ပြည်သူ့ငွေစာရင်းအဖွဲ့ ဖွဲ့စည်းခြင်း

ပထမအကြိမ်ကော်မတီဖွဲ့စည်းခြင်း

၁။      မကွေးတိုင်းဒေသကြီးလွှတ်တော်သည် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၄၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က) (ခ) အရ ပြည်သူ့ငွေစာရင်းအဖွဲ့ကို အောက်ပါ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံသားများအပါအဝင်(၉)ဦးဖြင့် ဖွဲ့စည်းလိုက်သည် –

(က)    ဦးတင်ရန်               မြိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)                           ဥက္ကဋ္ဌ

( ခ )   ဦးဝင်းတင့်               ရေနံချောင်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)                 အဖွဲ့ဝင်

( ဂ )   ဦးဇော်မိုးမြင့်            ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ် (၁)                           အဖွဲ့ဝင်

(ဃ)   ဦးမြင့်ဆွေ                ဒုညွှန်မှူး၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး(ငြိမ်း)     အဖွဲ့ဝင်

( င )   ဦးသောင်းလွင်သန်း   ဒုညွှန်မှူး၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး(ငြိမ်း)     အဖွဲ့ဝင်

( စ )   ဦးမြဝင်း                  မြို့နယ်စာရင်းစစ်အရာရှိ(ငြိမ်း)                         အဖွဲ့ဝင်

(ဆ)    ဦးခင်မောင်လတ်         လ/ထအင်ဂျင်နီယာ၊                                          အဖွဲ့ဝင်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း(ငြိမ်း)

( ဇ )   ဦးတင်ဝင်း              ရဲမှူး(ငြိမ်း)                                                    အဖွဲ့ဝင်

( ဈ )   ဦးမြင့်စိုးဝင်း             ပေါက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)                  အတွင်းရေးမှူး

၂။      ဤအဖွဲ့သည် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဖြစ်သည်။

အဖွဲ့၏သက်တမ်း

၃။      တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များ၏သက်တမ်း(၁)နှစ်ပြည့်မြောက်သည့် အခါပြန်လည်သုံးသပ်ပြီးလိုအပ်ပါက သင့်လျော်သလိုလဲလှယ်အစားထိုး တာဝန်ပေးနိုင်သည်။

အဖွဲ့၏တာဝန်များ

၄။      အဖွဲ့သည် –

(က)   တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသုံးစာရင်းနှင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် တိုင်းဒေသကြီး လွှတ်တော်က ခွင့်ပြုသောငွေကို သတ်မှတ်ထားသည့်ကိစ္စအတွက်သာလျှင် သုံးစွဲခြင်း ရှိ/မရှိ ၊ စည်းမျဉ်းစည်းကမ်းနှင့် အညီ သုံးစွဲခြင်း ရှိ/မရှိ နှင့် ခွင့်ပြုသည့်ရည်ရွယ်ချက် အတိုင်း ထိရောက်မှန်ကန်စွာ သုံးစွဲခဲ့ခြင်း ရှိ/မရှိ တို့ကို စိစစ်ရမည်၊

( ခ )   တိုင်းဒေသကြီးလွှတ်တော်က ခွင့်ပြုထားသောငွေကို ထိရောက်မှန်ကန်စွာသုံးစွဲခဲ့ခြင်း ရှိ/ မရှိ စိစစ်နိုင်ရေးအတွက် လိုအပ်သည့်လုပ်ငန်းဌာနများသို့ သွားရောက်စစ်ဆေး နိုင်သည်။

( ဂ )   အောက်ပါအချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရန် တာဝန်ရှိသည် –

(၁)     တိုင်းဒေသကြီးလွှတ်တော်ကတိုင်းဒေသကြီး အစိုးရအဖွဲ့၏တောင်းဆိုချက် အရ ကိစ္စတစ်ခုအတွက် ခွင့်ပြုထားသော သုံးငွေတစ်ရပ်ကို အခြားကိစ္စရပ် အတွက် ခေါင်းစဉ်ပြောင်း၍ သုံးစွဲခြင်း၊

(၂)     ခွင့်ပြုထားသည့် သုံးငွေတစ်ရပ်အတွင်း ခေါင်းစဉ်ပြောင်း၍သုံးစွဲရာ၌ ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသောစည်မျဉ်းများနှင့် ညီညွတ်မှု မရှိခြင်း၊

(၃)     သက်ဆိုင်ရာဌာနအဖွဲ့အစည်းသို့ လမ်းညွှန်သင့်သော ဘဏ္ဍာငွေသုံးစွဲပုံ နည်းလမ်း အားနည်းချက်များကို စိစစ်တွေ့ရှိခြင်း၊

(၄)     တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြပေးရန် ဘဏ္ဍာရေးဝန်ကြီးဌာနက တောင်းဆိုသော အသုံးစရိတ်များ။

(ဃ)    တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းများနှင့် စပ်လျဉ်း၍  စာရင်းများနှင့်  ယင်းစာရင်းများအပေါ် တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာတို့ကို စိစစ် ရမည်။

၅။      အဖွဲ့သည် စိစစ်ပေးရန် လိုအပ်သောကိစ္စများနှင့်စပ်လျဉ်း၍ –

(က)    တိုင်းဒေသကြီးလွှတ်တော်၏ ဆုံးဖြတ်ချက်အရ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက တာဝန်ပေးအပ် ခြင်းဖြစ်လျှင် လိုအပ်သလိုစိစစ်၍ ကော်မတီ၏ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက်တို့ကို တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးသို့ ပြန်လည် တင်ပြရမည်၊

