
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌမှ စလင်းစာဖြေဌာနတွင် ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာ(၄၂)ပါးတို့အား အောင်လက်မှတ်နှင့်စာအောင်ဆုဆက်ကပ်လှူဒါန်းခြင်းနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတက်ရောက်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နေ့လည်(၁၃ဝဝ) နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စျေးမရပ်ကွက်ရှိ မြတ်ရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် စလင်းစာဖြေဌာနမှဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်(၄၂)ပါးတို့အား အောင်လက်မှတ်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနား အား မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ မကွေးတိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းဇော်၊
စလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ စလင်းမြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စလင်းမြို့နယ်သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များ၊ စာအောင်ဆရာတော်များ၊ သီလရှင် ဆရာလေးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ ကြွရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့မှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာကြသည့် ကြီးကြပ်ရေးဆရာတော်များနှင့် စာအောင်သံဃာတော်တို့မှ ပရိတ်တရားတော်များချီးမြှင့်ခဲ့ကြပါသည်။ ဆက်လက်၍ အခမ်းအနားတွင် ပရဟိတအကျိုးတော်ဆောင် နိုင်ငံတော်အဆိုတော် ဒွန်းအဖွဲ့မှ တိဟိတ်စာတော်၊ ပုဂ္ဂိုလ်မော်တို့ အစချီသော ရတုပိုဒ်စုံဖြင့် ပူဇော်ခဲ့ပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ သာသနာရေး ဆိုင်ရာများလျှောက်ထားခဲ့ပါသည်။ စလင်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရ အရှင်သူမြတ်မှ စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် စာအောင်ဆုလှူဒါန်းခြင်း ဆိုင်ရာနှင့် စပ်လျဉ်း၍ သြဝါဒပေးတော်မူပြီး၊ သြဝါဒ/ကြီးကြပ်ဆရာတော်များအား လှူဖွယ်ဝတ္တုဆက်ကပ်လှူဒါန်းခြင်းနှင့် စာအောင်သံဃာ(၄၂)ပါးအား ပထမကြီးတန်း၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း အစဉ်အတိုင်း စာအောင်လက်မှတ်နှင့်စာအောင်ဆု၊ နဝကမ္မဝတ္ထုအလှူတော်ငွေများကိုလှူဒါန်းခဲ့ကြပါသည်။
ဆက်လက်၍ စလင်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကုမာရ အရှင်သူမြတ်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ကြွရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့မှ ဗုဒ္ဓသာသနံစိရံတိဋတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍
အခမ်းအနားအားရုပ်သိမ်းကာ၊ ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားသို့ပါ၀င်တက်ရောက်လှူဒါန်းခဲ့ပါသည်။