစ်ခုကနေ စနစ်သစ်တစ်ခုကို ကူးပြောင်းနိုင်ရေးဆောင်ရွက်ရာမှာ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ စနစ်တကျနဲ့ခိုင်ခိုင်မာမာရှိမှုတို့ဟာ သိပ်ကိုအရေးကြီးပါတယ်။ မျက်မှောက်ခေတ် ကမ္ဘာ့ရေးရာအခြေအနေများနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ဟာ မိဘပြည်သူများအတွက် တစ်ကယ့်ကိုဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ၊ စံနမူနာသာဓကပြုဖွယ်ရာ အောင်မြင်တဲ့ကူးပြောင်းမှုကြီးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကိုရောက်ရှိ အောင် ဘယ်သူတွေဆောင်ရွက်ခဲ့တာလဲ။ ကျွန်တော်တို့ အစိုးရချည်းသက်သက်မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊လွှတ်တော်အရပ်ရပ်ကလွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့စတုတ္ထမဏ္ဍိုင်မီဒီယာတွေ၊တိုင်းရင်းသားခေါင်းဆောင်တွေ၊တပ်မတော်စတဲ့ သက်ဆိုင်ရာ Stakeholder တွေ အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဦးထမ်းပဲ့ထမ်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဓိကအကျဆုံးကတော့ ကျွန်တော်တို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသား၊ တိုင်းရင်းသားမိဘပြည်သူတွေပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့သမိုင်းကြောင်းမှာ အစဉ်အမြဲမော်ကွန်းတင်ကျန်ရစ်မယ့် သမိုင်းစာမျက်နှာသစ်လည်း ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးက စောင့်ကြည့်မှုတွေကြားမှာ မြန်မာ့ဒီမိုကရေစီ ခေတ်သစ်ကို လမ်းသစ်ဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေအားလုံး တက်ညီလက်ညီဖော်ဆောင်ခဲ့တဲ့ ဒီလမ်းကြောင်းမှန်ပေါ်မှာ ဆက်လက်လျှောက်လှမ်း ကြရမှာဖြစ်ပါတယ်။ နိုင်ငံသားအားလုံး နောက်ကြောင်းပြန်မလှည့်စတမ်း လျှောက်လှမ်းပြီး မတူညီတာတွေ ဖယ်ထားပြီး တူညီတာတွေ ပူးပေါင်းလုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့ ဒီမိုကရေစီဟာလည်း ခိုင်မာသည်ထက်ခိုင်မာ လာမှာဖြစ်ပါတယ်။
နာယကကြီး ခင်ဗျား-
ကျွန်တော်တို့အစိုးရ စတင်တာဝန်ယူခဲ့ချိန်မှာဘဲ မိဘပြည်သူတွေအားလုံး လိုလားတောင့်တနေခဲ့တဲ့ အဓိကဆန္ဒ(၂)ရပ်ကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆန္ဒက ကျွန်တော်တို့ပြည်သူတွေဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေထိုင်လိုကြပါတယ်။ မိဘပြည်သူတွေရဲ့ ဒီဆန္ဒကိုအခြေခံပြီး အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေး၊ ထာဝရငြိမ်းချမ်းရေးဆောင်ကြဉ်းရေးစတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ကျွန်တော်တို့အလေးပေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက် ပါဝင်နိုင်သူတွေအားလုံး ပါဝင်ခွင့်ရရှိရေးဆိုတဲ့ All Inclusive Political Process ကို ကျွန်တော်တို့ ကြိုးပမ်းတည်ဆောက်ခဲ့ပါတယ်။ ဒီကနေ့ဆိုရင် ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့၊ ကျွန်တော်တို့ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ဟာ သိသိသာသာအကောင်အထည်ပေါ်လာနေပြီ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းသစ် ပေါ်ထွန်းလာစေဖို့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန္ဒ၊ ကျွန်တော်တို့အစိုးရရဲ့ စစ်မှန်တဲ့စေတနာ၊ နိုင်ငံနဲ့ပြည်သူလူထုအကျိုးကို ဦးထိပ်ထားတဲ့ ခံယူချက် ဒါတွေနဲ့ ကျွန်တော်တို့ လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်းနိုင်ငံရေးအင်အားစု အားလုံးဟာ အခြေခံဥပဒေ မူဘောင်အတွင်းကနေ ဒီမိုကရေစီကျင့်စဉ်တွေကို လိုက်နာကျင့်သုံးပြီး ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် ပါဝင်ဆောင်ရွက်နိုင်ဖို့ စိတ်အားထက်သန်စွာ ကြိုးပမ်းလာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့နေရပြီဖြစ်ပါတယ်။
အလားတူပဲ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ပြီးကျွန်တော်တို့အစိုးရရဲ့(၁)နှစ်တာ ကာလသက်တမ်းအတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာသမိုင်းကြောင်းတစ်လျှောက်ပြန်ကြည့်ရင် (၁)နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်အကြိမ်ရေ အများဆုံးပေးခဲ့တဲ့ မှတ်တမ်းအသစ်လည်း ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလအတွင်းမှာ (၂)ကြိမ်တိုင်တိုင်ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လမ်းဖွင့်ကြိုဆိုဖိတ်ခေါ်ခဲ့တာနဲ့အညီ နယ်ပယ်အသီးသီးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက်မြန်မာတွေဟာလည်း တက်တက်ကြွကြွ စိတ်အား ထက်သန်စွာနဲ့ တတ်နိုင်သမျှဝိုင်းဝန်းကူညီဆောင်ရွက်လာကြတာကိုလည်း ဝမ်းမြောက်ဖွယ်ရာတွေ့ရှိရပါတယ်။ ဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာရင့်သန်ဖို့ ခိုင်မာတောင့်တင်းတဲ့ နိုင်ငံရေးမျိုးဆက်သစ်တွေ လိုအပ်ပါတယ်။ မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းအားလုံး Common Ground ရှာဖွေနိုင်ပြီး စုပေါင်းစွမ်းအားနဲ့ နိုင်ငံတည်ဆောက်သွားနိုင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးရဲ့အနာဂတ်နဲ့ တိုက်ရိုက်ဆက်စပ်လျက်ရှိနေပါတယ်။
ကျွန်တော်တို့လျှောက်လှမ်းနေတဲ့ All Inclusive Political Process မှာ ခေတ်အဆက်ဆက်က အခွင့်အရေးတွေ တောင်းဆိုနေကြတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေ ပါဝင်နိုင်ဖို့ အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ ဒီနိုင်ငံရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားတွေအားလုံး တန်းတူရည်တူပါဝင်ခွင့်ရရှိဖို့ မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ သွေးရင်းညီအစ်ကိုတိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည်မပေါ်ခဲ့တဲ့ အိပ်မက်၊ လွင့်ပြယ်ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်းဖြစ်ပါတယ်။ တစ်ဘက်နဲ့တစ်ဘက် ထိတွေ့ဆက်ဆံမှုတွေကင်းဝေးပြီး အထင်အမြင် လွဲမှားခဲ့တာတွေ ကျွန်တော်တို့အစိုးရလက်ထက်မှာ အဆုံးသတ်ပေးနိုင်ဖို့လိုပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားများနည်းတူ ဗမာဆိုတာဟာလည်း ပြည်ထောင်စုကြီးထဲက တိုင်းရင်းသားလူမျိုးတစ်စုဖြစ်ပါတယ်။ သာတူညီမျှအခွင့်အရေးကို