မကွေးတိုင်းဒေသကြီးလွှတ်တော်၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကော်မတီသည် ဂန့်ဂေါခရိုင်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်းစိစစ်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာ
ဒုတိယအကြိမ်အစီရင်ခံစာများရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်
နိဒါန်း
၁။ မကွေးတိုင်းဒေသကြီးလွှတ်တော် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီသည် ကော်မတီ၏လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများအရ (၂၅.၇.၂၀၁၆)ရက်နေ့မှ (၂၉.၇.၂၀၁၆)ရက်နေ့အထိ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ကော်မတီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၅)ဦးဖြင့် သွားရောက် လေ့လာစောင့်ကြည့် စိစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ရည်ရွယ်ချက်
၂။ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီသည် မကွေးတိုင်းဒေသကြီး အတွင်း ကော်မတီနှင့်ပတ်သက်၍ တာဝန်ပေးအပ်ထားသည့်အတိုင်း လုပ်ငန်းများအောင်မြင်စွာအကောင် အထည် ဖော်ဆောင်ရွက်ရန် ရည်ရွယ်ပါသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များ
၃။ အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည် –
(က) ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် (၂၅.၇.၂၀၁၆)ရက်နေ့ညနေပိုင်းတွင် ဂန့်ဂေါမြို့၊ ပြာပုံတောင်ရှိ မြစ်သာသစ်ဆိပ်သို့ သွားရောက်လေ့လာခဲ့ရာတွင် တရားမဝင်မှောင်ခိုသစ်များ ဖမ်းဆီးရရှိမှု မူလစီမံကိန်းအရထုတ်လုပ်ထားသည့် ကျွန်းနှင့်သစ်မာများ ဌာနမှငြင်းပယ် ထားသော လေလံသစ်များကို လေ့လာတွေ့ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် သိရှိလိုသည်များကို မေးမြန်းခဲ့ပါသည်။
( ခ ) (၂၆.၇.၂၀၁၆)ရက်နေ့တွင် ကော်မတီအဖွဲ့သည် ဂန့်ဂေါမြို့ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ကော်မတီနှင့်သက်ဆိုင်သောကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ဂန့်ဂေါ မြို့နယ်အတွင်းရှိ ဒေသခံများနှင့် ဒေသခံများမဟုတ်သော ပုဂ္ဂလိကကျွန်းစိုက်ခင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ တစ်ဦးချင်းရယူထားသော စိုက်ဧကများအလိုက် အမှန်တကယ် စိုက်ပျိုးထားခြင်းရှိ/မရှိကွင်းဆင်းကြည့်ရှုလေ့လာ ခဲ့ပါသည်။ ညနေပိုင်းတွင် ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံသို့ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကော်မတီမှ သိရှိလိုသည်များကို မေးမြန်းလေ့လာခဲ့ပါသည်။ မြစ်သာရေအားလျှပ်စစ် စီမံကိန်းနှင့်ပတ်သက်၍လည်း တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓါတ်အားများ စတင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရှိခဲ့ရပါသည်။
( ဂ) (၂၇.၇.၂၀၁၆)ရက်နေ့တွင် ကော်မတီနှင့်သက်ဆိုင်သော ထီးလင်းမြို့ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထီးလင်းမြို့အနီးရှိ မောချောင်းနှင့် အခြားသောချောင်းများတွင် ချောင်းရေကိုတားဆီး၍ အသေးစားတမံထုတ်ပြီး စပါးစိုက်ခင်းများသို့ ရေသွင်းယူ စိုက်ပျိုးနည်းစနစ်တစ်မျိုးကို လေ့လာတွေ့ရှိခဲ့ရပါသည်။ ဤသို့ တမံတုတ်ရန်အတွက် နှစ်စဉ် သစ်ဝါးများမြောက်များစွာအသုံးပြုရခြင်း၊ တစ်နှစ်လျှင်တမံတုတ်ခြင်းကို (၂)ကြိမ်ပြုလုပ်ရသဖြင့် သစ်ဝါးများပြုန်းတီးကာ သဘာဝပတ်ဝန်းကျင်ထိခိုက်လျက်ရှိနေသည်ကိုတွေ့ရှိရ ပါသည်။ ထို့နောက် ထီးလင်းမြို့နယ် ကျားခဲကျေးရွာရှိ ပယင်းကျောက်များ တရားမဝင် ထုတ်လုပ်နေမှုများကို သွားရောက်စစ်ဆေးရာတွင် သဘာဝတောတောင်များ ထိခိုက်ပျက်စီး မှုများကို တွေ့ရှိခဲ့ရပါသည်။
(ဃ) (၂၈.၇.၂၀၁၆)ရက်နေ့တွင် ဆောမြို့နယ်နှင့်ကျောက်ထုမြို့တို့မှ ကော်မတီနှင့်သက်ဆိုင်သည့် တာဝန်ရှိဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဒေသအခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။ ဆောမြို့နယ်ရှိ လျှပ်စစ်ဓါတ်အား သွယ်တန်းထားမှုအခြေအနေနှင့် သစ်တောစိုက်ခင်းများကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ ဆောမြို့နယ်အတွင်း ရေနံတွင်းတိမ် လက်ယက်တွင်းများ တူးဖော်နေမှုများ၊ ကျောက်မီးသွေးတူးဖော်ထုတ်လုပ်နေမှုများ တွေ့ရှိရပါသည်။
