
မကွေးတိုင်းဒေသကြီးလွှတ်တော် (ပင်မ)အဆောက်အဦအသစ် ဆောက်လုပ်ခြင်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ မေလ(၂၃)ရက်နေ့၊ မွန်းလွဲ(၁၅ဝဝ)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌရုံးခန်း၌ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်မှစတင်၍ တည်ဆောက်လျက်ရှိသည့် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦနှင့် External Work လုပ်ငန်းများ၊ Air Con System အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ အုတ်တံတိုင်းခြံစည်းရိုးကာရံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အသေးစိတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာ (တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဋ္ဌ)၊ ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း(တင်ဒါခေါ်ယူရေးကော်မတီ အတွင်းရေးမှူး)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး (တင်ဒါခေါ်ယူရေးကော်မတီ အဖွဲ့ဝင်)၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့် (တင်ဒါခေါ်ယူရေးကော်မတီ တွဲဘက်အတွင်းရေးမှူး) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ ဦးစန်းကြူ၊ ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် တင်ဒါခေါ်ယူရေးကော်မတီအဖွဲ့ဝင် များ၊ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများ၊ Modular Architect မှတာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ရုံးဝန်ထမ်းများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့မှ အမှာစကားများပြောကြားပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ လွှတ်တော်ရုံး(ပင်မ)အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် Modular Architect မှတာဝန်ရှိသူများက လွှတ်တော်(ပင်မ)အဆောက်အဦသစ် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စစ်ဆေးဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် တင်ဒါကော်မတီအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးတင်ပြကြပါသည်။ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်အဆောက်အဦသစ်အား စာချုပ်ပါ နေ့ရက်အတိုင်း အချိန်မီအပ်နှံနိုင်ရေးနှင့် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးဆွေးနွေးမှာကြားခဲ့ပါသည်။