အားလုံးမျှဝေရရှိကြဖို့၊ တန်းတူရည်တူဖြစ်ပေါ်လာဖို့ဆိုတဲ့ တိုင်းရင်းသားတွေရဲ့မျှော်မှန်းချက်ဟာ ကျွန်တော်တို့အစိုးရရဲ့လိုလားချက်လည်းဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦး မကြာသေးခင်က ပြောခဲ့တဲ့စကားလေး ကျွန်တော်ပြောပြချင်ပါတယ်။ (၁၈)နှစ်၊ (၁၉)နှစ်အရွယ်ရှိတဲ့လက်နက်ကိုင်တိုင်းရင်းသားလူငယ်တွေကပြောကြတယ်၊ကျွန်တော်တို့လည်း လက်ပ်တော့တွေ၊ ကွန်ပျူတာတွေကိုင်ချင်တယ်ဆိုတဲ့စကား။ ကျွန်တော် တစ်ကယ့်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်အခိုင်အမာ သန္နိဌာန်ချထားပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ ဒီလိုမယုံမရဲဖြစ်နေတဲ့ စိုးရွံ့မှုတွေမပျောက်ပျောက်အောင် ဖျောက်ပစ်ရပါမယ်။ ဒါဟာ ကျွန်တော်တို့အစိုးရရဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ဒဏ်ရာတွေ၊ စူးနစ်တဲ့အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့အိပ်မက်တွေ ကျွန်တော်တို့အားလုံး ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးအတွက် သမိုင်းပေးတာဝန်ကြီး တစ်ရပ်ဖြစ်ပါတယ်။ ဒီတာဝန်ကြီးဟာ ကျွန်တော်တို့အတွက် ခက်ခဲကြီးလေးတဲ့ တာဝန်ကြီးဖြစ်မယ်ဆိုတာလည်း ကျွန်တော်တို့ သိရှိနားလည်ထားပါတယ်။ ဒါပေမယ့် ဒီတာဝန်ကြီးကို အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက်အပြည့်အဝရှိပါတယ်။ အခုဆိုရင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံပြီးတဲ့အချိန်မှာ ဒီယုံကြည်ချက်ဟာ ပိုပိုပြီးခိုင်မာလာပြီ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးမှာ ယုံကြည်မှုဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေမရှိပါဘူး။ ကျွန်တော်တို့ ပင်လုံစိတ်ဓာတ်ကိုအခြေခံတဲ့ ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်းပြည်ပက မေးမြန်းနေကြတာတွေရှိပါတယ်။ မိဘပြည်သူတွေလည်း သိချင်နေကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင် တပ်မတော်ကို မိမိကိုယ်ကိုခုခံကာကွယ်ရုံကလွဲပြီးထိုးစစ်ဆင်တိုက်ခိုက်မှုတွေမလုပ်ဖို့ ညွှန်ကြားထားပြီးတဲ့အနေအထားမှာ ဘာဖြစ်လို့ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်သေးတာလဲဆိုတဲ့မေးခွန်းပါပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက်ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြောဖြစ်ပါတယ်။ ယနေ့မပြီးပြတ်သေးတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစ်ဘက်နဲ့တစ်ဘက်လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာမဟုတ်ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့လိုပါတယ်။ ဒီအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲကြမယ်ဆိုတဲ့ ခိုင်မာတဲ့အာမခံချက်၊ ကတိကဝတ်တွေ အပြန်အလှန်ထားရှိဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ဟာ ကျွန်တော်တို့အစိုးရနဲ့ ကချင်တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ တာဝန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ စစ်ဘေးသင့်တိုင်းရင်းသားတွေအတွက် ထောက်ပံ့ကူညီမှုတွေ၊ ပြည်လည်နေရာချထားရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေသလို ပြည်တွင်း၊ ပြည်ပနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက ပံ့ပိုးကူညီနိုင်အောင်လည်း လမ်းဖွင့်ဆောင်ရွက်ပေးနေပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် အဆင့်(၃)ဆင့်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ နှစ်ဖက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲဖို့၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင်ကြဖို့၊ ယင်းသတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်းမပြုဘဲသွားလာဖို့၊ နှစ်ဖက်ညှိနှိုင်း သဘောတူထားသည့်နေရာများမှာ ဆက်ဆံရေးရုံးတွေဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျင်းပပြုလုပ်မယ့် နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်းသတ်မှတ်ဖို့ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ မပါသေးပါဘူး။ ဒီအဆင့်ကို ပြီးမြောက်အောင်မြင်ဖို့ ငြိမ်းချမ်းရေးကို အမှန်တစ်ကယ်လိုလားတဲ့ စိတ်ရင်းစေတနာပဲ လိုအပ်မှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်စဲပြီး နိုင်ငံရေးဆွေးနွေးဖို့ နှစ်ဦးနှစ်ဖက်သဘောတူလိုက်တဲ့ အနေအထားပဲဖြစ်ပါတယ်။
ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆွေးနွေးရမယ့်အချက်တွေကတော့ ပြည်ထောင်စုကနေဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန် အရေးသုံးပါးကို လက်ခံဖို့၊ စီးပွားရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံရေးပါတီများထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့၊ လွှတ်တော်တွင်းရောက်ရှိလာလျှင် အခြားသောတိုင်းရင်းသားများနှင့် အကြေအလည်ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တစ်ခုတည်းသောလက်နက်ကိုင်တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး သဘောတူညီချက်ရရှိပြီဆိုရင် တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေစတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံးပါဝင်တဲ့ ဤလွှတ်တော်ကြီးမှာ သဘောတူလက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ ဤလွှတ်တော်ကြီးအတွင်းမှာပဲ ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေဆောင်ကြဉ်းမယ့် သံန္နိဌာန်ကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ စိုက်ထူကြရမှာဖြစ်ပါတယ်။ ဒီလိုထာဝရငြိမ်းချမ်းရေးပန်းတိုင်ကိုတက်လှမ်းကြရာမှာ နိုင်ငံတော်လည်း ပန်းတိုင်ရောက်၊ တိုင်းရင်းသားတွေလည်း ပန်းတိုင်ရောက်၊ နိုင်ငံသားအားလုံးလည်း ပန်းတိုင်ရောက်စေဖို့ အပြန်အလှန်နားလည်ယုံကြည်မှု၊ တန်းတူရည်တူရှိမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဒေါက်တိုင်ကြီး(၃)ရပ်နဲ့ တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့သဘောတူပြင်ဆင်ပြီး မိမိတို့ရဲ့လိုလားချက်တွေ ရရှိအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
