မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသခံပြည်သူများတွေ့ဆုံပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် ပရဟိတအဖွဲ့နှင့် သီလရှင်ကျောင်းအား အလှူငွေပေးအပ်

ဆောင်ရွက်ချက်များ

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့၊ နံနက်(၁၀ဝဝ) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ရွှေပန်းတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ဒေသခံ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျေးရွာနေ ပြည်သူလူထုများ တက်ရောက်ခဲ့ကြပါသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်လံမြို့နယ်၊ ညောင်ပင်ဝိုင်းကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ညောင်ပင် ဝိုင်းကျေးရွာ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျေးရွာပြည်သူများက ကြိုဆိုနှုတ်ဆက်ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ခဲ့ပြီးနောက် ဘွက်ကြီးရေလှောင်တမံ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူက ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည်
ရွှေပန်းတောကျေးရွာ ပြည်သူလူထုနှင့်တွေ့ဆုံပွဲသို့ ဆက်လက်ထွက်ခွာခဲ့ရာ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ တို့မှ အဖွင့်အမှာစကားများပြောကြားပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ဘဏ္ဍာနှစ်အလိုက် စီမံကိန်းရေးဆွဲရေးလုပ်ငန်း များအား ရှင်းလင်းခဲ့ပါသည်။ တွေ့ဆုံပွဲအခမ်းအနားတွင် ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအဆိုပြု တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းခဲ့ပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြပါသည်။
အခမ်းအနားအပြီးတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များသည် အောင်လံမြို့သို့သွားရောက်၍ ရှင်လရောင်ရင်ခွင်မဲ့ပရဟိတအဖွဲ့နှင့် သီလရှင်ကျောင်းအတွက် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ်(၁၀)သိန်းအား ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြပါသည်။