မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသည့်အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ( ၂၃ )ရက်
နိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းအစီရင်ခံအပ်ပါသည်။
၂။ ဇွန်လ(၂၇)ရက်နေ့ ကျင်းပခဲ့သော မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးနေ့တွင် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ၏လုပ်ငန်းအစီရင်ခံစာကို တင်သွင်းခဲ့ပြီးနောက် ကော်မတီထံသို့ ပြည်သူတို့မှတင်ပြတိုင်ကြားစာများ ဆက်လက်လက်ခံရရှိခဲ့ပြီး ယခုအခါကော်မတီဖွဲ့စည်းတာဝန် ပေးအပ်ခံရပြီး လက်ခံရရှိသော တိုင်ကြားစာအရေအတွက်ပေါင်း(၃၃၉)စောင် လက်ခံရရှိပြီးဖြစ်ပါ သည်။ ကော်မတီသည် ဒုတိယပုံမှန်အစည်းအဝေးပြီးဆုံးသည့်နေ့မှ တတိယပုံမှန်အစည်းအဝေး ကျင်းပမည့် (၃)လခန့်ကာလအတွင်း ကော်မတီအစည်းအဝေး(၁၀)ကြိမ်၊ ကြားနာပွဲပေါင်း(၈)ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ (မှတ်ချက်- လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများကိုယ်တိုင် ကော်မတီ အစည်းအဝေးခန်းတွင်ကျင်းပသော ကြားနာပွဲ(၁)ကြိမ်တက်ရောက်ခဲ့ပါသည်)။ ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအရ မကွေးတိုင်းဒေသကြီး ခရိုင်(၅)ခရိုင်သို့ တိုင်ကြားစာများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများ၊ ကာယကံရှင်တိုင်ကြားသူများ၊ ဆက်စပ်ပတ်သက်သူများကို သွားရောက်တွေ့ဆုံ ကြားနာမှုများ ပြုလုပ်ခဲ့ပါသည်။
ကော်မတီကွင်းဆင်းသွားရောက်ခဲ့သည့်မှတ်တမ်း
၃။ အောက်ပါအတိုင်း သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည် –
(က) (၁၀.၇.၂၀၁၆)ရက်နေ့မှ (၁၁.၇.၂၀၁၆)ရက်နေ့အထိ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်၊
(ခ) (၁၄.၇.၂၀၁၆) ရက်နေ့မှ (၁၅.၇.၂၀၁၆)ရက်နေ့အထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊
(ဂ) (၁၆.၇.၂၀၁၆) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊
(ဃ) (၂၀.၇.၂၀၁၆) ရက်နေ့တွင် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊
(င) (၂၈.၇.၂၀၁၆)ရက်နေ့မှ (၃၀.၈.၂၀၁၆)ရက်နေ့အထိ မကွေးမြို့နယ်၊ ချောက်မြို့နယ်၊ မြို့သစ်မြို့နယ်များသို့သွားရောက်ခဲ့ပြီး တိုင်ကြားစာများနှင့် ပတ်သက်ဆက်နွယ်သော ဌာနဆိုင်ရာများ၊ တိုင်ကြားသူများနှင့်တွေ့ဆုံကြားနာပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။