ဒီအဆင့်(၃)ဆင့်ဟာ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မယ့် နိုင်ငံတော်ရဲ့ လမ်းပြမြေပုံပဲ ဖြစ်ပါတယ်။ ဒီလမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော်ရာမှာ အခြေခံအဆောက်အအုံတွေ၊ စီးပွားရေးအခွင့်အလမ်းတွေ၊ စက်မှုဇုန်တွေ၊ ပြန်လည်နေရာချထားမှုနဲ့ ပြန်လည်ထူထောင်တည်ဆောက်မှုတွေ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုအဆောက်အအုံတွေစတဲ့ နည်းဗျူဟာများစွာ ပါဝင်နေမှာဖြစ်ပါတယ်။ထာဝရငြိမ်းချမ်းရေးအရိပ်အာဝါသအောက်ကိုရောက်ရှိလာတဲ့ ကျွန်တော်တို့တိုင်းရင်းသားတွေ သိက္ခာရှိရှိရပ်တည်နိုင်တဲ့အထိ ကျွန်တော်တို့အစိုးရနဲ့အတူ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုပါတယ်။ သေနတ်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်ပြီး ထည်ထည်ဝါဝါရပ်တည်နေထိုင်နိုင်ဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးပမ်းသွားကြမှာဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းတဲ့ နေရာမှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့ကူညီမှုတွေ ဖိတ်ခေါ်ကြိုဆိုပြီး ဘက်စုံထောင့်စုံဖြည့်ဆည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ခံယူချက်ဖြစ်တဲ့ တန်းတူညီမျှရေးနဲ့အညီ တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်မှီတင်းနေထိုင်တဲ့ ကျွန်တော်တို့ပြည်ထောင်စုကြီးဟာ ဒီ Diversity ကြန်အင် လက္ခဏာတွေကို ဂုဏ်ယူဝင့်ကြွားစွာမြှင့်တင်ပေးရမှာဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရဟာ ပြည်သူလူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့အကျိုးထမ်းဆောင်ရမယ့် ပြည်သူ့အစိုးရဖြစ်တာနဲ့အညီ မိဘပြည်သူအားလုံး လိုလားတောင့်တနေခဲ့တဲ့ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးဆိုတဲ့ သမိုင်းပေးတာဝန်ကြီးကို ကျွန်တော်တို့အားသွန်ခွန်စိုက် ဆောင်ရွက်နေပါတယ်။ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းရဲ့ တိုက်တွန်းမှု၊ ဖိအားပေးမှုကြောင့် ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ပြည်သူတွေရဲ့ဆန္ဒကို ကျွန်တော်တို့အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နာယကကြီး ခင်ဗျား-
ထာဝရငြိမ်းချမ်းရေးနှင့်အတူ အရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းစဉ်ကတော့ မြန်မာ့စီးပွားရေး အမြန်ဆုံးဦးမော့လာရေးပဲ ဖြစ်ပါတယ်။ မိဘပြည်သူအားလုံးရဲ့ ဒုတိယဆန္ဒကတော့ ကျွန်တော်တို့နိုင်ငံကို စီးပွားရေးကောင်းမွန်ပြီး ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံကြီးဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရလက်ထက်မှာ နိုင်ငံတော်အခြေအနေနဲ့ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာအောင် မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရေတိုရေရှည်လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးအခြအနေ မတည်မငြိမ်ဖြစ်နေသေးတဲ့၊ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားခြင်းမရှိသေးတဲ့၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေ ခိုင်မာအားကောင်းပြီး ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးတဲ့ အချိန်အခါမှာ နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြရမှာ အဆင်ပြေလွယ်ကူစေဖို့ ဦးတည်ချက်ထားပြီး လုပ်ငန်းလိုင်စင်တွေ၊ ပို့ကုန်၊ သွင်းကုန်လိုင်စင်တွေ လျင်လျင်မြန်မြန်ရရှိလာအောင် အလေးထား ဆောင်ရွက်ခဲ့ပါတယ်။ ပို့ကုန်နဲ့ဆက်စပ်တဲ့ အခွန်အကောက်တွေကိုလည်း လျှော့ချဖယ်ရှားပေးခဲ့ပါတယ်။ ခေတ်စနစ်နဲ့မကိုက်ညီတော့တဲ့ နိုင်ငံခြားငွေလဲလှယ်မှု နှုန်းထားကိုလည်း ပြင်ပအခြေအနေနဲ့အညီ ယာယီပြောင်းလဲသတ်မှတ်ပေးခဲ့သလို တစ်ချိန်တည်းမှာပဲ တည်ငြိမ်မှန်ကန်ပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို မထိခိုက်စေတဲ့ ငွေလဲလှယ်မှုနှုန်းထားတစ်ရပ် ရေရှည်ခိုင်ခိုင်မာမာထူထောင်နိုင်အောင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ နိုင်ငံတကာငွေးကြေးအဖွဲ့အစည်းများနဲ့ နီးနီးကပ်ကပ်ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ မလိုအပ်တဲ့ အပိုကုန်ကျစရိတ်တွေ လျော့နည်းသက်သာစေအောင်လဲ အုပ်ချုပ်ရေးယန္တရားရဲ့ အတားအဆီးတွေကို ဖယ်ရှားပေးခဲ့ရာမှာ ဆန်စပါး လွတ်လပ်စွာတင်ပို့ခွင့်၊ စက်သုံးဆီဈေးနှုန်း၊ တယ်လီဖုန်းဈေးနှုန်း၊ မော်တော်ကား ဈေးနှုန်းတွေ သိသိသာသာကျဆင်းသွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီး Transactional Cost တွေ လျော့နည်းကျဆင်းသွားအောင် ဆောင်ရွက်နေပါတယ်။ လက်ရှိပြည်သူများအကြားမှာ စိတ်ဝင်စားမှုအထူးပဲမြင့်တက်နေတဲ့ ငါးထောင်တန် မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်လို့လည်း ပြည်သူ့ဆန္ဒ၊ လိုလားချက်များနဲ့အညီ အကောင်းဆုံးနည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေး ယန္တရားစနစ်တွေ ပီပီပြင်ပြင်ဖြစ်ပေါ်လာအောင် လိုအပ်တဲ့ဥပဒေတွေပြင်ဆင်ရေးဆွဲဖို့ ဆောင်ရွက် နေပြီဖြစ်ပါတယ်။ သယ်ယူပို့ဆောင်ရေးစရိတ်စကတွေ လျော့နည်းစေရေးအတွက်လည်း ရေရှည်ကာလမှာ မော်တော်ကားဈေးနှုန်းတွေကို နိုင်ငံတကာနည်းတူ လျော့ကျလာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
စီးပွားရေးနယ်ပယ်မှာ ပုဂ္ဂလိကလုပ်ကိုင်နိုင်စွမ်း မြှင့်တင်ပေးနေသလို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း စွမ်းဆောင်ရည်မြင့်မားလာအောင်ဖွဲ့စည်းတည်ဆောက်မှု အပြောင်းအလဲတွေ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အရင်းအနှီးဈေးကွက်၊ ငွေကြေးဈေးကွက် ထွန်းကားရှင်သန်လာအောင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်မှုများ ဆောင်ရွက်နေပြီဖြစ်သလို အများပိုင်ကုမ္ပဏီတွေ တိုးပွားရှင်သန်လာအောင်လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ခိုင်မာအားကောင်းလာအောင် မြှင့်တင်ပျိုးထောင်ပေးနေသလို အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းရှင်တွေ အရင်းအနှီး၊ နည်းပညာတိုးမြှင့်ရရှိစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ် ခြယ်လှယ်ချုပ်ကိုင်ထားတာတွေ လျော့နည်းကျဆင်းသွားပြီး နိုင်ငံသားတိုင်း