
မကွေးတိုင်းဒေသကြီးလွှတ်တော် (ပင်မ)အဆောက်အဦသစ်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းနှင့် ရှင်းလင်းတင်ပြခြင်းအခမ်းအနားပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၉ခုနှစ်၊ မေလ(၂၈)ရက်နေ့၊ နံနက်(၁၀ဝဝ)နာရီအချိန်တွင် မကွေးမြို့၊ နတ်မောက်လမ်းနှင့် သုခိတာလမ်းထောင့်ရှိ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦသစ်၌ ကျင်းပပြုလုပ်သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ တည်ဆောက်လျက်ရှိသည့် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းအခမ်းအနား ပြုလုပ် ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဦးကျော်စွမ်းရည်၊ တိုင်းဒေသကြီး လွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် လွှတ်တော်ရုံးဝန်ထမ်းများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများပါ၀င်သည့် တင်ဒါကော်မတီအဖွဲ့ဝင်များ၊ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) မှ တာဝန်ရှိသူများ၊ Modular Architect မှတာဝန်ရှိသူများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပါသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ အဖွဲ့တို့သည် လွှတ်တော်အဆောက် အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ Kyaw Thar Engineering & Construction Group Co, Ltd (KTECG) ၊ Modular Architect မှတာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦရှိ Ball Room ခန်းမတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့မှ အမှာစကားများ ပြောကြားပြီး Kyaw Thar Engineering & Construction Group Co, Ltd (KTECG) မှ မန်နေဂျင်းဒါရိုက်တာ ဦးမောင်အေးကလွှတ်တော်ရုံး(ပင်မ)အဆောက်အဦ နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။