၄။ အထက်ပါမြို့နယ်များသို့ သွားရောက်၍ တိုင်ကြားစာများနှင့် ပတ်သက်ပြီး အတတ်နိုင်ဆုံး ကြိုးစားကာ ကော်မတီ၏လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ လွှတ်တော်စဉ်းစားနည်းအတိုင်း လွှတ်တော် ပြုမူနည်းအတိုင်း ဒေသဆိုင်ရာပြသနာများအား ကြိုးစားဖြေရှင်းမှုများကို ပြုလုပ်နိုင်ခဲ့ပါသည်။ထိုသို့ ကြားနာပွဲများပြုလုပ်ပြီး ကော်မတီ၏လုပ်ပိုင်ခွင့်တာဝန်များအရ ပြည်သူများ၏ အခက်အခဲများကို တင်ပြလာသောစာများအပေါ် ဖြေရှင်းခဲ့ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်အား မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စား အောက်ပါအချက်များ၊ ရည်ရွယ်ချက် များ အထမြောက်အောင်မြင်စေရန် တိုက်တွန်းကြိုးပမ်းခဲ့ခြင်းများကိုလည်းပြုလုပ်ခဲ့ပါသည်-
(က) ဒီမိုကရေစီစနစ်နှင့် အုပ်ချုပ်စီမံခန့်ခွဲနေသော အစိုးရသစ်၏မူဝါဒများကို အကောင်အထည်ဖော်နေရသည့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပြည်သူကိုဗဟိုပြုပြီး ပြည်သူ့ အခက်အခဲများကို အလေးထားဖြေရှင်းပေးရန်၊
(ခ) ပြည်သူတို့၏ ပြဿနာများကို ဖြေရှင်းသည့်အခါ တင်ပြတိုင်ကြားစာများရေးသား ပေးပို့လာသည့်ပြည်သူများအပေါ် အပြစ်တင်လိုစိတ်ဖြင့် မဆက်ဆံကြရန်နှင့် စိတ်ရှည်သည်းခံမှုကို အခြေခံ၍ ဒီမိုကရေစီအလေ့အကျင့်များ ပျိုးထောင်ပေးသည့် သဘောမျိုးဖြင့် ဆက်ဆံဖြေရှင်းသွားကြရန် ထိုမှတစ်ဆင့် ပြဿနာရပ်များအား ဖြေရှင်းသည့်အခါ အပြန်အလှန်လေးစားမှုကိုပြသရင်း တစ်ဦးသဘောထားကို တစ်ဦးကနားလည်ပေးခြင်း၊ ပူးပေါင်းဖြေရှင်းခြင်း၊ အာဏာတပေါ်အခြေမခံဘဲ အမှန်တရားရှာဖွေလိုစိတ်ကိုအခြေခံ၍ ဖြေရှင်းရန်နှင့် အပြစ်ရှာခြင်းမျိုးမဟုတ်ဘဲ အဖြေရှာခြင်း သဘောမျိုးဖြင့် ဖြေရှင်းသွားကြရန်၊
(ဂ) တိုင်ကြားစာအမျိုးအစားများတွင် တွေ့ရှိရသော အဂတိလိုက်စားမှု အကျင့်ပျက် ချစားမှုများနှင့် ပတ်သက်၍ ဝန်ထမ်းများဘက်မှ ကင်းရှင်းစွာပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်ကြရန်၊
(ဃ) ပြည်သူအများကြုံတွေ့နေရသော ပြဿနာရပ်များနှင့်ပတ်သက်၍ တိုင်တန်းမှုများကို ဖြေရှင်းရာတွင် ညှိနှိုင်းခြင်းဖြင့်အဖြေရှာသောပုံစံမှသည် အပြစ်ပေးအရေးယူခံရနိုင် မည့်အခြေအနေအထိ ဖြေရှင်းရသောပုံစံအဆင့်ဆင့်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် ဝန်ထမ်းကျင့်ဝတ်များအပေါ် အခြေခံ၍လည်းကောင်း ဌာနလုပ်ထုံး လုပ်နည်းများအပေါ်အခြေခံ၍လည်းကောင်း ပြတ်ပြတ်သားသားဆောင်ရွက် ကြရန်၊
