မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ငဖဲမြို့နယ်သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ပေးအပ်လှူဒါန်း

ဆောင်ရွက်ချက်များ

၂၀၁၈ခုနှစ်၊ မေလ(၂၄)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ တိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ သက်ဆိုင်ရာ ငဖဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်သော မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစန်းကြူနှင့် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်မောင်လွင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ငဖဲမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးစန်းကြူနှင့် ဦးခင်မောင်လွင်တို့မှ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ပဒါန်းကျေးရွာ ကျောက်တန်းလေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဗိုလ်ကုန်းကျေးရွာ အောင်နန်းမြေဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွက်လည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ငဖဲမြို့နယ်၊ ကျောင်းတွင်းရပ်ကွက် ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ငဖဲမြို့ Rainbow နာရေးကူညီမှုသွေးလှူရှင်အသင်းအတွက်လည်းကောင်း၊ ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူမှ ပဒါန်းကျေးရွာ မေတ္တာရှင် သွေးလှူရှင်များအတွက်လည်းကောင်း၊ မဲဆန္ဒနယ်အမှတ်(၂) ဦးခင်မောင်လွင်မှ ဇင်ပြွန်းကျေးရွာ၊ ရိုးမမေတ္တာ နာရေးကူညီမှုအသင်းအတွက်လည်းကောင်း၊ ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းမှ ပေကုန်းကျေးရွာ၊ ဂရုဏာမြင့်မိုရ် နာရေးကူညီမှုအသင်းအတွက်လည်းကောင်း စုစုပေါင်း အလှူငွေ ကျပ်(၁၀)သိန်းတိတိကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် (၂၄.၅.၂၀၁၈)ရက်နေ့၊ နံနက်(၀၁း၀၀) နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့သော ငဖဲမြို့နယ်၊ အိုးမြေတွင်းကျေးရွာအုပ်စု၊ အိုးမြေတွင်းကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့ပြီး မီးဘေးသင့်အိမ်ထောင်စုများသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။