မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့များဥပဒေပြင်ဆင်နိုင်ရေး တတိယအကြိမ် ဆွေးနွေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ တက်ရောက်

ဆောင်ရွက်ချက်များ

(၃.၅.၂၀၁၈)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေ ပြင်ဆင်နိုင်ရေး တတိယအကြိမ် ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ မကွေးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးကော်မတီဝင်များ၊ ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းဟန်တို့မှ အမှာ စကားအသီးသီးပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးမှ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးဆွဲရေးနှင့် ဆက်လက်ဆောင်ရွက် မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ စည်ပင်သာယာရေးအဖွဲ့များဥပဒေတွင် ပြဌာန်းပါရှိသော အခြား ဆက်စပ်ဌာနဆိုင်ရာများဖြစ်သည့် တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြုပြင်ရန်ရှိသည်များကို ဆွေးနွေး ခဲ့ကြပါသည်။
ဆက်လက်၍ သရက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ ပထမအကြိမ်နှင့် ဒုတိယ အကြိမ်၊ ဥပဒေဆိုင်ရာပြင်ဆင်ရေးဆွဲရေးဆွေးနွေးပွဲမှ ဥပဒေပြင်ဆင်ရန်အတွက် အကြံပြုချက်များကိုလည်းကောင်း၊ တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေရေးဆွဲပြဌာန်းနိုင်ရန်အတွက် မူကြမ်းကိုလည်းကောင်း၊ အသီးသီးတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပါ
သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေ ပြင်ဆင်ရေးဆွဲရေးနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာနည်းဥပဒေ ရေးဆွဲပြဌာန်းနိုင်ရန် ဆုံးဖြတ်ချက်မူကြမ်းများကို ပြုစု ခဲ့ကြပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။