လက်လှမ်းမီရယူသုံးစွဲနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြောင်းလဲရာမှာလည်း လူတစ်စု လက်ဝယ်သို့မရောက်ရှိစေဖို့၊ မညီမျှမှုများမဖြစ်ပေါ်စေဖို့၊ စွမ်းရည်မြှင့်တင်မှုကို အဟန့်အတားမဖြစ်စေဖို့ အဘက်ဘက်ကသုံးသပ်ပြီး ဆောင်ရွက် နေပါတယ်။ ပွင့်လင်းမြင်သာမှုရှိပြီး ကြိုတင်ခန့်မှန်းနိုင်တဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တွေ ထွန်းကားရှင်သန်လာအောင်၊ စီးပွားရေးလုပ်ငန်းတွေ ထူထောင်လုပ်ကိုင်ရလွယ်ကူပြီး ယှဉ်ပြိုင်နိုင်စွမ်းတိုးတက်မြင့်မားစေမယ့် စီမံကိန်းတွေကိုလည်း ချမှတ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်မှာ ပြည်တွင်း၊ ပြည်ပတတ်သိပညာရှင်များရဲ့ တန်ဖိုးကြီးမားတဲ့ အကြံဉာဏ်တွေကို အလေးအနက်ထားပြီးပုဂ္ဂလိကကဏ္ဍရဲ့ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကတော့ လူတန်းစားတစ်ခုတည်း၊ အသိုင်းအဝိုင်းတစ်ခုတည်း တိုးတက်ကြီးပွားစေရေးမဟုတ်ဘဲ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းကြီး တစ်ခုလုံးအတွင်းမှာရှိတဲ့ အလွှာအားလုံး၊ လူတန်းစားအားလုံး၊ နိုင်ငံသားအားလုံး လွှမ်းခြုံပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာပဲဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်ရုံသာမက၊ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းတွေမြင့်မားလာဖို့၊ ရရှိခံစားနေတဲ့ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးအစရှိတဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေ တိုးတက်မြင့်မားလာဖို့၊ ဖွံ့ဖြိုးတိုးတက်မှုကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်မဆုံးရှုံးစေဖို့အထိ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ လူတန်းစားအရေအတွက် တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နေသလိုပဲ အောက်ခြေပြည်သူများအတွက်လည်း တစ်ဦးချင်းဝင်ငွေမြင့်မားလာဖို့၊ အလုပ်အကိုင် အခွင့်အလမ်းတွေတိုးပွားလာဖို့အတွက် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ စတဲ့ နယ်ပယ်အသီးသီးမှာ တစ်မျိုးသားလုံးရဲ့ စီးပွားရေးအဆောက်အအုံကြီးတစ်ခုလုံး ဟန်ချက်ညီတိုးတက်လာဖို့ ပြည်တွင်း၊ ပြည်ပ အရင်းအနှီး၊ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှုတွေကို ဖိတ်ခေါ်စုစည်းပြီး ညီညွတ်မျှတပြီး သဟဇာတဖြစ်တဲ့ စီးပွားရေးပတ်ဝန်းကျင်သစ်တစ်ရပ်ကို ဖော်ဆောင်နေတာဖြစ်ပါတယ်။
နာယကကြီး ခင်ဗျား-
ကျွန်တော်နှင့်တကွ ဒုတိယသမ္မတ(၂)ဦးနဲ့ တပ်မတော်ခေါင်းဆောင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေ၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဘက်က တာဝန်ရှိ ပုဂ္ဂိုလ်များအားလုံးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင် လိုတဲ့စိတ်ဆန္ဒတွေ တစ်စိတ်တည်း တစ်ဝမ်းတည်းပဲ ရှိနေပါတယ်။ ဒီကနေ့ ကျွန်တော်တို့အစိုးရကို နေရာအနှံ့က အမျိုးမျိုးအဖုံဖုံ ဝေဖန်ပြောကြားနေကြတာတွေလည်း ကျွန်တော်တို့ သိရှိထားပါတယ်။ အပြုသဘောမဆောင်တဲ့ ကောလဟာလတွေလည်း ကျွန်တော်တို့ ကြားသိနေပါတယ်။ ကျွန်တော်တို့အစိုးရဟာ အများပြောနေကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြားနေတာမရှိပါဘူး။ လူတစ်ဦးချင်းစီရဲ့ ဗီဇ၊ စရိုက်၊ အမူအကျင့်တွေပေါ်မှာမူတည်ပြီး စီမံခန့်ခွဲမှုကွဲပြားခြားနားတာကလွဲလို့ ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည်စွာဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ခေတ်သစ်၊ စနစ်သစ်တစ်ခုကို ကူးပြောင်းရုံသာမက ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ဒီမိုကရေစီလူ့အဖွဲ့အစည်းကြီးအဖြစ် ပြောင်းလဲမြှင့်တင်ပုံဖော်နေကြရတဲ့အချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ခိုင်မာအားကောင်း တောင့်တင်းနေဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေးတာဝန်ကို ပခုံးထမ်းထားရတဲ့ အစိုးရအဖွဲ့ဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် တည်တည်ငြိမ်ငြိမ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ ဖော်ဆောင်သွားနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့လျှောက်လှမ်းတဲ့ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ ခိုင်မာရင့်မာဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ကက်ဘိနက် အစည်းအဝေးတွေရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မလိုအပ်တဲ့အချိန်ကုန်မှုတွေကို အနည်းဆုံးအဆင့်အထိလျှော့ချပြီး နိုင်ငံတော်နဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ သက်ဆိုင်ရာအစိုးရဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ပြည်နယ်/တိုင်းဒေသကြီးအစိုးရများအနေနဲ့လည်း အစည်းအဝေးတွေဆက်တိုက်ကျင်းပပြီး အချိန်ကုန်မနေကျဘဲ ပြည်သူ့ရေး ရာဝန်ဆောင်မှုတွေကို စွမ်းအားကုန်ဖြည့်ဆည်းပေးပြီး ပြည်သူလူထု စိတ်ကျေနပ်မှု၊ စိတ်ချမ်းသာမှုကို ရှေ့ရှုဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုဆိုတဲ့ အမျိုးသားရေးစိန်ခေါ်မှုကြီးဟာ ခေတ်စနစ်နဲ့အတူ ပေါက်ဖွားရှင်သန်လာခဲ့တာ ဖြစ်တဲ့အတွက် ခေတ်ပြောင်း၊ စနစ်ပြောင်းမှာ စိတ်ဓာတ်၊ ခံယူချက်၊ ကျင့်ဝတ်၊ လုပ်ငန်းခွင်၊ သက်သာချောင်ချိရေး၊ ပြန်လည်စောင့်ကြည့်ရေး၊ တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အသိအမြင် မြှင့်တင်ရေး အစရှိတဲ့ ဘက်စုံချဉ်းကပ်မှု နည်းလမ်းတွေနဲ့ ပညာပေးခြင်း၊ စည်းရုံးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အဆင့်အထိ အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖွဲ့စည်းတည်ဆောက်ရာမှာ ခေတ်အဆက်ဆက်စူးဝင်နေခဲ့တဲ့ ဆူးချွန်တွေကို ဖယ်ရှားပစ်ဖို့ ခိုင်မာတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြောင်းလဲတည်ဆောက် ရတာဖြစ်ပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်းလုပ်ငန်းစဉ် ပီပြင်ခိုင်မာလာတာနဲ့အမျှ အဂတိ လိုက်စားမှုတွေ သိသိသာသာ လျော့နည်းပပျောက်သွားစေမှာ ဖြစ်တဲ့အတွက် အုပ်ချုပ်ရေးယန္တရား ပြန်လည်ဖွဲ့စည်းတည်ဆောက်မှုကို အချိန်ယူပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။