(င) ပြည်သူများ၏လူနေမှုဘဝများကို တရားမျှတစွာအကာအကွယ်ပေးမည့် အုပ်ချုပ်ရေး စနစ်(၁)ရပ် ထူထောင်နေသော ယခုကာလတွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ် မှန်သမျှကို ကြိုးပမ်းဆောင်ရွက်ရာ၌ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးများအပြင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်မှသာလျှင် အောင်မြင် နိုင်မည်ဖြစ်သည်ကို နိုင်ငံ့ဝန်ထမ်းများကိုယ်၌က သဘောပေါက်နားလည်ထားကြရန် နှင့် စံပြပြုမူနေထိုင်ကြစေရန် စသည့်အချက်များကို ရောက်ရှိကြားနာခဲ့သည့် ကြားနာပွဲများ၌ ကော်မတီအားပေးအပ်ထားသော တရားဥပဒေစိုးမိုးရေး ရည်မှန်းချက်အောင်မြင်စေရန် ဦးတည်လျက်ကော်မတီဝင်များအနေဖြင့် စုပေါင်း ကြိုးပမ်းလျက်ရှိပါသည်။
ကွင်းဆင်းကြားနာမှုများ၊ လွှတ်တော်သို့ဖိတ်ခေါ်ကြားနာမှုများအရ ကော်မတီ၏တွေ့ရှိချက် သုံးသပ်ချက်
၅။ ကော်မတီသည် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့တင်သွင်း ခဲ့သော အစီရင်ခံစာပါလုပ်ငန်းစဉ်များအတိုင်း ကော်မတီသို့ရောက်ရှိလာသည့် တိုင်ကြားစာ အမျိုးအစားထဲမှ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် လယ်ယာမြေအငြင်းပွါးမှုများတင်ပြထားသော စာများနှင့်ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ စိစစ်ဆောင်ရွက်ရေး ကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်မှုများ စနစ်တကျပြုလုပ်နိုင်ရန် ဆက်လက်တိုက်တွန်းသွား ရန်လိုအပ်လျက်ရှိပါသည်။ ထို့အတူကော်မတီ၏ကြားနာပွဲများ၌ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် လယ်ယာမြေအငြင်းပွါးမှုများအပေါ် သက်ဆိုင်ရာဌာနအဆင့်ဆင့်မှ စနစ်တကျ တရားမျှတစွာ ဖြေရှင်းပေးရန် ဆက်လက်တိုက်တွန်းသွဦးမည်ဖြစ်ပါသည်။
၆။ ကော်မတီမှ ကွင်းဆင်းကြားနာပွဲများကျင်းပပြုလုပ်ရန် သွားရောက်ရာတွင် သွားရောက် ခဲ့ပြီးသည့်ကြားနာပွဲများအပေါ် အခြေခံသင်ခန်းစာယူ၍ ထိရောက်သောကြားနာပွဲများဖြစ်စေရန်နှင့် သဘောထားမှတ်ချက်များအား အမြန်ပေးပို့နိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ပါသည်။ ဆက်လက် ဆောင်ရွက်ရာတွင် အောက်ပါအချက်များကိုလည်း လွှတ်တော်ဥက္ကဋ္ဌနှင့်ညှိနှိုင်းဆောင်ရွက် သင့်သည်ဟုသုံးသပ်ရရှိပါသည် –
(က) မြို့နယ်တစ်မြို့နယ်အတွင်းမှ ကော်မတီသို့လိပ်မူ၍တိုင်ကြားလာသော တိုင်ကြားစာ (၁၀)စောင် လက်ခံရရှိသည်နှင့် ၎င်းမြို့နယ်သို့ ၎င်းကော်မတီရုံးခန်း၌ ၎င်းကြားနာပွဲ များအမြန်ကျင်းပရန်နှင့် လွှတ်တော်ဥက္ကဋ္ဌသို့ ပြန်လည်တင်ပြရန်ဆောင်ရွက်ပါက ယခုထက်ပိုမိုချောမွေ့မြန်ဆန်စွာဆောင်ရွက်နိုင်မည်ဟု သုံးသပ်ရရှိပါသည်။
(ခ) လွှတ်တော်ဥက္ကဋ္ဌမှ တိုင်ကြားစာများအား ဖတ်ရှုပြီး ကော်မတီ၏သဘောထား မှတ်ချက်ပေးပို့စေလိုသည့် တိုင်ကြားစာများနှင့်ပတ်သက်၍ တိုက်ရိုက်တာဝန်ပေး ဆောင်ရွက်သင့်သည်ဟု သုံးသပ်ရရှိပါသည်။(ဥပမာအားဖြင့် လွှတ်တော်ဥက္ကဋ္ဌမှ ဖတ်ရှုပြီးစာများတွင် ကော်မတီမှဆောင်ရွက်ရန် အချိန်ကာလသတ်မှတ်၍ ညွှန်ကြားချက် ရေးသားတာဝန်ပေးအပ်စေလိုခြင်းဖြစ်ပါသည်။)
