ပြည်သူ့ငွေစာရင်းကော်မတီ ဖွဲ့စည်းခြင်း
ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သည် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် မကွေးတိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် လွှတ်တော်၏သဘောတူညီချက်အရ မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၉)ဦးဖြင့်အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည် –
(က) ဦးတင့်လွင် ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ
( ခ ) ဦးထင်လင်း ဆောမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
( ဂ ) ဦးဇော်မင်းထွန်း တောင်တွင်းကြီးမြို့နယ်မဲဆန္ဒနယ်အမှတ် (၁) အဖွဲ့ဝင်
(ဃ) ဒေါ်ဇင်နီနီဝင်း ပခုက္ကူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( င ) ဦးအေးလှိုင်ဦး မင်းတုန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( စ ) ဦးစန်းကြူ ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(ဆ) ဗိုလ်ကြီးဟန်ဝင်းအောင် တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
( ဇ ) ဒေါ်သက်မွန်အေး ဆိပ်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
( ဈ ) ဦးကျော်ဌေး မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အတွင်းရေးမှူး
၂။ ဤကော်မတီသည် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဖြစ်သည်။
ကော်မတီ၏တာဝန်များ
၃။ ကော်မတီသည် –
(က) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသုံးစာရင်းနှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် တိုင်းဒေသကြီး လွှတ်တော်က ခွင့်ပြုသောငွေကို သတ်မှတ်ထားသည့်ကိစ္စအတွက်သာလျှင် သုံးစွဲခြင်း ရှိ/မရှိ ၊ စည်းမျဉ်းစည်းကမ်းနှင့် အညီ သုံးစွဲခြင်း ရှိ/မရှိ နှင့် ခွင့်ပြုသည့်ရည်ရွယ်ချက် အတိုင်း ထိရောက်မှန်ကန်စွာ သုံးစွဲခဲ့ခြင်း ရှိ/မရှိ တို့ကို စိစစ်ရမည်၊
( ခ ) တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပြုထားသောငွေကို ထိရောက်မှန်ကန်စွာသုံးစွဲခဲ့ခြင်း ရှိ/ မရှိ စိစစ်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းဌာနများသို့ သွားရောက်စစ်ဆေး နိုင်သည်။
( ဂ ) အောက်ပါအချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရန် တာဝန်ရှိသည် –
(၁) တိုင်းဒေသကြီးလွှတ်တော်ကတိုင်းဒေသကြီး အစိုးရအဖွဲ့၏တောင်းဆိုချက် အရ ကိစ္စတစ်ခုအတွက် ခွင့်ပြုထားသော သုံးငွေတစ်ရပ်ကို အခြားကိစ္စရပ် အတွက် ခေါင်းစဉ်ပြောင်း၍ သုံးစွဲခြင်း၊
(၂) ခွင့်ပြုထားသည့် သုံးငွေတစ်ရပ်အတွင်း ခေါင်းစဉ်ပြောင်း၍သုံးစွဲရာ၌ ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသောစည်မျဉ်းများနှင့် ညီညွတ်မှု မရှိခြင်း၊
(၃) သက်ဆိုင်ရာဌာနအဖွဲ့အစည်းသို့ လမ်းညွှန်သင့်သော ဘဏ္ဍာငွေသုံးစွဲပုံ နည်းလမ်း အားနည်းချက်များကို စိစစ်တွေ့ရှိခြင်း၊
(၄) တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနက တောင်းဆိုသော အသုံးစရိတ်များ။
(ဃ) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍ စာရင်းများနှင့် ယင်းစာရင်းများအပေါ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာတို့ကို စိစစ် ရမည်။
၄။ ကော်မတီသည် စိစစ်ပေးရန် လိုအပ်သောကိစ္စများနှင့်စပ်လျဉ်း၍ –
(က) တိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ် ခြင်းဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးသို့ ပြန်လည် တင်ပြရမည်၊
( ခ ) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရစိစစ်ရန် လိုအပ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ်၍ တာဝန်ပေးအပ်ခြင်း ဖြစ်လျှင် လိုအပ်သလိုစိစစ်၍ကော်မတီ၏တွေ့ရှိချက် နှင့် သဘောထားမှတ်ချက်တို့ကို တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ ပြန်လည် တင်ပြရမည်၊
( ဂ ) သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလည်း ကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သောအကြောင်းအရာ များကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်၊
(ဃ) ကော်မတီသည် ဥက္ကဋ္ဌကဖြစ်စေ၊ လွှတ်တော်ကဖြစ်စေ၊ အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရမည်။
၅။ သာမန်အားဖြင့် အပိုဒ်(၃)နှင့် အပိုဒ်(၄)တို့ပါ တာဝန်များအရ ကော်မတီမှစိစစ်ရာတွင် –
(က) ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံသူမလို၊
( ခ ) ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။
၆။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင် ဆွေးနွေးသော ဆွေနွေးချက်များကို သော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက် အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီက အတည်ပြုထားရမည်။ ယင်းအစည်းအဝေး
မှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများ နှင့်အတူပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်းထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၇။ ကော်မတီအစည်းအဝေးများကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၈။ ကော်မတီက အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ –
(က) ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီက တာဝန်ပေးအပ် သော ကော်မတီဝင်တစ်ဦးကသော်လည်းကောင်း ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရမည်၊
( ခ ) ယင်းသို့တင်ပြရာတွင် ကော်မတီဝင်များသည်လည်း အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင်ခြွင်းချက်သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊
( ဂ ) အစီရင်ခံစာကိုတင်ပြပြီးနောက် (၄)ရက်ထက်မစော (၁၀)ရက်ထက်နောက်မကျသော တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တစ်နေ့တွင် ကော်မတီ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ ကော်မတီကတာဝန်ပေးအပ် သော ကော်မတီဝင်တစ်ဦးက သော်လည်းကောင်း အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်၊
(ဃ) အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ၊
( င ) အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ ကော်မတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီကတာဝန်ပေးအပ်သော ကော်မတီဝင် တစ်ဦးကသော်လည်းကောင်း အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။
၉။ ကော်မတီဝင်များသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဌာန်းချက် များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
( ခ ) တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံး(၂)ခုထိ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊
( ဂ ) ကော်မတီဝင်အဖြစ်မှနုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျှက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။
ကော်မတီဝင်၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ
၁၀။ ကော်မတီဝင်များသည် ကော်မတီ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီအစည်းအဝေး တက်ရောက်ရန် ဖြစ်စေ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း၊ ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်အပြင် တိုင်းဒေသကြီး လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့် ရှိသည်။
၁၁။ ကော်မတီဝင်များသည် –
(က) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်၊
( ခ ) ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိပါကဖမ်းဆီးခံရခြင်းမှကင်းလွတ်ခွင့် ရှိသည်၊
( ဂ ) ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ် စီရင်ခြင်းမခံရမီ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။
ကော်မတီ၏သက်တမ်း
၁၂။ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်း ကော်မတီ၏ သတ်တမ်းသည် တိုင်းဒေသကြီးလွှတ်တော် သက်တမ်းနှင့်အညီဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီသက်တမ်း (၁)နှစ်ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော် သလို လဲလှယ်၊ အစားထိုး တာဝန်ပေးအပ်နိုင်သည်။
ဦးတာ
ဥက္ကဋ္ဌ