လက်ရှိနိုင်ငံတော်ရဲ့ ငွေရေးကြေးရေး အခြေအနေ၊ ပြည်ပြွေကးမြီ၊ ဘတ်ဂျတ် လိုငွေ စတဲ့ မက်ခရိုစီးပွားရေး အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီး အခြေအနေအချိန်အခါ သင့်ရင်သင့်သလို လစာ၊ စရိတ်တွေတိုးမြှင့်ပေးနိုင်အောင်လည်း ကြိုးစားဆောင်ရွက်ပေး သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့ဟာ စတင်လွှဲပြောင်းရယူချိန်ကစပြီး မြင့်မားတဲ့လစာနှုန်းထားတွေကို ရယူခံစားခြင်းမပြုဘဲ ယခင်အစိုးရလက်ထက်က နှုန်းထားအတိုင်း ရယူခံစားနေကြသူတွေဖြစ်ပါတယ်။ လူတန်းစားကွာဟချက်တွေ၊ ဆင်းရဲနွမ်းပါးမှုတွေ ကြီးကြီးမားမားတည်ရှိနေသေးပြီး ပြည်သူတစ်ဦးချင်းဝင်ငွေ နိမ့်ကျနေသေးတဲ့ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ဟာပြည်သူ့ဝန်ထမ်းတွေဖြစ်တာနဲ့အညီ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေ အပြည့်အဝဖြည့်ဆည်းနိုင်အောင်၊ မိမိတို့ကြောင့်ဖြစ်ပေါ်ရတဲ့ အပိုကုန်ကျစရိတ်တွေ လျော့နည်းပပျောက်သွားအောင် စိတ်ရင်းစေတနာအရင်းခံပြီး ထမ်းဆောင်သွားကြဖို့ ပြောကြားလိုပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရဝန်ထမ်း အရေအတွက်စုစုပေါင်းဟာ တစ်နိုင်ငံလုံးလူဦးရေရဲ့ (၃.၃)ရာခိုင်နှုန်းခန့် ရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးဖြစ်တာနဲ့အညီ အစိုးရဝန်ထမ်းမဟုတ်သော သာမန်လက်လုပ်လက်စားပြည်သူ (၉၆.၇)ရာခိုင်နှုန်းခန့်ကိုလည်း ပြန်လည်ငဲ့ကွက်ဖို့ လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေးဆွေးနွေးမှုကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက်တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ခံသာပေမဲ့ အစိုးရဝန်ထမ်းမဟုတ်တဲ့ (၅၈)သန်းသော ပြည်သူတွေဟာ ဒီနောက်ဆက်တွဲအကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ရမှာဖြစ်ပါတယ်။ ကိုယ့်ယန္တရားတစ်ရပ်တည်းကိုပဲ အလေးပေးစဉ်းစားလို့မဖြစ်တဲ့အခြေအနေမှာ ကျွန်တော်တို့အနေနဲ့ လစာသို့မဟုတ် ထောက်ပံ့ကူညီမှုတွေတိုးမြှင့်ဆောင်ရွက်နိုင်ဖို့ ခြုံငုံစဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရ နိုင်ငံတော်တာဝန်စတင်ရယူချိန်ကစပြီး ကျေးလက်ဒေသမှာ ရှိတဲ့ မိဘပြည်သူတွေ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာရှိတဲ့ မိဘပြည်သူတွေအတွက် ဦးစားပေးအဆင့် အမြင့်ဆုံးချမှတ်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီတာဝန်ဟာ ပါးစပ်ကပြောသလောက် မလွယ်ကူဘဲ လက်တွေ့အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့အတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့နည်းလမ်းသစ်နဲ့ ကျွန်တော်တို့ မြေစမ်းခရမ်းပျိုး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှုဆိုတာ ရေတိုကာလအတွင်း လျင်လျင်မြန်မြန်တိုက်ဖျက်သွားနိုင်ဖို့ မလွယ်ကူမှန်းသိပေမယ့်လည်း ဆင်းရဲနွမ်းပါးတဲ့ မိဘပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ၊ ကျန်းမာရေး၊ လူမှုဖူလုံရေး စတဲ့ လူသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်ရပ် တည်နိုင်ဖို့အတွက် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ပုဂ္ဂလိက၊ NGO ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီကိုရယူပြီး ကုလသမ္ဂအဖွဲ့အစည်းရဲ့ ထောင်စုနှစ် ရည်မှန်းချက်များနှင့်အညီ ကျွန်တော်တို့နိုင်ငံမှာ (၂၆)ရာခိုင်နှုန်းရှိနေတဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းထားကို ၂၀၁၅ ခုနှစ်ရောက်ရင် (၁၆)ရာခိုင်နှုန်းအထိလျှော့ချနိုင်ဖို့၊ LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီ(၂၆)ရာခိုင်နှုန်းသော ပြည်သူများရဲ့အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး ယူနီဗာဆယ် ကျန်းမာရေးအာမခံစနစ်သစ်တစ်ရပ် ပေါ်ထွန်းလာဖို့လည်း ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လယ်ယာကဏ္ဍပြင်ပ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာအောင်လည်း ဒေသအနေအထားပေါ်မူတည်ပြီး စက်မှုလုပ်ငန်းတွေထွန်းကားလာအောင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေမှာ ထည့်သွင်းတွက်ချက်ပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီစီမံကိန်းတွေမှာလည်း ကျွန်တော်တို့ရဲ့ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေး လုပ်ငန်းစဉ်အရ ပြန်လည်ရင်ကြားစေ့လာမယ့် တိုင်းရင်းသားလူငယ်တွေရဲ့ အနာဂတ်ကိုလည်း ခြုံငုံချိတ်ဆက်ပါဝင်နိုင်အောင် ဆောင်ရွက်နေပါတယ်။
ရေတိုကာလမှာ ရသင့်ရထိုက်တဲ့အခွန်အခတွေ တိုးမြှင့်ရရှိလာအောင် ဆောင်ရွက်ရာမှာ မိဘပြည်သူများရဲ့လူမှု-စီးပွားဘဝများကို မထိခိုက်စေအောင် အဘက်ဘက်မှ ခြုံငုံသုံးသပ်ပြီး ဆောင်ရွက်နေသလို နိုင်ငံတော်ရဲ့ ယိုပေါက်၊ ဟာပေါက်တွေ ပိတ်နိုင်အောင်လည်း ကောင်းမွန်သောအုပ်ချုပ်မှုနဲ့ ထိန်းကျောင်းဆောင်ရွက်သွားနေပြီ ဖြစ်ပါတယ်။ ရေရှည်ကာလမှာတော့ ညီမျှမှု Equality နဲ့ မျှတမှု Fairness ဆိုတဲ့ အနေအထား(၂)ရပ်ကြားမှာ လိုက်လျောညီထွေဖြစ်စေမဲ့ အခွန်ဥပဒေတစ်ရပ်ကို ခေတ်စနစ်နဲ့သာမက မိဘပြည်သူများရဲ့ ပကတိအခြေအနေမှန်နဲ့အညီ တစ်ဦးချင်းဝင်ငွေနိမ့်ကျတဲ့ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေအောင် ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံသားတိုင်းအခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အလုပ်လုပ်နိုင်တဲ့နိုင်ငံသားတိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်အောင် မြန်နိုင်ငံတစ်နံတစ်လျားမှာ စက်မှုဇုန်တွေထူထောင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အရှိန်အဟုန်နဲ့စီးဝင်လာအောင် ဆောင်ရွက်နေပြီဖြစ်သလို ဒီရင်းနှီးမြှုပ်နှံမှုတွေကို ခိုင်ခိုင်မာမာအကာအကွယ်ပေးနိုင်အောင်လဲ ကျွန်တော်တို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်ရာမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ထူထောင်တည်ဆောက်နေတာဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာရေးနဲ့ မြန်မာ့စီးပွားရေးဦးမော့လာရေးအတွက် အဓိကအရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီ ဖော်ဆောင်နေပြီဖြစ်ပါတယ်။ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာမှာ ခေတ်စနစ်နဲ့ညီတဲ့သင်ရိုးညွှန်တမ်းတွေကိုသာမကစီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲရေးကိုပါ ဒွန်တွဲဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကောလိပ်၊ တက္ကသိုလ်တိုင်း သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေမှာဖြစ်သော်လည်း တစ်ချိန်မှာ မိမိတက္ကသိုလ်နဲ့ မိမိ စီမံအုပ်ချုပ်ပိုင်ခွင့်ရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။အခြေခံပညာစာသင်ကျောင်းတိုင်းမှာ စာကြည့်တိုက်တွေရှိရမှာဖြစ်သလို ကောလိပ်၊ တက္ကသိုလ်တွေအားလုံးမှာလည်း သမာရိုးကျစာကြည့်တိုက်တွေသာမက နိုင်ငံတကာ အဆင့်မြင့်တက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ထားတဲ့အွန်လိုင်းစာကြည့်တိုက်တွေရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အသိပညာအခြေခံတဲ့စီးပွားရေးစနစ်ကို မျှော်မှန်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ဆရာ၊ ဆရာမများရဲ့အရည်အချင်းကို မြှင့်တင်ရမှာဖြစ်သလို စာသင်ကျောင်းတွေရဲ့ အရည်အသွေးကိုလည်း စဉ်ဆက်မပြတ်မြှင့်တင်ပေးသွားမှာဖြစ်ပါတယ်။ နည်းပညာခေတ်၊ ပညာခေတ်မှာ ကျွန်တော်တို့နိုင်ငံ နောက်ကျကျန်ရစ်ခဲ့တဲ့ Digital Divide ကို လျော့နည်းပပျောက်စေရန်လည်း အင်တာနက်ချိတ်ဆက်မှုတွေ၊ လက်တွေ့အသုံးချ Telecommunication ကွန်ယက်တွေ မြှင့်တင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမယ့်ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးကဏ္ဍမှာ ယခင်ထက် လေးဆတိုးမြှင့်သုံးစွဲပြီး ပညာရေးကဏ္ဍမှာ ယခင်ထက်နှစ်ဆ တိုးမြှင့်သုံးစွဲထားဖို့ လျာထားနေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အခြေခံခိုင်မာလာပြီး နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ တိုးတက်မြင့်မားလာတာနဲ့အမျှ ရေမြင့်ကြာတင့်ဆိုသလို လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအားပေးမြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရလက်ထက်မှာ သဘာဝအရင်းအမြစ်ထုတ်ယူရေးကို အခြေခံတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေရဲ့နေရာမှာ ကုန်ထုတ်လုပ်မှုကိုအခြေခံတဲ့ ပြည်ပရင်းနှီးမြှုပ်တွေ အစားထိုးဝင်ရောက်လာအောင် မူဝါဒအသစ်များချမှတ်ပြီး ပြည်တွင်း၊ ပြည်ပတတ်သိပညာရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ဆောင်ရွက်နေပါတယ်။ မက်ခရိုစီးပွားရေး ခိုင်မာကောင်းမွန်အောင် တစ်ဘက်ကတည်ဆောက်နေသလို တစ်ဘက်ကလည်း အခြေခံအဆောက်အအုံ၊ လူသားအရင်းအမြစ်၊ ကျွမ်းကျင်လုပ်သား၊ နည်းပညာမြှင့်တင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တရားဥပဒေအခြေခံ ဖွဲ့စည်းတည်ဆောက်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးနယ်ပယ်၊ ပုဂ္ဂလိကပါဝင်မှု အချိုးအစားမြှင့်တင်ရေးအစရှိတဲ့ ဘက်စုံလွှမ်းခြုံပါဝင်တဲ့ အစီအမံများကို ရေတိုရေရှည်ချမှတ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံအသွင်ကူးပြောင်းရေး၊ နိုင်ငံတော်သစ်တည်ဆောက်ရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး လိုက်ပါမြင့်တက်လာရေးစတဲ့ တာဝန်ကြီး(၃)ရပ်ကို တစ်ချိန်တည်းတစ်ပြိုင်တည်းမှာ ဆောင်ရွက်နေရတာဖြစ်ပါတယ်။
ကျွန်တော်တို့အစိုးရမျှော်မှန်းတဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်မှုဟာ Environmentally Sustainable ဖြစ်ရပါမယ်၊ Socially Sustainable ဖြစ်ရပါမယ်၊ Environmentally Sustainable ဖြစ်ရမယ်ဆိုတဲ့ အခြေခံမူဝါဒကြီး(၃)ရပ် ချမှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက် နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုရော၊ ပြည်ပ ထောက်ပံ့ ကူညီမှုတွေကိုပါ ထိထိရောက်ရောက်ဖြည့်ဆည်းပေးနိုင်ဖို့လည်း တံခါးဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနေနဲ့လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ကူညီမှု(၁)ဒေါ်လာပြုလုပ်တိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရှင်သန်ခိုင်မာရေး၊ မြန်မာပြည်သူများရဲ့အကျိုးစီးပွားတိုးတက်မြင့်မားရေးအတွက်(၁)ဒေါ်လာထည့်ဝင်ရာရောက်တဲ့အတွက်ဒီမိုကရေစီအသွင်ကူးပြောင်းစ ကျွန်တော်တို့နိုင်ငံ နောက်ပြန်လန်ကျမသွားစေဖို့ အခြေအနေမှန်များကို နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်ပြီး ကူညီဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါတယ်။
နာယကကြီးခင်ဗျား –
ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ အရေးကြီးဆုံးကတော့ အရပ်ဘက်လူ့အဖွဲ့အစည်းခိုင်မာအားကောင်းလာရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တိုင်းရင်းသားလူမျိုးတွေဟာ ဘာသာရေးရဲ့အဆုံးအမနဲ့အတူ ယဉ်ကျေးမှုအရ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေခဲ့တဲ့ ပရဟိတစိတ်ဓာတ်ဆိုတာ ရှိနေပါတယ်။ သာရေး၊ နာရေးကအစ အရေးပေါ်ကယ်ဆယ်ရေးမှသည် စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အရှိန်အဟုန်နဲ့ ပေါ်ထွန်းလာနေတာကိုလည်း ဝမ်းမြောက်ဖွယ်ရာတွေ့မြင်နေရပြီ ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းတွေ၊ အသင်းအဖွဲ့တွေစနစ်တကျ ဖြစ်ထွန်းအောင်မြင်လာနေတာဟာလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီရှင်သန်ခိုင်မာရေးမှာ ဒီအရပ်ဘက်လူ့အဖွဲ့အစည်းတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတာဖြစ်ပါတယ်။ အားနည်းသူတွေ အကာအကွယ်ပေးရေးမှာလည်း ဥပဒေနဲ့အညီ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင်မယ့် လူတန်းစားသမဂ္ဂ၊ အဖွဲ့အစည်းတွေ စနစ်တကျ ပေါ်ထွက်လာအောင်လည်း ကျွန်တော်တို့ဆောင်ရွက်နေပြီဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ နိုင်ငံသားများရဲ့ မူလအခြေခံအခွင့်အရေးတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့အတွက်လည်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို စနစ်တကျ ဖွဲ့စည်းထူထောင်ပြီး ဆောင်ရွက်နေပြီဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်များအနေနဲ့ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်မှုနဲ့တာဝန်ယူမှုကို မျှမျှတတထိန်းကျောင်း