(ဂ) အရေးကြီးဆောင်ရွက်သင့်သည့်အကျင့်ပျက် ခြစားမှုဆိုင်ရာတိုင်ကြားစာများ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အဂတိလိုက်စားမှုနှင့် ပတ်သက်သော တိုင်ကြားစာများ၊ တရားစီရင်ရေးဆိုင်ရာနစ်နာမှုများနှင့်ပတ်သက်သော တိုင်ကြားစာ များကို ဖြေရှင်းရသည့်အခါ လွှတ်တော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်၏သမာသမတ်ကျ မှုကို အားကောင်းစေရေးအတွက် ကော်မတီအတွင်း၌ ဥပဒေအထောက်အကူဆိုင်ရာ အဖွဲ့ငယ်တစ်ဖွဲ့ ထပ်မံဖွဲ့စည်းရန် လိုအပ်သည်ဟုသုံးသပ်ရရှိပါသည်။ ထိုအဖွဲ့ငယ်မှ လိုအပ်လာသောဥပဒေအကြံဉာဏ်များကို ရရှိနိုင်ရေးအတွက် ဥပဒေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး သဘောထားမှတ်ချက်ရယူနိုင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်နှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်သည်ဟုလည်းသုံးသပ်ရရှိပါသည်။
မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပြုချက်
၇။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား လိပ်မူပေးပို့ထားသောတိုင်ကြားစာများ(မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအပါအဝင် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီသို့ မိတ္တူပေးပို့လာသောတိုင်ကြားစာများ)နှင့် ပတ်သက်၍မည်သို့ဖြေရှင်းထားကြောင်းကို အစိုးရအဖွဲ့မှ လွှတ်တော်သို့ ပြန်လည်အကြောင်းကြားပေးသင့်ကြောင်းအကြံပြုလိုပါသည်။
၈။ မကွေးတိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား လိပ်မူခြင်း၊ မိတ္တူပေးပို့ ခြင်းပြုလုပ်၍ တိုင်ကြားထားသောစာများတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကိုတိုင်ကြား သည့်စာများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှဖြစ်စေ အထူးတာဝန်ပေးသောအဖွဲ့များ မှဖြစ်စေ ခုံဖွဲ့၍စစ်ဆေးပြီး လိုအပ်သလိုအရေးယူဆောင်ရွက်ခြင်းမျိုးပြုလုပ်သင့်ပါသည်။ ထို့အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအပေါ် တိုင်ကြားထားသောစာများနှင့် ပတ်သက်၍လည်း အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေးပါရန်လည်း ကော်မတီအနေဖြင့် အထူးတိုက်တွန်းအကြံပြုလိုပါ သည်။
၉။ အထူးတိုက်တွန်းလိုသည်မှာ လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် လယ်ယာမြေအငြင်းပွါးမှု ဆိုင်ရာ မကွေးတိုင်း တစ်တိုင်းလုံးမှပေးပို့လာသောတိုင်စာများနှင့် ပတ်သက်၍ဖွဲ့စည်းပြီးဖြစ်သော လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစိစစ်ဆောင်ရွက်ရေးကော်မတီအဆင့်ဆင့်မှ ယခု ထက်ပို၍ စနစ်တကျတရားမျှတစွာဆောင်ရွက်သွားနိုင်ရန်နှင့် ဆောင်ရွက်ပြီးအခြေအနေများအား ကာယကံရှင်များနှင့် အများပြည်သူသိရှိနိုင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံညွှန်ကြားမှု ပြုလုပ်ပေးသင့်ကြောင်း လွှတ်တော်မှတစ်ဆင့်လေးစားစွာ အကြံပြုတိုက်တွန်းလိုပါသည်။