( ခ )   တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တင်ပြချက်အရစိစစ်ရန် လိုအပ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်က ဆုံးဖြတ်၍ တာဝန်ပေးအပ်ခြင်း ဖြစ်လျှင် လိုအပ်သလိုစိစစ်၍ကော်မတီ၏တွေ့ရှိချက် နှင့် သဘောထားမှတ်ချက်တို့ကို တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ ပြန်လည် တင်ပြရမည်၊

( ဂ )   သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များ အားလည်း ကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သောအကြောင်းအရာ များကို သိရှိနားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်၊

(ဃ)    အဖွဲ့သည် ဥက္ကဋ္ဌကဖြစ်စေ၊ လွှတ်တော်ကဖြစ်စေ၊ အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရမည်။

၆။      သာမန်အားဖြင့် အပိုဒ်(၄)နှင့် အပိုဒ်(၅)တို့ပါ တာဝန်များအရ ကော်မတီမှစိစစ်ရာတွင် –

(က)    အဖွဲ့တွင် အဆိုတင်သွင်းခြင်း၊  အကြံပြုချက် တင်သွင်းခြင်းတို့နှင့် စပ်လျဉ်း၍ ထောက်ခံသူမလို၊

( ခ )   အဖွဲ့ဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်။

၇။      အဖွဲ့အစည်းအဝေးတွင် အဖွဲ့ဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သောကိစ္စကို သော် လည်းကောင်း၊ အဖွဲ့တွင်ဆွေးနွေးသော ဆွေနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရ။ အဖွဲ့အစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင်၍ အဖွဲ့က  အတည်ပြုထားရမည်။  ယင်းအစည်းအဝေး မှတ်တမ်းများကို ဖြန့်ဝေခြင်း မပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့  ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေး မှတ်တမ်းများနှင့်အတူပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်းထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ ပေးပို့ ရမည်။

အဖွဲ့၏လုပ်ပိုင်ခွင့်များ

၈။      အဖွဲ့အစည်းအဝေးများကို မကွေးတိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ နည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ ကျင်းပရမည်။

၉။      အဖွဲ့က အစီရင်ခံစာတင်ပြခြင်းနှင့်စပ်လျဉ်း၍ –

(က)    အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ အဖွဲ့က တာဝန်ပေးအပ် သော အဖွဲ့ဝင်တစ်ဦးကသော်လည်းကောင်း အဖွဲ့၏ အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရမည်၊

( ခ )   ယင်းသို့တင်ပြရာတွင် အဖွဲ့ဝင်များသည်လည်း အစီရင်ခံစာကို သဘောတူကြောင်း လက်မှတ်ရေးထိုးရမည်။ သို့ရာတွင်ခြွင်းချက်သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါက ထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊

( ဂ )   အစီရင်ခံစာကိုတင်ပြပြီးနောက် (၄)ရက်ထက်မစော (၁၀)ရက်ထက်နောက်မကျသော  တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့တစ်နေ့တွင် အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးက သော်လည်းကောင်း၊ အဖွဲ့ကတာဝန်ပေးအပ် သော  အဖွဲ့ဝင်တစ်ဦးက   သော်လည်းကောင်း အစီရင်ခံစာကို ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းရမည်၊

(ဃ)    အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ပြင်ဆင်ချက်များ ပြုလုပ်ခွင့်မရှိ၊

( င )   အစီရင်ခံစာကို ဆွေးနွေးစဉ်းစားပြီးသောအခါ အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကသော်လည်းကောင်း၊ ကော်မတီကတာဝန်ပေးအပ်သော အဖွဲ့ဝင် တစ်ဦးကသော်လည်းကောင်း အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်က သဘောတူလက်ခံရန် အဆိုတင်သွင်းရမည်။

၁၀။    အဖွဲ့ဝင်များသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဌာန်းချက် များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊

( ခ )   တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံး(၂)ခုထိ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်၊

( ဂ )   အဖွဲ့ဝင်အဖြစ်မှနုတ်ထွက်ခွင့်ပြုရန် ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျှက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

အဖွဲ့ဝင်၏ရပိုင်ခွင့်နှင့် အခွင့်အရေးများ

၁၁။    အဖွဲ့ဝင်များသည် ကော်မတီ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ဖြစ်စေ၊ အဖွဲ့အစည်းအဝေး တက်ရောက်ရန် ဖြစ်စေ အဖွဲ့ရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း၊ ယင်းတို့နှင့် သက်ဆိုင်သည့် ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်အပြင် တိုင်းဒေသကြီး လွှတ်တော်က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့် ရှိသည်။

၁၂။    အဖွဲ့ဝင်များသည် –

(က)    အဖွဲ့အစည်းအဝေးများတွင် တင်ပြဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်၊

( ခ )   အဖွဲ့အစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင် ခွင့်ပြုချက်မရရှိပါကဖမ်းဆီးခံရခြင်းမှကင်းလွတ်ခွင့် ရှိသည်၊

( ဂ )   ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ် စီရင်ခြင်းမခံရမီ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အဖွဲ့အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည်။

 

 

 

                                                                                                 ရဲမြင့်

                                                                                                 ဥက္ကဋ္ဌ