ဆောင်ရွက်သွားနိုင်စေဖို့#အမျိုးသားစာနယ်ဇင်းကောင်စီ$ကို ဖွဲ့စည်းထူထောင် ဆောက်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ပြတ်ကျန်နေရစ်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ ခေတ်သစ်၊ စနစ်သစ်မှာ နိုင်ငံတကာနဲ့ ပိုမိုပေါင်းစည်းရေး ကြိုးပမ်းဆောင်ရွက်ရာမှာ ကျွန်တော်တို့ ဘိုး၊ ဘွား၊ ဘီ၊ ဘင်တွေ ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ တိုင်းရင်းသားအားလုံးရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ အနုပညာ၊ သဘင်၊ စာပေ၊ ဂီတ၊ သုခုမ အစရှိတဲ့ မြန်မာ့တန်ဖိုးတွေ ပျောက်ပျက်မသွားစေဖို့၊ ကျွန်တော်တို့ တိုင်းရင်းသားအားလုံးရဲ့ မြန်မာ့တန်ဖိုးမှာရှိတဲ့ ဆော့ဖ်ပါဝါကို ပိုမိုခိုင်မာ အားကောင်းလာအောင်ဆောင်ရွက်ဖို့ ကြိုးပမ်ဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ သဘင် အစရှိတဲ့ မြန်မာ့တန်ဖိုးမြှင့်တင်ရာမှာ အဓိကကျတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေအနေနဲ့လည်း ပြောင်းလဲလာတဲ့ ခေတ်သစ်၊ စနစ်သစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်နွယ် ပေါင်းစည်းမှုမှာ မြန်မာ့တန်ဖိုးတွေ ပျောက်ပျက်မသွားရအောင်၊ မြန်မာ့တန်ဖိုးတွေ ထွန်းလင်းတောက်ပလာအောင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။
နာယကကြီးခင်ဗျား –
ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးရဲ့ ပဋိညာဉ်မူဘောင်ကြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အာဏာ(၃)ရပ်ကို အညီအမျှခွဲဝေပေးထားတာဖြစ်ပါတယ်။ ဒီအာဏာကြီး(၃)ရပ်ကို အညီအမျှခွဲဝေကျင့်သုံးပြီး စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ကျွန်တော်တို့မိဘပြည်သူတွေနဲ့ တပ်မတော်တို့ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နားလည်မှုရှိရှိ၊ ယုံကြည်မှုရှိရှိ ဆက်လက်ဆောင်ရွက် သွားကြမယ်ဆိုရင် ကျွန်တော်တို့အားလုံးမျှော်မှန်းထားတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို ရောက်ရှိလာမှာဖြစ်ပါတယ်။ လွတ်လပ်ပြီး လူသား ဂုဏ်ရည်မြင့်မားတဲ့ ဒီမိုကရေစီလူ့ဘောင်ကြီးဖြစ်ပေါ်လာရေးအတွက် အခြေခံအကျဆုံးကတော့ ဥပဒေစိုးမိုးရေးပဲဖြစ်ပါတယ်။ ကျွန်တော်တို့လွှတ်တော်အရပ်ရပ်က ဥပဒေတွေ ရေးဆွဲပြဋ္ဌာန်း၊ ဒီဥပဒေတွေနဲ့အညီ ကျွန်တော်တို့အစိုးရကအုပ်ချုပ်၊ ဒီဥပဒေတွေနဲ့အညီ တရားစီရင်ရေးမဏ္ဍိုင်က လိုက်နာဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ Rule of Law ရှိရပါမယ်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြရာမှာ Rule of Lawရှိရပါမယ်။ လူမှုဖူလုံရေးအတွက်လည်း Rule of Law ရှိရပါမယ်။ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာလည်း Rule of Law ရှိရပါမယ်။ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးမှာလည်း Rule of Law ရှိရပါမယ်။ တရားစီရင်ရေးမှာလည်း Rule of Law ရှိရပါမယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး Rule of Law နဲ့အညီ ဆောက်ရွက်နိုင်ပြီဆိုရင် လူ့အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန်လာမှာဖြစ်တဲ့အတွက် နိုင်ငံတည်ဆောက်ရေးအဆင့်ဆင့်ခိုင်မာရေးဟာ Rule of Law ပေါ်မှာ မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာရှိနေကြတဲ့ ကျွန်တော်တို့အားလုံးဟာလည်း ဒီမိုကရေစီနိုင်ငံနဲ့ထိုက်တန်တဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ ခေတ်ပြောင်းသွားပြီ၊ စနစ်ပြောင်းသွားပြီဆိုတာကို အားလုံးကယုံယုံကြည်ကြည် လက်ခံနိုင်ပြီဆိုရင် နောက်ကြောင်းက အတွေးအခေါ်တွေ၊ အမူအကျင့်တွေဟာလည်း အပြန်အလှန်ထိန်းကျောင်းမှုနဲ့ တဖြည်းဖြည်းချင်း ပပျောက်သွားမှာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်တွေပြောင်းလဲစေဖို့ Rule of Law နဲ့ အားဖြည့်ပေးရပါမယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက ဝိုင်းကူကြရပါမယ်။ တန်းတူရည်တူ၊ သာတူညီမျှ စိတ်ထားတွေနဲ့ တိုင်းရင်းသားညီအစ်ကိုတွေရဲ့ ဝိုင်းဝန်းကြိုးပမ်းမှုဟာလည်း အဓိကကျနေသလို နိုင်ငံတကာမိသားစုအသိုင်းအဝိုင်းရဲ့ လက်ခံအားပေးမှု၊ ကူညီပံ့ပိုးမှုတွေကလည်း အထူးပဲ အရေးပါနေပါတယ်။
ကျွန်တော်တို့အစိုးရအနေနဲ့ သိသိသာသာတိုးတက်လာတဲ့နိုင်ငံတကာဆက်ဆံရေး မျက်နှာစာမှာ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အမျိုးသားရေးအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရာမှာ ခေတ်အဆက်ဆက် ဖြောင့်မတ်မှန်ကန်စွာ ကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကိုပဲ ဆက်လက်ကိုင်စွဲသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်အဟုန်နဲ့ဆက်လက်ဆောင်ရွက်တဲ့နေရာမှာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာ အရှေ့-အနောက် ခွဲခြားခြင်းမရှိဘဲ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံသွားမှာဖြစ်သလို နိုင်ငံတကာမိသားစုရဲ့ အားပေးကူညီမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ထောက်ပံ့မှုတွေကို နွေးထွေးစွာ လက်ကမ်းကြိုဆိုသွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့နိုင်ငံ၊ နိုင်ငံသားတွေရဲ့ အမျိုးသားရေးအကျိုးစီးပွား၊ အချုပ်အခြာအာဏာ မထိပါးစေအောင်လည်း ခိုင်ခိုင်မာမာရပ်တည်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
နာယကကြီး ခင်ဗျား –
နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့အစိုးရဟာ မိဘပြည်သူများက ယုံယုံကြည်ကြည် လေးလေးနက်နက် အပ်နှင်းလာတဲ့တာဝန်တွေ၊ ကျွန်တော်တို့ကျေပွန်ရမယ့်ဝတ္တရား တွေကို ဆောင်ရွက်ရာမှာ လုပ်ပိုင်ခွင့်အာဏာများကို တော်တည့်မှန်ကန်စွာခွဲဝေကျင့်သုံးပြီး အထက်အောက်တာဝန်ယူမှု၊ တာဝန်သိမှုတွေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလအတွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှု တွေကိုလည်း အများအပြားတွေ့ကြုံခဲ့ရပါတယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်း နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးကြီးဆုံးက ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ လျင်လျင်မြန်မြန်ထွက်ပေါ်လာဖို့လိုသလို ဒီအပြောင်းအလဲတွေ ခိုင်မာဖို့အထူးအရေးကြီးပါတယ်။ နိုင်ငံတကာရေစီးကြောင်းမှာ ဂလိုဘယ်လိုက်ဇေးရှင်းရေစီးကြောင်းနဲ့ ပေါင်းစည်းနိုင်ခြင်းမရှိဘဲ နောက်ကျကျန်ရစ်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ အတွင်း၊ အပြင် သင်ခန်းစာတွေရယူပြီး အကျိုးရှိရှိသုံးသပ်မြော်မြင် ဆောင်ရွက်နိုင်ဖို့လိုပါတယ်။