( င ) (၂၉.၇.၂၀၁၆)ရက်နေ့တွင် ပခုက္ကူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE မှ တာဝန်ရှိသူများ၊ မြန်မာ့လျှပ်စစ် ဓါတ်အားပေးရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုနောက် ဆိက္ခဝအုပ်စု၊ ရေနံချပ်ကျေးရွာ၊ အရာတော် ကျေးရွာများရှိ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ တရားမဝင်တူးဖော်ထုတ်လုပ်ခြင်းများကို တွေ့ရှိရပါသည်။
ကွင်းဆင်းစစ်ဆေးတွေ့ရှိမှုအပေါ် လေ့လာသုံးသပ်ချက်များ
၄။ အောက်ပါအတိုင်း သုံးသပ်ရရှိပါသည် –
(က) ကော်မတီနှင့် သက်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် တရားမဝင်သစ်များ ခိုးထုတ်မှုဖမ်းဆီးရာ၌ သိမ်းဆည်းရမိသောသစ်များကို မြို့ပေါ်ရှိဌာနသို့ ပေးပို့နိုင်ရေး အတွက် အသုံးပြုသောကုန်ကျစရိတ် (သစ်များတင်ခြင်း၊ ချခြင်း၊ သယ်ယူခြင်းများ)အတွက် အစိုးရမှ သုံးစွဲခွင့်ပြုငွေစရိတ်သည် များစွာနည်းပါးကွာခြား ခြင်းကြောင့် ဝေးလံသော နေရာရှိ ဖမ်းဆီးသစ်များ သယ်ယူပို့ဆောင်ရန် အခက်အခဲများ ကြုံတွေ့နေခြင်း၊ တရားဝင် သစ်များရောင်းချနိုင်ခြင်းမရှိခြင်းကြောင့် တရားမဝင်သစ်များ ရောင်းချခြင်းများဖြစ်တည် နေခြင်း၊
( ခ ) ထီးလင်းမြို့နယ်အတွင်းရှိ ပယင်းထွက်ရှိရာဒေသများတွင် စိုက်ပျိုးရေးနှင့် အခြား အသက် မွေးဝမ်းကြောင်းပြုရန်လုပ်ငန်းများလျော့ပါးခြင်းကြောင့် တရားမဝင် ပယင်းကျောက်များတူးဖော် နေခြင်း၊
( ဂ ) ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် တစ်နေ့လျှင်(၂)နာရီခန့်သာ လျှပ်စစ်မီးသုံးစွဲနိုင်ခွင့် ရှိနေခြင်း၊
(ဃ) ဂန့်ဂေါခရိုင်အတွင်းရှိ ချောင်းများကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် သစ်ဝါးများကို အသုံးပြုပြီး ယာယီတမံတုတ်ကာ ရေသွင်းစပါးစိုက်ပျိုးလုပ်ကိုင်နေခြင်း စသည်တို့ကို လေ့လာသုံးသပ် တွေ့ရှိရပါသည်။
ကော်မတီအကြံပြုချက်များ
၅။ (က) သစ်တောဦးစီးဌာနမှ တရားမဝင်သစ်များ သယ်ယူပို့ဆောင်ရေးအတွက် အမှန်တကယ်
ကုန်ကျစရိတ်များအား အစိုးရမှ ပြန်လည်စိစစ်ပေးအပ်ချထားပေးရန်၊
( ခ ) ပယင်းကျောက်ထွက်ရှိရာဒေသများတွင် သဘာဝပတ်ဝန်းကျင်မပျက်စီးစေရေး၊ ဒေသခံ တောင်သူများ၊ ပြည်သူလူထုစားဝတ်နေရေးအတွက် အခက်အခဲမဖြစ်စေရန် တရားဝင် တူးဖော်ခွင့်လိုင်စင်များ အမြန်ဆုံးချထားပေးရေးနှင့် စိုက်ပျိုးမြေများ ချဲ့ထွင်နိုင်ရေး အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ရန်၊
( ဂ ) ထီးလင်းမြို့နယ်နှင့်ဆောမြို့နယ်တို့အား (၂၄)နာရီ လျှပ်စစ်မီးလင်းရေး အမြန်ဆုံး ဆောင်ရွက်ရန်၊
(ဃ) ဂန့်ဂေါခရိုင်အတွင်းရှိ ချောင်းများကို ယာယီတမံတည်ဆောက်ပြီး စိုက်ပျိုးရေရရှိနေမှု စနစ်အစား ခေတ်မီရေတမံ၊ ရေလွှဲဆည်များကို နိုင်ငံတော်အစိုးရမှ တာဝန်ယူ တည်ဆောက်ပေးရန်၊
( င ) ပခုက္ကူမြို့နယ်ရှိ ဆိက္ခဝကျေးရွာအုပ်စုအတွင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းများအား ဥပဒေနှင့်အညီ တူးဖော်ထုတ်လုပ်နိုင်စေရေး အမြန်ဆုံးဆောင်ရွက်ရန်၊
( စ ) နိုင်ငံတော် အခွန်အခများ အမြန်ဆုံးရရှိစေရေးအတွက် ပယင်းကျောက် တူးဖော်မှု လုပ်ကွက်လျှောက်ထားရာတွင် မလိုလားအပ်သော အချိန်ကြန့်ကြာနေမှုများမရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အထူးဦးစားပေးဆောင်ရွက်ပေးရေးတို့ဖြစ်ပါသည်။
နိဂုံး
၆။ သို့ဖြစ်ပါ၍ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီသည် ကော်မတီ၏ စစ်ဆေးတွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်၊ အကြံပြုချက်များကို လိုအပ်သလို ဆောင်ရွက် နိုင်ပါရန် ပေးပို့တင်ပြအပ်ပါသည်။
ဥက္ကဋ္ဌ
သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊
လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကော်မတီ
မကွေးတိုင်းဒေသကြီးလွှတ်တော်