၁၀။ ဝန်ထမ်းများအကျင့်ပျက်ခြစားမှုများနှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား လိပ်မူ၍ တိုင်တန်းထားသော တိုင်ကြားစာများနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ထားသည်ကို ပွင့်လင်းမြင်သာစွာသိရှိလိုသည့် ပြည်သူများအား ပြန်လည်အစီရင်ခံနိုင်စေရန်အတွက် ဤကော်မတီသို့ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အသိပေး အကြောင်းကြားပေးပါရန် လေးစားစွာတိုက်တွန်းလိုပါသည်။
၁၁။ ရွှေစက်တော်ဂေါပကစည်းမျဉ်းအသစ်ရေးဆွဲရာတွင် ကော်မတီဝင်များ၏အကြံဉာဏ်၊ သဘောတူညီချက်များကိုရယူ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ထံ ဤကော်မတီ၏ဥက္ကဋ္ဌမှ အကြံပြုတင်ပြထားသော စည်းမျဉ်းများအား အလေးထားထည့်သွင်းရေးဆွဲပေးပါရန်လည်း အကြံပြုတိုက်တွန်းလိုပါသည်။
၁၂။ မြေအသုံးချမှုစာရင်းနှင့် မြေပြင်ပကတိစာရင်းများကိုက်ညီရေးအတွက် ဆက်လက်၍ အကြံပြုတိုက်တွန်းလိုပါသည်။ သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေများအတွင်း ကာကွယ်တောများထပ်မံဖွဲ့စည်းသည့်အခါ ၎င်းကာကွယ်တောများအတွင်း မြေတိုင်း ဦးစီးဌာန ၁၈၉၁-၁၈၉၂ မူလတိုင်း ကွင်းအဖွဲ့တိုင်းတာသတ်မှတ်ထားခဲ့သည့် တောင်သူလုပ်ကွက် များချန်လှပ်ထားရှိရမည်ဟု အဆိုပြုကာကွယ်တောဖွဲ့စည်းသည့်လုပ်ထုံးလုပ်နည်းတွင် ဖော်ပြထား သည်ကိုသိရှိရပါသည်။ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေ ဘေးမဲ့တော များအတွင်း ကာကွယ်တောများထပ်မံဖွဲ့စည်းခြင်းကို တွေ့ရှိရပါသည်။ ထိုသို့သတ်မှတ်ရာတွင် မူလအတိုင်း ကွင်းဖွဲ့တိုင်းတာသတ်မှတ်ခဲ့သော တောင်သူလုပ်ကွက်များကို ချန်လှပ်သတ်မှတ် သင့်သည်ဟု ကော်မတီမှယူဆပါသည်။ထိုသို့ ကာကွယ်တောအဖြစ်သတ်မှတ်ထားသော ဧရိယာများ အတွင်း တောင်သူလုပ်ကွက်များ(စိုက်ပျိုးမြေများ)ကျရောက်နေခြင်းသည် လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန မြေပုံရေးဆွဲရာတွင်လုပ်ထုံးလုပ်နည်းအခက်အခဲများကို ကြုံတွေ့စေ သကဲ့သို့ မြေအသုံးချမှုစာရင်းနှင့်မြေပြင်ပကတိရှိစာရင်းများကိုက်ညီရေးအတွက် အခက်အခဲများစွာ ကိုဖြစ်စေပါသည်။ အဓိပ္ပါယ်မှာမူ လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာန မြေအသုံးချမှု စာရင်းအရ တောရိုင်းမြေ၊ တောင်သူလယ်ယာလုပ်စားမြေ၊ ကွင်းအဖွဲ့တိုင်းတာပြီးကွင်းများသည် ကာကွယ်တောများသတ်မှတ်ရာတွင်ပါဝင်နေခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့ဖြစ်ခြင်းကြောင့် မြေစာရင်းမြေပုံမှန်ကန်စေရေးအတွက် အခက်အခဲဖြစ်ခြင်း၊ မြေပြင်အခြေအနေတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊သစ်ပင်သစ်တောထိန်းသိမ်းရေးအကျိုးစီးပွါးနှင့် ပြည်သူတို့၏လယ်ယာ လုပ်စားမြေလုပ်ကိုင်ခွင့်ရရှိရေးအကျိုးစီးပွါးကို ယှဉ်ထိုးစဉ်းစားရသကဲ့သို့ဖြစ်လျက် ရှိနေပါသည်။
၁၃။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီးအတွင်း သဘာဝထိန်းသိမ်းရေးနယ်မြေ ဘေးမဲ့တောများမှ ကာကွယ်တောများထပ်မံဖွဲ့စည်းရာတွင် မူလအတိုင်း ကွင်းဖွဲ့တိုင်းတာဆောင်ရွက်ခဲ့ပြီးသော တောင်သူလုပ်ကွက်များကို ချန်လှပ်သတ်မှတ်ခြင်းဖြစ်စေ၊ သဘာဝထိန်းသိမ်းရေးနယ်မြေမှ ကာကွယ်တောများကို ပယ်ဖျက်ပေးခြင်းဖြစ်စေဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါသည်။ (ဥပမာ ၁၉၄၀ခုနှစ်တွင် ရွှေစက်တော်သဘာဝထိန်းသိမ်းနယ်မြေဘေးမဲ့တောအတွင်း ၁၉၆၇-၆၈ ခုနှစ်တွင် ရွှေစက်တော်ကြီးကန်ကာကွယ်တော၊ မြို့စဖိုကာကွယ်တောများဖွဲ့စည်းခဲ့ရာတွင် မူလအတိုင်း ကွင်းဖွဲ့တိုင်းတာဆောင်ရွက်ခဲ့ပြီးသော တောင်သူလုပ်ကွက်များပါဝင်နေသည်ကို တွေ့ရှိ ရပါသည်။ ထိုတောင်သူလုပ်ကွက်များအတွင်းမှ မြို့စဖိုကာကွယ်တောတွင် တပ်ဝါမြေ(၁၀၇၂၂)ဧက၊ ရွှေစက်တော်ကြီးကန်ကာကွယ်တောတွင်(၃၆၉၀)ဧက၊ စုစုပေါင်း(၁၄၄၁၂)ဧကအား သစ်တော ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး၏(၁၂.၇.၂၀၁၀)နေ့စွဲပါအမိန့်ကြော်ငြာစာအမှတ်(၉၆/၂၀၁၀)ဖြင့် တပ်မတော်ဝါအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေမှ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေအဖြစ် ပယ်ချက်ပေးခဲ့ခြင်းမရှိသည်ကို ထင်ရှားစွာတွေ့ရပါသည်။)
၁၄။ သို့ဖြစ်ပါ၍ အထက်ပါကဲ့သို့ အလားသဏ္ဍာန်တူညီသောဖြစ်စဉ်များနှင့် ပတ်သက်၍ အကြံပြု လိုသည်မှာ မူလအတိုင်း ကွင်းဖွဲ့တိုင်းတာပြီးခဲ့သောတောင်သူများ၏ လုပ်ကွက်များကို ကာကွယ် တောများဖွဲ့စည်းရာတွင်ချန်လှပ်သတ်မှတ်ခြင်းဖြစ်စေ၊ သဘာဝထိန်းသိမ်းရေးနယ်မြေမှ ပယ်ဖျက် ပေးခြင်းဖြစ်စေဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ သို့မှသာ မူလအတိုင်း ကွင်းဖွဲ့တိုင်းတာဆောင်ရွက် ပြီးခဲ့သည့်တောင်သူလုပ်ကွက်များမှ တောင်သူများအား ပုံစံ(၇)ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်ဟု ကော်မတီမှယူဆပါသည်။ တောင်သူများ ပုံစံ(၇)ရရှိရေးသည် လယ်ယာမြေဖွံ့ဖြိုးတိုးတက်မှုကဏ္ဍအတွက် အကျိုးသက်ရောက်သည့် လုပ်ငန်းစဉ်လည်းဖြစ်သည် ဟု ကော်မတီမှယုံကြည်ပါသည်။ အထက်ပါတင်ပြချက်များသည် မြေအသုံးချမှုစာရင်းနှင့် မြေပြငပကတိစာရင်းများကိုက်ညီရေးအတွက် အထောက်အကူဖြစ်စေရန်နှင့် တောင်သူလယ်သမား များ၏လူနေမှုဘဝကို မြှင့်တင်ပေးရာရောက်စေရန်အတွက် ရည်ရွယ်ကာ အကြံပြုတိုက်တွန်းခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုအကြံပြုချက်အမှတ်စဉ်(၁၄)အပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလေးထားဆောင်ရွက်ပေးသင့်ကြောင်း လေးစားစွာတိုက်တွန်းအပ်ပါသည်။
ကော်မတီမှ ဆက်လက်ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များ
၁၅။ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်ကြားလာသောစာများနှင့်ပတ်သက်၍ ပုံမှန် ဆောင်ရွက်လျက်ရှိသောနည်းလမ်းများအပြင်သုံးသပ်ချက်တွင်ဖော်ပြထားသောနည်းလမ်းများအား လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ရရှိပါက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။
၁၆။ ကော်မတီအား လွှတ်တော်မှပေးအပ်ထားသောကော်မတီတာဝန်များ(အပိုဒ် က၊ ခ၊ ဂ)အရ တရားစီရင်ရေးနှင့် ပတ်သက်၍ တရားဥပဒေစိုးမိုးရေးကို အလေးထားကာ ညှိနှိုင်းဆောင်ရွက်ပေး သွားနိုင်စေရန် ဦးတည်လျက် မကွေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများသို့ ကော်မတီအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဦးတည်ရည်ရွယ်၍ သွားရောက်လေ့လာမှုများပြုလုပ်၍ လွှတ်တော်ဥက္ကဋ္ဌ သို့ ပြန်လည်အစီရင်ခံသွားမည်ဖြစ်ပါသည်။
နိဂုံးချုပ်
၁၇။ မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ ပြည်သူတို့၏ တိုင်ကြားစာနှင့်ပတ်သက်၍ ကော်မတီ အနေဖြင့် လွှတ်တော်၏မူလတာဝန်ဖြစ်သော ဥပဒေပြုခြင်း၊ အစိုးရအားစောင့်ကြည့်လေ့လာ ထိန်းညှိခြင်း၊ ပြည်သူကိုကိုယ်စားပြုခြင်းစသည့်အခြေခံတာဝန်(၃)ချက်အပေါ်တွင် တစိုက်မတ်မတ် ရပ်တည်ကာ ပြည်သူတို့မှတိုင်ကြားလာသည့် ပြဿနာအရပ်ရပ်အားလွှတ်တော် စဉ်းစားနည်း အတိုင်းစဉ်းစား၍ ကော်မတီသို့ပေးအပ်ထားသောတာဝန်များ လုပ်ပိုင်ခွင့်များနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီးလွှတ်တော်တရားစီရင် ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီအနေဖြင့် တရားဥပဒေစိုးမိုးမှုရှိရေးမှသည် ပြည်သူတို့၏ဘဝ လွတ်လပ်လုံခြုံမှုရှိလာစေရေးတို့အတွက် ဦးတည်ကာ ကော်မတီ၏လုပ်ငန်းစဉ်မှန်သမျှကို တရားမျှတစွာ ဆောင်ရွက်လုပ်ကိုင်သွားမည် ဖြစ်ပါသည်။
(၂၃.၉.၂၀၁၆)ရက်နေ့တွင် ကျင်းပသော ကော်မတီအစည်းအဝေး သဘောတူညီချက်အရ)
ဥက္ကဋ္ဌ
တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ
အသနားခံစာများစိစစ်ဆောင်ရွက်ရေးကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်