နိုင်ငံတံခါးဖွင့်လိုက်တာနဲ့အမျှ အခွင့်အလမ်းတွေနဲ့အတူ တွဲလျက်ပါလာတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်တို့ သတိကြီးကြီးထားပြီး မဏ္ဍိုင်အရပ်ရပ်၊ လူ့အဖွဲ့အစည်း အသီးသီးက စနစ်တကျဖော်ဆောင်သွားကြရမှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ အစိုးရအပါအဝင် မိဘပြည်သူအားလုံး လျှောက်လှမ်းနေတဲ့ သမိုင်းဝင်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးဟာ အင်မတန်မှကြီးမားကျယ်ပြန့်ပြီး အလွန်တရာမှလည်း ခက်ခဲနက်နဲလှပါတယ်။ ကျွန်တော်တို့လို အသွင်ကူးပြောင်းစနိုင်ငံတွေမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတွေအပြင် ကျွန်တော်တို့လူ့အဖွဲ့အစည်းကြီးအတွင်းမှာ နစ်ဝင်နေတဲ့ အတွင်းဒဏ်ရာတွေကိုလည်း ပျောက်ကင်းအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရ သက်တမ်းအပြင် နောင်လာမယ့်အစိုးရအဆက်ဆက် လက်ထက်မှာလည်း ခိုင်မာသည်ထက်ခိုင်မာအောင် မိဘပြည်သူများအားလုံး၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ဆက်လက်ပြီး ကြိုးပမ်းတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးအောင်မြင်ပြီး ရှင်သန်ခိုင်မာတဲ့အဆင့်ရောက်ဖို့ ကျွန်တော်တို့နောက်ထပ်များစွာ ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရရဲ့ ယန္တရားတွေ ဒီထက်ပိုမို စွမ်းရည်မြင့်မားလာအောင်၊ လွှတ်တော်အရပ်ရပ်ရဲ့ ဥပဒေပြုမှုတွေ ဒီထက်ပိုပြီး ကျယ်ပြန့်လာအောင်၊ Rule of Law ခိုင်ခိုင်မာမာ ဖြစ်ထွန်းပေါ်ပေါက်လာအောင်၊ ပုဂ္ဂလိကကဏ္ဍ ဒီထက်ပိုပြီးစွမ်းအားကောင်းလာအောင်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ဒီထက်ပိုပြီးမြင့်မားလာအောင်၊ အခြေခံအဆောက်အအုံနဲ့ လူမှုဖူလုံရေးအဆောက်အအုံတွေ ဒီထက်ပိုပြီး အရည်အသွေးမြင့်မားလာအောင်၊ ကျွန်တော်တို့ မိဘပြည်သူတွေရဲ့ လူနေမှုဘဝတွေ ဒီထက်ပိုပြီးတိုးတက်မြင့်မားလာအောင် ကျွန်တော်တို့ အများကြီးကြိုးပမ်းကြရဦးမှာပါ။ မိဘပြည်သူတွေဖြစ်ချင်နေတဲ့၊ မိဘပြည်သူတွေလိုလားနေတဲ့၊ မိဘပြည်သူတွေ တစ်သက်လုံး မျှော်လင့်နေကြတဲ့ တစ်ဦးချင်းဝင်ငွေ တိုးတက်မြင့်မားပြီး၊ စီးပွားရေးသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးမှာ အရာရာ Rule of Law ခိုင်မာလျက် စိတ်အေးချမ်းသာစွာ၊ ဂုဏ်သိက္ခာမြင့်မားစွာ အသက်ရှင်နေထိုင်ရပ်တည်နိုင်တဲ့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းကြီး ဖြစ်ပေါ်လာအောင် ကျွန်တော်တို့အစိုးရအနေနဲ့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့မဏ္ဍိုင်တွေအနေနဲ့လည်း ကျွန်တော်တို့အစိုးရကို ပိုမိုခိုင်မာအားကောင်းအောင် အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှု၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ ကူညီပေးကြပါ၊ မိဘပြည်သူများကလည်း ကျွန်တော်တို့ အစိုးရကို ထိန်းကျောင်းတည့် မတ်ပေးကြပါ၊ အားလုံးသော Stakeholder များအနေနဲ့လည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး တိုးတက်ခိုင်မာလာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ မိဘပြည်သူများမျှော်လင့်ထားတဲ့အတိုင်း အချိန်တိုတိုအတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အရာထင်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒတွေအလုံးစုံ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသော်လည်း ကျွန်တော်တို့အစိုးရအနေနဲ့ အသက်နဲ့ခန္ဓာကို စွန့်လွှတ် ပေးဆပ်ဖို့အထိ ကတိသစ္စာပြုထားကြသူများပီပီ အရိုးကြေကြေအရေခမ်းခမ်း ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အခိုင်အမာပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။ဒါကတော့ သမ္မတကြီး(၁၀)နာရီတုန်းက နိုင်ငံကို Live Show နဲ့ထုတ်လွှင့် ပြောကြားသွားတဲ့မိန့်ခွန်းကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ မကြား၊ မတွေ့လိုက်ရဘူးပေါ့။ ဒါကျွန်တော်တို့ရဲ့ schedule အတိုင်းသွားနေတဲ့အတွက်၊ ဒါကို ကျွန်တော်ဖတ်ကြားပြီးတော့တင်ပြဖို့ ကျွန်တော့်မှာတာဝန်ရှိတယ်လို့ခံယူတဲ့အတွက် ကျွန်တော်ဖတ်ကြားတင်ပြခြင်းဖြစ်ပါတယ်။ တစ်ချို့က သတင်းစာတွေ၊ စာစောင် တွေမှာလည်း ဖတ်မိလိုက်တဲ့လူရှိသလို၊ မဖတ်မိလိုက်တဲ့လူများအတွက်လည်း နိုင်ငံတော် အစိုးရရဲ့ခံယူချက်နဲ့ လုပ်ငန်းစဉ်တွေ၊ မူဝါဒတွေကိုသိရှိနေမှ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးဆောင်ရွက်နိုင်အောင် ကျွန်တော့်အနေနဲ့အချိန်ယူပြီး တင်ပြခြင်းပဲဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ကျွန်တော်တင်ပြချင်တာကတော့ ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးဟာ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဒီအခန်းထဲမှာထိုင်နေကြတဲ့ ကျွန်တော်တို့ generation တွေတာဝန်ယူရမယ့် အခုသက်တမ်း(၅)နှစ်ကာလအတွင်းမှာ ပုဂ္ဂိုလ်စွဲတွေ၊ ဝါဒစွဲတွေ၊ ငါစွဲတွေမထားဘဲ စိတ်တူ၊ ကိုယ်တူ၊ အသိတူ၊ အမြင်တူနဲ့ နောင်မျိုးဆက်သစ်တွေအတွက် အမွေကောင်းကို လွှဲပြောင်းပေးနိုင်အောင် မကွေးတိုင်းဒေသကြီးနဲ့ နိုင်ငံတော်အတွက် သမိုင်းကောင်းတွေရေးကြပါစို့လို့ ပြောကြားရင်းနဲ့ပဲ နိဂုံးချုပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
၁၆၁။ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားသည့်မိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
၁၆၂။ ပထမအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်း (၁၃၄၅)နာရီအချိန်တွင် လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
၁၆၃။ ပထမအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီးကြောင်းကြေညာပြီးနောက်မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမမှလွှတ်တော်ဥက္ကဋ္ဌပြန်လည်ထွက်ခွာပြီး ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာကြပါသည်။